စင်ကာပူ မြန်မာသုံးဦး လူသတ်ရန်ကြိုးပမ်းမှု အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် ပတ်သက်ဟုဆို


 စင်ကာပူတွင်ဖြစ်ပွားခဲ့သော လူသတ်ရန်ကြံစည်မှုဖြင့် မြန်မာ ၃ ဦး ဖမ်းဆီးခံထားရသောအမှုသည် အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် သက်ဆိုင်ဖွယ်ရှိကြောင်း စင်ကာပူသတင်းဌာန channel news asia က သတင်းဖော်ပြသည်။ အဆိုပါ မြန်မာ ၃ ဦးကို ဇူလိုင် ၂၈ က ရုံးထုတ်ခဲ့ပြီး ၎င်းအမှုတွင် တိုက်ခိုက်ခံရသူ အေးမောင်မောင်သက် (၂၈ နှစ်၊ စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ) သည် ထွက်ပြေးလွတ်မြောက်နေသူ ၀င်းကျော်ကျော်အောင် (ခ) အောင်အောင် (၂၉ နှစ်) ၏ဇနီး မအိစန္ဒီနွယ်နှင့် အိမ်ထောင်ရေးဖောက်ပြန်နေကြောင်း စွပ်စွဲခံတဦး၏ရှေ့နေက ပြောသည်။ ခင်ပွန်းဖြစ်သူ ၀င်းကျော်ကျော်အောင်သည် ချမ်းသာကြယ်ဝသော စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အခြေကြီးအနေကြီး အသိုင်းအ၀ိုင်းမှဖြစ်သည်။ ၎င်းက ဇနီးနှင့် ဖောက်ပြန်နေသူ အေးမောင်မောင်သက်ကို သတ်ဖြတ်ရန် ရဲဝင့်အောင် (၃၂ နှစ်)၊ ဖြိုးမင်းနိုင် (၃၁ နှစ်)နှင့် ဇော်မင်းလှိုင် (၃၇ နှစ်၊ စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ) တို့ ၃ ဦးအား စည်းရုံးသိမ်းသွင်းခဲ့သည်ဟု ဆိုသည်။


အမှုဖြစ်စဉ်မှာ ၎င်းတို့ ၄ ဦးသည် အေးမောင်မောင်သက်ကို သတ်ဖြတ်ရန် ဇွန် ၂၀ ရက်က တိုင်ပင်ခဲ့ကြပြီး ဇွန် ၂၁ ရက် ည ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဇော်မင်းလှိုင်၊ ဖြိုးမင်းနိုင်နှင့် ရဲဝင့်အောင်တို့ ၃ ဦးက စင်ကာပူအရှေ့ပိုင်းရှိ Pasir Ris အရပ် တိုက်အမှတ် (747 A) ကားပါကင်နေရာတွင် အေးမောင်မောင်သက်ကို ကျဉ်စက်နှင့်တို့၍ ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့ကြသည်။ အေးမောင်မောင်သက်မှ ထိတ်လန့်၍ အော်ဟစ်အကူအညီတောင်းရာ အနီးဝန်းကျင်မှလူများက သတိပြုမိသဖြင့် တိုက်ခိုက်သူ ၃ ဦး နေရာမှ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုနေ့တွင်ပင် ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ပြီး ဇွန် ၂၂ တွင် ရဲဝင့်အောင်ကို စတင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် နာရီပိုင်းအတွင်း ကျန် ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းတို့အား လူသတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် ဇွန်လ ၂၄ ရက်နေ့ ၌ စင်္ကာပူ ခရိုင်တရားရုံးတွင် စွဲချက်တင်ခဲ့ကြောင်း သိရသည်။ ယင်းအပြင် ၀င်းကျော်ကျော်အောင်သည် ဇွန်လ ၂၂ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ ထွက်ခွာသွားခဲ့ကြောင်း စင်္ကာပူရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။


တရားရုံးတွင် ၀င်းကျော်ကျော်အောင်နှင့် ၀မ်းကွဲညီအစ်ကိုတော်စပ်သူ ရဲဝင့်အောင်၏ရှေ့နေ မစ္စတာဒီလွန်က ၎င်း၏အမှုသည်အတွက် အာမခံလျောက်ထားခဲ့ပြီး သက်သေအထောက်အထားများသည် စွဲချက်တင်ရန် လုံလောက်မှုမရှိကြောင်း၊ တိကျပြတ်သားသည့် အထောက်အထားမရှိဘဲ သံသယဖြင့် ဖမ်းချုပ်ခံထားရကြောင်း ပြောသည်။

တရားလိုရှေ့နေက တိုက်ခိုက်ခံရသူ အေးမောင်မောင်သက်၏အသက်အန္တရာယ်နှင့် ထွက်ပြေးတိမ်းရှောင်သွားနိုင်ဖွယ်ရှိသည်များကို ထောက်ထား၍ ရဲဝင့်အောင်အား အာမခံမပေးရန် တင်ပြခဲ့သည်။ ၎င်းကိစ္စကို ဇူလိုင် ၂၉ ရက်တွင် တရားသူကြီးမှ အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Ref; CNA
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment