ဗြိတိန်တွင် ဆေးခြောက်ကို တရားဝင် စိုက်ပျိုး၊ရောင်းချ၊သုံးစွဲခွင့်ရရေး အွန်လိုင်းဆန္ဒပြုလက်မှတ် ရေးထိုးတောင်းဆိုလွှာဟာ ပါလီမန်ထိ ရောက်ရှိသွားခဲ့ပါပြီ။ အဆိုပါ တောင်းဆိုလွှာဟာ ပါလီမန်မှာ အရေးကြီးကိစ္စတစ်ရပ်အနေနဲ့ တင်သွင်းဆွေးနွေးခွင့်ရဖို့ အတွက် လိုအပ်တဲ့ လက်မှတ်အရေအတွက် တစ်သိန်း ပြည့်သွားပြီ ဖြစ်ပါတယ်။
လူပေါင်း တစ်သိန်းသုံးထောင့်ရှစ်ရာသုံးဆယ့် သုံးယောက်ဟာ ပါလီမန်ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ အဆိုပါ အွန်လိုင်းဆန္ဒပြုလက်မှတ်ရေးထိုးတောင်းခံလွှာ ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ပါလီမန်တင်ဖို့ အတွက် လိုအပ်တဲ့ လက်မှတ်အရေအတွက် သတ်မှတ်ချက် တစ်သိန်းကို စနေနေ့ မနက်က ကျော်လွန်သွားခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက ဒါဟန်ဒေသခံရဲတပ်ဖွဲ့ က ဆေးခြောက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူ တွေနဲ့ သုံးစွဲသူတွေကို အဓိကထားနှိမ်နှင်းမှာမဟုတ်ကြောင်း ကြေငြာချက်ထွက်လာပြီးနောက်မှာ အထက်ပါ အွန်လိုင်းအများဆန္ဒပြုလက်မှတ်ရေးထိုးမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ဒါဟန်ရဲမင်းကြီး Ron Hogg က ဗြိတိန်ရဲ့ မူးယစ်ဆေးဝါးမူဝါဒကို ဆွေးနွေးပွဲ တစ်ခုလုပ်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗြိတိန်အစိုးရက ဆေးခြောက်စိုက်ပျိုးခြင်းဟာ တရားမ၀င် သေးကြောင်း ထပ်လောင်းပြောကြားပြီး ဒါဟန်ရဲတပ်ဖွဲ့ ရဲ့ ကြေငြာချက်ကို တုံ့ ပြန် ထားပါတယ်။
အဆိုပါ အွန်လိုင်းဆန္ဒပြုလက်မှတ်ရေးထိုးတောင်းဆိုပွဲကို စည်းရုံးဖော်ဆောင်ခဲ့သူ တွေကတော့ ဆေးခြောက်ဟာ အရက်ထက် ဘေးကင်းတဲ့ပစ္စည်းတစ်ခုဖြစ်ပြီး အသုံးဝင် ပုံအများအပြား ရှိကြောင်းပြောကြားခဲ့ပါတယ်။ ဆေးခြောက်ကို နှစ်ပေါင်းလေးထောင် ကျော်လုံး လူသားတွေ သုံးစွဲခဲ့ကြတယ်လို့ ယုံကြည်ရပြီး ဗြိတိန်က ၁၉၂၅ ခုနှစ်မှာ တရားမ၀င်ကြောင်းသတ်မှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ပါလီမန်မှာ တင်ပြဆွေးနွေးခွင့်ရရှိနိုင်မယ့် အွန်လိုင်းဆန္ဒထုတ်ဖော်တောင်းဆိုမှု အစီအစဉ်ကို အရင်ယာယီညွန့် ပေါင်းအစိုးရက စတင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပါလီမန်ဝက်ဘ်ဆိုဒ်တွင် “ အကြောင်းအရာတစ်ရပ်သည် မကြာသေးမီက ဆွေးနွေးပြီးဖြစ်စေ၊ မကြာမီကာလအတွင်း ဆွေးနွေးပွဲ ပြုလုပ်ဖို့ စီစဉ်ထားမှုရှိလျှင်ဖြစ်စေ၊ ဆန္ဒပြုတောင်းခံလွှာကို ဆွေးနွေးမှု အဆင့်သို့ မတင်ရန် ဆုံးဖြတ်နိုင်သည်” ဟု ဖော်ပြထားချက်အရ ဆေးခြောက် တရားဝင်သတ်မှတ်ရေးတောင်းဆိုလွှာကို ပါလီမန်မှာ ဆွေးနွေးသွားဖို့ သေချာမှု မရှိသေးကြောင်းလည်း သိရှိရပါတယ်။
Ref: mirror.co.uk
Source:trend.com.mm

0 comments:
Post a Comment