RCSS/SSA ဘာကြောင့် စစ်သင်တန်းတွေပေးပြီး ၊ စစ်အင်အားတွေစုနေသလဲ


မေလ ၂၉ ရက် ၂၀၁၅

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီလို့ခေါ်တဲ့ သျှမ်းပြည်တပ် မတော်တောင်ပိုင်းကနေပြီး တပ်သားသစ်တွေစုဆောင်းနေတယ်ဆိုတဲ့ သတင်းတွေကတော့ ဒီရက်ပိုင်းတွေအတွင်း မီဒီယာ တွေမှာ တောက်ေ လျှာက်ဆိုသလို တက်လာနေပါတယ်။ သျှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ နမ့်စန်နဲ့ လွိုင်လင်မြို့နယ်တွေက ကျေးရွာတွေမှာ လူသစ်စုဆောင်းတာတွေလုပ်နေတဲ့ အတွက် ဒေသခံ တွေ ထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဧရာဝတီ ၊ RFA စတဲ့ သတင်းဌာနတွေက ဖော်ပြကြ ပါတယ်။

တပ်သားသစ်တွေစုဆောင်းတဲ့အတွက် ရွာလုံးကျွတ်ထွက်ပြေးတာတွေ လည်းရှိလည်းလို့ နမ့်စန် မြို့နယ် ပအိုဝ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး RFA သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

ဒီလိုသတင်းမျိုးတွေ ပြီးခဲ့တဲ့ ၂၀၁၅ နှစ်စပိုင်းတုန်းကလည်း ထွက်ခဲ့ဖူးပြီး မိုင်းကိုင်မြို့နယ်ဘက်မှာ RCSS /SSA က လူသစ်စုဆောင်းမှုကြောင့် ရွာလုံးကျွတ်ထွက်ပြေးတာတွေရှိခဲ့တယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြတာကိုလည်းတွေ့ဖူးပါတယ်။

သျှမ်းတိုင်းရင်းသား အင်အားစုတွေကတော့ ခုလို တပ်သားသစ်စုဆောင်း စစ်သင်တန်းပေးမှုတွေ က သျှမ်းပြည်နယ် နေရာအနှံ့မှာ ဖြစ်နေတာလို့ ဆိုပါတယ်။ RCSS/SSA တာဝန်ရှိသူအချို့ကတော့ သျှမ်းလူငယ်တိုင်းစစ် ပညာ တတ်ရမဲ့ ဆိုတဲ့ မူဝါဒကြောင့် စစ်သင်တန်းတွေပေးနေတာလို့ စာရေးသူကို ပြောကြပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတာ ကြည့်ရအောင်ပါ။

တကယ်တော့ RCSS/SSA ရဲ့နယ်မြေဟာလည်းဘဲ သျှမ်းပြည်နယ်မြေပုံ အတိုင်းကြည့် မယ်ဆိုရင် တောင်ကြီးအရှေ့ဘက်ကနေ ပင်လုံ အနောက် ဘက် နောက်ထပ် နမ့်စန်နယ်နားလောက်အထိ ပွန်ချောင်းကို ကျော်ပြီး နယ်မြေစိုးမိုးမှုတွေလုပ်နေတဲ့ ပအိုဝ်းအမျိုးသား ပြည်သူ့စစ် PNO/PNA ရဲ့ တပ်တွေရှိနေသလို ၊ ထိုင်းမြန်မာ နယ်စပ်တလျှောက် ကိုကြည့်မယ်ဆိုရင် လည်း တာချီလိတ် အောက်ပိုင်းကနေ သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်အထိ UWSA ၀ တပ်ဖွဲ့ရဲ့ တောင်ပိုင်းတပ် တွေနဲ့ RCSS / SSA တပ် တွေအကြား တဖွဲ့က ဒီတောင်ကြားမှာ တပ်ထိုင်ရင် နောက်တဖွဲ့က ဟိုဘက်တောင်ကြားဆိုပြီး တပ်တွေက တဘက်နဲ့ တဘက်ကပ်ပြီးနေကြ တာပါ။ တချို့နေရာတွေဆိုရင် ခြံစည်းရိုးခြင်းတောင်ကပ်နေပါတယ်။

ဝ တောင်ပိုင်းနယ်မြေကိစ္စကို ပြောရမယ်ဆိုရင် ဦးခွန်ဆာလက်ထက်ကို ပြန် သွားရမှာဖြစ်ပြီး မြေဆီသြဇာကောင်းပြီး ထိုင်းနယ်စပ်ထွက်ပေါက်ရှိတဲ့ သျှမ်းနယ်တွေကို တိုက်လို့နိုင်ရင် နိုင်သလောက်ယူဆိုပြီး ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက်က ခွင့်ပြုခဲ့တာကြောင့် ၀ တွေက အဲဒီနယ်တွေမှာ စတင်အခြေချခွင့်ရလာခဲ့တာပါ။ ၀ နဲ့ သျှမ်းလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေက ၁၉၉၃ လောက်ကနေ ၂၀၀၄ ၊ ၂၀၀၅ ခုနစ်လောက်အထိ ကို ဖြစ်ခဲ့ပြီး မိုင်းတုံ ၊ မိုင်းဆတ်မြို့နယ်တွေထဲ အရေးပါတဲ့ နယ်စပ်တောင်ကြားတွေ စခန်းတွေကို ၀ တပ်ဖွဲ့က ရရှိခဲ့ပါတယ်။

ဦးခွန်ဆာလက်ထက်တုန်းက ၀ ကိုတိုက်နိုင်ခဲ့ကြပေမဲ့ ဦးခွန်ဆာ အလင်း ၀င်ပြီး ၁၉၉၆ ခုနစ် နောက်ပိုင်း ပြန်ဖွဲ့တဲ့ ဦးယွက်စစ်ရဲ့ SURA တို့ RCSS/SSA တို့လက်ထက်မှာတော့ သျှမ်းလက်နက် ကိုင်တွေဘက်က အင်အားသိပ်မကောင်းသေးတာကြောင့် နေရာတွေတော်တော်များများ ၀ ကိုပေး ခဲ့ရတာပဲဖြစ်ပါတယ်။

RCSS/SSA နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ၀ က အခုချိန်မှာ ပြည်နယ်တောင်းနေ သလို ၀ တောင်ပိုင်းကိုပါ နယ်မြေသတ်မှတ်ပေးဖို့အတွက် ပြီးခဲ့တဲ့ ပန်ဆန်းညီလာခံမှာ တင်လာခဲ့ပါပြီ။ အဲဒီညီလာခံကို တက်ရောက်ခဲ့တဲ့ သျှမ်းလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ၀ ပြည်နယ်ကိစ္စကို သဘောထား ပေးနိုင် တာ မရှိပါဘူး။ အဓိကကတော့ စစ်တိုက်ပြီးယူထားတဲ့ တာချီလိတ်အောက်ပိုင်း လွယ်လန်းကနေ သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်အထိ ကျယ်ပြန့်တဲ့ ၀ တောင်ပိုင်းကိစ္စကြောင့်ပါပဲ။ RCSS/SSA ဌာန ချုပ် လွယ်တိုင်းလျှံက မိုင်းပန်မြို့နယ်ထဲမှာပါ။ အဲဒီ ၀ တောင်ပိုင်း နယ်မြေထဲမှာ ၀ ရဲ့ တပ်မဟာ (၅) ခုရှိနေပါတယ်။ ၀ မှာစုစုပေါင်း တပ်မဟာ ၈ ခုရှိတဲ့အထဲက ၅ ခုက အဲဒီနယ်မြေမှာ ရှိနေတာပါ။

အဲဒီ ၀ တောင်လို့ ခေါ်တဲ့ နယ်မြေအတွင်းမှာလည်း လားဟူ ပြည်သူ့ စစ်တွေ လည်း ရှိနေပါသေး တယ်။ ၂၀၁၁ ခုနစ် RCSS နဲ့ အစိုးရတို့အကြား အပစ် မရပ်မှီအထိ လားဟူ ပြည်သူ့စစ်တွေက တပ်မတော်ရဲ့ အသုံးတော် ခံ တွေပါပဲ။ အခုလားဟူပြည်သူ့စစ်တွေကလည်း မိုင်းတုံ၊ မိုင်းဆတ်၊ ပုံပါကျင်စတဲ့ ဒေသတွေမှာ အင်အားစုဆောင်းနေဆဲ လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါ့အပြင် RCSS နဲ့ SSA မြောက်ပိုင်းတို့ မပေါင်းနိုင်ဖို့နဲ့ အဆက်စပ်မရှိအောင် ရည်ရွယ်ပြီး သျှမ်းပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်တဲ့ လမ်းကြောင်း မှာရှိတဲ့ ခိုလန်ဒေသမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ်ဆိုပြီး တပ်မတော်စစ်ဌာနချုပ်တစ်ခုကိုလည်း ၂၀၀၈ လောက်ကစပြီး ဖွင့်လှစ်ခဲ့ပါတယ်။

ပအိုဝ်းပြည်သူ့စစ်တွေကလည်း နယ်မြေသတ်မှတ်ထားတဲ့ ကနေ ချောင်း ကို ကျော်ပြီး မိုင်းပွန် ၊ လွိုင်လင် အနောက်ခြမ်း ၊ ပင်လုံ အနောက်ခြမ်း ဒေ သေ တွ အ ထိ နယ်မြေတိုးချဲ့လာခဲ့ပါတယ်။ မောက်မယ်နယ်ဘက်မှာတော့ ဦးခွန်မြင့်ထွန်းဦးဆောင်တဲ့ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ကို နမ့်ပွန်ချောင်းကို ကျော်ပြီး ကဒူးဆိုတဲ့ အရပ်မှာ ( အဲဒီနယ်မြေက RCSS/SSA ရဲ့ စိုးမိုးနယ်မြေထဲပါတယ်လို့ RCSS တာဝန်ရှိသူတွေကဆို ) အစိုးရဘက် က အခြေစိုက်ခွင့်ပေးတဲ့အတွက် တစ်ခါတရံမှာ PNLO တပ်တွေနဲ့ RCSS တို့အကြား တိုက်ခိုက်မှုတွေရှိပါတယ်။

ခေတ်အဆက်ဆက်မှာတော့ နမ့်ပွန်ချောင်းဟာ သျှမ်းနဲ့ ပအိုဝ်း တိုင်းရင်း သားတွေ ရဲ့နယ်မြေသတ် မှတ်မှု နယ်နိမိတ်ဖြစ်ပြီး ချောင်းအရှေ့ ဘက်ကမ်းက သျှမ်းနယ်မြေ ၊ အနောက်ဘက်က ပအိုဝ်း နယ်မြေအဖြစ် သတ်မှတ်ခဲ့တာပါ။ အစိုးရနဲ့လည်း အပစ်ခတ်ရပ်စဲထားတယ်ဆိုပေမဲ့ အပစ်ခတ်ရပ် စဲရေး ပြုလုပ်ပြီးနောက်ပိုင်းမှာလည်း တိုက်ပွဲတွေက တစ်ခါတစ်ရံဖြစ်နေဆဲပါ။

RCSS/SSA ရဲ့ အမည်မဖော်လိုတဲ့ တပ်မှူး တဦးကတော့ ခုလို ကောက် ခံနေ တာက သျှမ်းပြည် နယ် အတွင်း လူငယ်တွေ စစ်ပညာ မတတ် မနေရ ဆိုတဲ့ မူဝါဒကြောင့်သာဖြစ်ပြီး ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေကို တိုက်ခိုက်ဖို့ မဟုတ်ဘူးလို့ဆိုပါတယ်။ RCSS/SSA မှာ စစ်မှုထမ်း (၄) မျိုးရှိပြီး အမြဲတမ်း အမှုထမ်း ၊ ၅ နှစ်အမှုထမ်း ၊ ၃ နှစ်အမှုထမ်း ၊ အရံစစ်မှုထမ်း ( သင်တန်းပြီး ကိုယ့်ဒေသကိုယ်ပြန်နေ) တို့ ဖြစ်တယ်လို့ အဲဒီ တပ်မှူးက ပြောပါတယ်။ ဒါ့အပြင် သင်တန်းတွေမှာ မူးယစ်ဆေးပညာပေး ၊ နိုင်ငံရေး အသိပညာပေးတဲ့ သင်တန်းတွေလည်းပါတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ကို ပြန်ကြည့်ရင် တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒအတွက် အချက် (၆) ချက် ထုတ်ပြန်ထားပြီး အဲဒီအချက်တွေထဲမှာ လူသစ် မစုရဆိုတာလည်း ပါဝင်ပါတယ်။

တကယ်တော့ ပြန်ကြည့်မယ်ဆိုရင် RCSS/SSA ဟာ ကေအန်ယူပြီးရင် အစိုးရနဲ့ ယုံကြည်မှု အဆောက်နိုင်ဆုံးအဖွဲ့ပါ။ ဒါတောင် စစ်ရေးအရ ပြင် ဆင်မှုတွေ ရှိနေခဲ့တာကတော့ ငြိမ်းချမ်းရေး အရသွားနေတဲ့ လမ်းကြောင်းမှာ သံသယ ၀င်နေသေးတာလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒီလိုတပ်သားသစ်ကိစ္စတွေ ၊ စစ်သင်တန်းကိစ္စတွေကြောင့် လည်း ဒေသခံေ တွ အနေနဲ့ ၀န်ထုပ်ဝန်ပိုးဖြစ်နေတာကတော့ ငြင်းမရတဲ့ ကိစ္စတရပ်ပါပဲ။

စာရေးသူ - စိုင်းအောင်လွင်
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment