ကန်ထရိုက်တိုက်ခန်းများ ဈေးလျှော့ရောင်းချမှုရှိလာ


ကန်ထရိုက်တိုက်ခန်းများ အရောင်း အ၀ယ်ငြိမ်သက်လျက်ရှိရာမှ ယခုလပိုင်း အတွင်း ဈေးလျှော့ ရောင်းချမှုများရှိလာ ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ် ရာတွင် အိမ်ရှင်(မြေရှင်)နှင့် ကန်ထရိုက် တို့ တခြမ်းပေးတခြမ်းယူစနစ်ဖြင့် အကျိုးတူဆောက်လုပ်ခြင်းဖြစ်ပြီး သာကေတ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း စသည့် မြို့နယ်များတွင် ဆောက်လုပ်မှုများပြားကြောင်း သိရသည်။ ကန်ထရိုက်တိုက်ခန်းများ စတင်ဆောက်လုပ်စဉ်မှစ၍ တိုက်ခန်းဈေးနှုန်းသည် ကျပ်သိန်း ၉၀ ၀န်းကျင်ခန့်မှ ကျပ်သိန်း ၂၅၀ ခန့် အထိ မြင့်တက်ခဲ့ပြီး ထိုသို့ ဈေးနှုန်းအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ချိန်တွင် အရောင်းအ၀ယ် ဈေးကွက်သည်လည်း အမြင့်ဆုံးဈေးနှုန်းဖြင့်သာ ငြိမ်သက်ခဲ့သည်ဟု သိရသည်။

''ရပ်ကွက်ထဲက ကန်ထရိုက်တွေ စ၀င်လာတဲ့အချိန်တုန်းက တိုက်ခန်းဈေး တွေက သိန်း ၁၀၀ မကျော်သေးဘူး။ အဲဒီ ကာလမှာပဲ ငွေရှင်အခိျု့က တိုက်ခန်းတွေ ၀ယ်စုထား၊ ပြန်ရောင်းတော့ ဈေးပြန်မြှင့်ရောင်းနဲ့ အရောင်းအ၀ယ် ဖြစ်သွားတဲ့လူ တွေလည်း ရှိပါတယ်။ တဖက်မှာ ပြန် ကြည့်ပြန်တော့လည်း ဒီလူတချို့ကြောင့်ပဲ ဈေးတွေက မြင့်တက်လာရတာလို့ ပြော လို့ရတယ်။ တကယ်တမ်းနေမယ့်လူတွေ ကျတော့ ဈေးက မြင့်နေပြီ မတတ်နိုင်ကြ တော့ဘူး''ဟု တောင်ဥက္ကလာပမြို့နယ်မှ အကျိုးတော်ဆောင် ကိုမျိုးမြင့်က သုံးသပ် ပြပါသည်။

တိုက်ခန်းများမှာ ဈေးနှုန်းအမြင့်ပိုင်းဖြင့် အချိန်ကာလ ကြာရှည်စွာရှိခဲ့ရာမှ ပိုင်ရှင်အချို့သည် ထိုအခြေအနေကို ပြန်လည်ထိန်းညှိထားနိုင်မှုမရှိခြင်း၊ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်သစ် အသစ်ပြဋ္ဌာန်းသည့် ၀င်ငွေခွန်များနှင့် လာမည့် ရွေးကောက်ပွဲအလွန်ကာလများတွင် အိမ်ခြံမြေဈေးကွက် အပြောင်းအလဲဖြစ်စေနိုင်မည့် ဈေးနှုန်းဂယက်များကြောင့် ဈေးနှုန်း လျှော့ချ၍ ရောင်းချမှုများရှိလာကြောင်း သိရသည်။

''ပိုင်ရှင်အချို့ကျပြန်တော့ ဒီလို တိုက်ခန်းတွေ ၀ယ်ထားရတော့ အချိန်ကြာ လာတာနဲ့အမျှ အရောင်းအ၀ယ်ကလည်း မရှိသလောက် ငြိမ်နေတယ်။ ဘယ်လိုမှ ငွေအိပ်မခံနိုင်တော့လို့ ဈေးလျှော့ရောင်း လာတာတွေ ရှိလာတယ်။ ဟိုတနေ့ကတင် တိုက်ကပြီးတာကြာပြီ။ လူနေထိုင်ခွင့်တွေ ကျပြီးပြီ။ ဒါပေမဲ့ ဘယ်လိုမှ အရောင်းအ၀ယ်မဖြစ်တဲ့အဆုံး တတိယ ထပ်ကို အရင်က ၃၀၀ ခေါ်ထားတာကနေ တကယ်ဈေးဖြစ်သွားတော့ သိန်း ၂၇၀ နဲ့ ဖြစ်သွားတယ်''ဟု သင်္ဃန်းကျွန်းမြို့နယ် မှ ၀ယ်ရောင်းလုပ်ကိုင်နေသည့် ကိုကျော် မင်းက ပြောသည်။

၎င်းမြို့နယ်များရှိ တိုက်ခန်း အရောင်းအ၀ယ် ဖြစ်ပေါ်နေသော ပျမ်းမျှ ဈေးနှုန်းများမှာ မြေညီထပ် ကျပ်သိန်း ၅၅၀ ၀န်းကျင်မှ အထပ်အမြင့်ဆုံး ကျပ်သိန်း ၂၅၀ ၀န်းကျင်ခန့်အထိ ဈေးနှုန်းဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ်သစ်၌ အိမ်ခြံမြေ ရောင်းဝယ်မှုအပေါ် ကောက်ခံမည့် ၀င်ငွေ ခွန်နှုန်းထားများတွင် သိန်းတထောင်အထိ အရောင်းအ၀ယ်ပြုလုပ်ပါက ၀င်ငွေခွန် ၃ ရာခိုင်နှုန်း၊ သိန်းတထောင့်တကျပ် မှ သိန်း တသောင်းအထိ ၁၀ ရာခိုင်နှုန်း၊ သိန်း တသောင်းတကျပ် မှ သိန်းတသောင်းခွဲ အထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း တသောင်းခွဲတကျပ် မှ အထက်လျှင် ၃၀ ရာခိုင်နှုန်းတို့ကို အရောင်းအ၀ယ်ပြုလုပ်လျှင် ၀င်ငွေခွန်အဖြစ် ပေးဆောင်ရမည်ဟု သိရသည်။

မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment