ငယ်သူတို့သဘာဝ ချိန်းတွေ့ရာမှ မသမာသူတို့၏ ရိုက်နှက်ခြင်းခံရ



ပျဉ်းမနား မေ ၂၈

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်တွင် ရည်ငံနေသူနှစ်ဦး အလုပ်မှအပြန် ညအခါ ချိန်းတွေ့စကားပြောနေစဉ် ရိုက်နှက်၍ ပစ္စည်းများ လုယူသူကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်အရှေ့ဘက်သနပ် ပင်ဆိပ်ကျေးရွာ (အနောက်)နေ မောင်ရန်နိုင်ထွန်း (၂၂ နှစ်)နှင့် သနပ်ပင် ဆိပ်ကျေးရွာ(အရှေ့) နေ မမိုးမိုးကျော်(၂၂ နှစ်) တို့သည် ဧပြီ ၂၈ ရက် ည ၁၁ နာရီက အလုပ်မှအပြန် ကျီးအင်းကျေးရွာ ကျီးအင်းလမ်းဆုံအနီး မြို့ရှောင်လမ်းဘေးတွင် စကားပြောနေစဉ် လူနှစ်ဦး ရောက်ရှိလာပြီး ၄င်းတို့ကို ဓာတ်မီးများဖြင့်ထိုး၍ ရန်နိုင်ထွန်းကိုတုတ်ဖြင့်ရိုက်နှက်မောင်းထုတ်ခဲ့ ကြောင်း၊ ထို့နောက် မမိုးမိုးကျော်ကို လယ်ကွင်းထဲသို့ခေါ်ဆောင်သွားကာ ဝတ်ဆင်ထားသော ရွှေအလေးချိန် တစ်ကျပ်သားခန့်ရှိ လက်ကောက်နှစ်ကွင်း၊ လက်ကိုင်ဖုန်းတစ်လုံး၊ ရန်နိုင်ထွန်းကိုင်ဆောင်ထားသော လက်ကိုင်ဖုန်းတစ်လုံး တို့ကို ယူဆောင်သွားသည့်အပြင် မမိုးမိုးကျော်အား ရိုက်နှက်သဖြင့်ဒဏ်ရာ များရရှိသွားခဲ့သည်။

ထိုစဉ် လယ်ကွင်းအတွင်း ထွန်စက်နှစ်စီး မောင်းလာကြောင်း သိရသဖြင့် ၄င်းတို့နှစ်ဦး ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ယင်းဖြစ်စဉ်အား အရေးယူ ပေးပါရန် ပျဉ်းမနားမြို့မရဲစခန်းသို့ တိုင်တန်းခဲ့သည်။ ပျဉ်းမနား မြို့မရဲစခန်း က ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် မမိုးမိုးကျော်ကို အသေးစိတ် စစ်ဆေးမေးမြန်းရာ အခင်းဖြစ်ညက ပြစ်မှုကျူးလွန်သူနှစ်ဦးတွင် ခွေးသုံးကောင်ပါကြောင်း၊ ပြစ်မှုကျူးလွန်သူနှစ်ဦးအနက် တစ်ဦးမှာ ခေါင်း စည်း ဓာတ်မီးနှင့်ဖြစ်ပြီး လွယ်အိတ်လွယ်ထားကြောင်း ပြောပြသည်။

ဧပြီ ၂၉ ရက်က နယ်ထိန်းခေါင်းဆောင်ရဲအုပ်မင်းကိုထွေးနှင့် အဖွဲ့သည် တရားလို မမိုးမိုးကျော်၊ သက်သေရန်နိုင်ထွန်းတို့နှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ တရားလို၏ပြောကြားချက်အရ ညအချိန် လယ်ကွင်းများကြားတွင် ကြွက်များ၊ ကြောင်များအား လိုက်လံရှာဖွေခြင်းအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုကြသူများ ဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိရသဖြင့် အနီးဝန်းကျင်ရွာ များအား စုံစမ်းထောက်လှမ်းစဉ် အခင်းဖြစ်ညက ပျဉ်းမနားမြို့ တာတိုင်ကုန်းရွာ အရက်ဆိုင်တစ်ဆိုင်တွင် မသင်္ကာဖွယ်အနေအထားဖြင့် နတ်သူရဲကျေးရွာမှ လူနှစ်ဦးအရက်လာသောက်ကြောင်း သိရသည်။

တာတိုင်ကုန်းကျေးရွာနေ ချက်ဖောင်းနှင့်ကျော်ဆင့်တို့သည် ယင်းရွာရှိ ဦးကျော်မောင် အရက်ဆိုင်တွင် အရက်သောက်ခဲ့ကြောင်း၊ ကျော်ဆင့်တွင်သွေး များပေနေသဖြင့် ရေဆေးရန် ဦးကျော်မောင်က ရေခပ်ပေးလိုက်ရသေးကြောင်း၊ ၄င်းတို့နှစ်ဦးစလုံးတွင် ဓားကိုယ်စီ၊ ဓာတ်မီးကိုယ်စီ၊ လွယ်အိတ်ကိုယ်စီပါကြောင်း၊ ခွေးတစ်ကောင် လည်းပါကြောင်း ဆိုင်ရှင်က ပြောပြသဖြင့် ချက်ဖောင်း(ခ)လှမျိုး၏နေအိမ်သို့ မေ ၂၃ ရက်က သွားရောက်ဖမ်းဆီးခဲ့ရာတွင် ချက်ဖောင်း(ခ)လှမျိုး (၁၈ နှစ်)ကို လက်ရဖမ်းဆီးရမိသည်။

စစ်မေးရာတွင် ၄င်းက အခင်းဖြစ် ညက ကျီအင်းလမ်းဆုံအနီးတွင်တွေ့ရသော သမီးရည်းစားအတွဲ တစ်တွဲထံမှ ပစ္စည်းများ လုခဲ့သည်မှာ မှန်ကန်ကြောင်း ထွက်ဆိုခဲ့သည်။

ထို့နောက် ကျော်ဆင့်နေအိမ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဝင်ရောက် ဖမ်းဆီးရာတွင် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည့်အတွက် ၄င်း၏အိမ်ရာအား ဝင်ရောက်ရှာဖွေရာ ပြစ်မှုကျူးလွန်ရာတွင် ကျော်ဆင့် အသုံးပြုခဲ့သော ပစ္စည်းများကို သိမ်းဆည်းရမိပြီး ထွက်ပြေးတိမ်းရှောင်နေသော ကျော်ဆင့်အား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

မင်းမင်းလတ်(မန်းတက္ကသိုလ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment