တသောင်းတန် ငွေစက္ကူအသစ် ထုတ်ဝေမည်


မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေစက္ကူ၏ လုံခြုံမှု အဆင့်အတန်း ပိုမိုမြင့်မားစေ၍ အရည်အသွေး ပိုမို ကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမို ရှည်ကြာစေရန်နှင့် အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင် နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ် ထားသည့် တစ်သောင်း ကျပ်တန် ငွေစက္ကူကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင် ထုတ်ဝေမည် ဖြစ်ပါသည်။

မူလ တစ်သောင်းကျပ်တန် ငွေစက္ကူ၏ မျက်နှာစာ ညာဘက် အောက်ထောင့်တွင် ရိုက်နှိပ် ထားသည့် ရိုးရိုးဂဏန်း ”၁၀၀၀၀” အစား တောက်ပသည့် မြစိမ်းရောင် ”၁၀၀၀၀” ဂဏန်းကို ပြောင်းလဲ ထားသည်။ ငွေစက္ကူကို အနေအထား ပြောင်းလဲ ကြည့်လျှင် ယင်းဂဏန်း၏ တောက်ပမှု အလင်းရောင်သည် အထက်အောက် ရွေ့လျား နေသည့်အပြင် ဂဏန်း၏ အရောင်သည် မြစိမ်းရောင်မှ အပြာရင့်ရောင်သို့ ပြောင်းလဲ နိုင်သည်။

တစ်သောင်းကျပ်တန် ငွေစက္ကူ မျက်နှာစာ၏ လက်ဝဲဘက် အပိုင်းတွင် ပုံစံသစ်ဖြင့် ပြုလုပ်ထားသည့် ကြာဖြူပွင့်ပုံ ရေစာပါရှိပြီး၊ ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့ရမည် ဖြစ်သည်။ ငွေစက္ကူကို ဖုံးအုပ် ကာကွယ် ထားသည့် ဗားနစ် (Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင် စွန်းထင်းနိုင်သည့် အရာများကြောင့် ငွေစက္ကူ အရည်အသွေး နိမ့်ကျ ပျက်စီးခြင်းကို ကာကွယ် စေသဖြင့် ငွေစက္ကူ၏ အသုံးပြုနိုင်မှု သက်တမ်းကို ပိုမို ရှည်ကြာ စေပါသည်။ ၎င်းအပြင် ငွေစက္ကူ၏ ရှေ့မျက်နှာစာ ဘယ်/ ညာ အစွန်းများတွင် ဖောင်းကြွ လိုင်းတိုများကို ထည့်သွင်း ထားပါသည်။ ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ် မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ပန်းခရမ်းရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲနိုင်ပါသည်။

ယခုထုတ်ဝေမည့် တစ်သောင်းကျပ်တန် ငွေစက္ကူမှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ မျက်နှာပြင် နှစ်ဘက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားခြင်းတို့မှ အပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် အရောင် သတ်မှတ်ချက်များသည် မူလ တစ်သောင်းကျပ်တန် ငွေစက္ကူ အတိုင်း ဖြစ်ပါသည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော တစ်သောင်း ကျပ်တန် ငွေစက္ကူများသည်လည်း တရားဝင်ငွေ အဖြစ် ဆက်လက် တည်ရှိမည် ဖြစ်ပါသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment