ကြိုပွိုင့်တိုက်ခန်းဈေးကွက် ပျက်လုနီးပါး ဖြစ်နေ


 ကန်ထရိုက်လုပ်ငန်း ရှင်များနှင့် တိုက်ခန်း ၀ယ်ယူမှုများကြား ကြိုပွိုင့်တိုက်ခန်း ၀ယ်ယူ၊ ရောင်းချမှုတွင် ၁၈ နှစ်တာ ကာလအတွင်း ပြဿနာများစွာ ပြန်လည်ကြုံတွေ့ နေရကြောင်း ဆောက် လုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။

တိုက်ခန်းဝယ်ယူကာ ဈေးကစားသူများကြောင့် မြေပိုင်ရှင်များနှင့် ကန်ထရိုက်များကြား ၁၉၉၇ ခုနှစ်ကဲ့သို့ ကြိုပွိုင့်ပြဿနာများ တကျော့ပြန် ဖြစ်ပေါ်ခဲ့ကာ ယခုအခါ ကြိုပွိုင့်ဈေးကွက် ပျက်လုနီးပါးအခြေအနေနှင့် ထပ်မံကြုံတွေ့လာရကြောင်း၊ တိုက်ခန်း ၀ယ်ယူသူများအနေဖြင့်လည်း အရောင်းအ၀ယ်စာချုပ် စရန်ငွေအဖြစ် ၁၀ ရာခိုင်နှုန်းနှင့် ကန်ထရိုက်လုပ်ငန်းရှင်များအနေဖြင့်လည်း သတ်မှတ်ထားသည့်ကာလအတွင်း အဆောက်အဦ မတည်ဆောက်နိုင်ပါက စာချုပ်ပါလျော်ကြေးငွေကို ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။

''အသေးစား ကန်ထရိုက်အများစုက သူတို့မှာ ငွေကြေးတတ်နိုင်လွန်းလို့ လုပ်နေကြတာ မဟုတ်ပါဘူး။ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်နေကြတဲ့ သဘောပါ။ သူတို့တွေရဲ့ အာမခံကြေးက တလကို သိန်း ငါးရာရှိတယ်။ နောက်ပြီး တခြား အရင်းအနှီးတွေ ရှိသေးတယ်။ အဲလို အခြေအနေမျိုးမှာ သူတို့နေနဲ့က မြေကိုဝယ်ပြီး တိုက်ဆောက်မယ်။ ရလာတဲ့တိုက်ခန်းတွေကို ပြန်ရောင်းချနေရတဲ့ အင်အားမရှိပါဘူး။ ပုဂ္ဂလိကတဦးတည်းအနေနဲ့ တိုက်ခန်းဆောက်ဖို့ မြေရှင်နဲ့ ညှိရတယ်။ မြေပြန်ရတော့ အဆောက်အဦတည် ဆောက်ဖို့အတွက် လိုင်စင်ကြေးနဲ့ ဆောက်ခွင့်ကျဖို့အတွက် လုပ်ကိုင်ရတဲ့စရိတ်ကလည်း များတယ်။ သူ့မှာတတ်နိုင်တဲ့အင်အားနဲ့ မလုံလောက်တော့ ကြိုပွိုင့်တွေ ရောင်းရတယ်။ အဲ ပိုက်ဆံတွေနဲ့တခါ အဆောက်အဦဆောက်ရတော့ ခုလက်ရှိ ကြိုပွိုင့်ပြဿနာတက်နေတော့ ၀ယ်မယ့်သူတွေ ၀ယ်ဖို့ နည်းနည်း လန့်လာ ကြတယ်။ ကြိုပွိုင့်ရောင်းမထွက်တော့ ကန်ထရိုက်က မြေရှင်ကိုကြိုပေးရတဲ့ ငွေတွေဆုံးရှုံးနဲ့ ပြဿနာတွေ အမျိုးမျိုးဖြစ်နေကြပါတယ်။ ဒီပြဿနာတွေကြောင့် ကျွန်တော်တို့ဆီမှာဆိုရင်လည်း တိုက်ခန်းဝယ်ယူသူတွေအေးနေပြီး အငှားတွေပဲ ပိုများလာတာတွေ့ရတယ်''ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက သုံးသပ်ပြောကြားသည်။

ထို့ပြင် လက်ရှိတွင် မိုးတွင်းကာလဖြစ်သောကြောင့် အိမ်ခြံမြေတိုက်ခန်း အရောင်းအ၀ယ်အေးနေပြီး ပွင့်လင်းရာသီရောက်ရှိမှသာ အရောင်းအ၀ယ်ပုံမှန်ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေအသင်းမှ ပြောရေးဆိုခွင့်ရှိသူတဦး၏ ပြောပြချက်အရ သိရသည်။

(နွယ်ဇင်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment