စစ်လေ့ကျင့်ကျောင်း သိမ်းဆည်းထားသည့် မြေပေါ်တွင် တောင်ယာလုပ်သူ လက်မှတ်ထိုးရ


 ကယားပြည်နယ် ၊ ဖရူဆိုမြို့နယ် အမှတ်(၁၄)တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း မှ သိမ်းဆည်းထားသော မြေဧရိယာအတွင်း ထွန်းယက်စိုက်ပျိုးသည့် တောင်သူများကို စစ်တပ်မှ လက်မှတ်ထိုးခိုင်းသည် ဟုသိရသည်။

တောင်သူများအား စိုက်ပျိုးရာတွင်သီးစားခ မပေးရကြောင်းဆိုသည့် စာသားဖြင့် လက်မှတ်များကိုထိုးပြီး လုပ်ကိုင်စေကြောင်း ကယားပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးသဲရယ်ကပြောသည်။

“အရင်ကတည်းက ပြောထားပြီးသားပဲ ဒ.က.စမှူးတွေကေား၊ဝန်ကြီးချုပ်ကော ၊ တိုင်းမှူးကောပြောတယ် ဒီမြေတွေက နိုင်ငံတော်ရဲ့လိုအပ်ချက်မို့ ပြန်ပေးလို့မရဘူး ဒါပေမယ့် အဆောက်ဦးတွေမရှိဘဲ လွတ်နေတဲ့နေ ရာတွေမှာ လွတ်လပ်စွာစိုက်ပျိုးခွင့်ပြုမယ်လို့ ပြောတယ် ဒါပေမယ့် ခုနောက်ပိုင်းမှာ အမှတ်(၁၄)ဧရိယာထဲမှာ ဝင်လုပ်နေတဲ့ တောင်သူတွေကို သီးစားချခမပေးရဘဲ လွှတ်လွတ်လပ်လပ် ဝင်ပြီးလုပ်ခွင့်ပေးပါတယ်ဆိုတဲ့ လက်မှတ်တွေ ထိုးခိုင်းတယ်” ဟုပြောသည်။

တပ်လေ့ကျင့်ရေးကျောင်းအတွက် တောင်သူများ၏ လယ်ယာမြေ ဧက ၁၇၀၀ ပါသွားသည်ဟု အစိုးရဌာနဆိုင်ရာများက ပြောဆိုထားသော်လည်း လက်တွေ့တွင် ဧက ၃၀၀၀ ခန့်ပါရှိနေသည်ဟု သိရသည်။

ယခင်လအတွင်းတွင် အမှတ် ၅၃၂ မှ ဖရူဆိုမြို့နယ် ဆိုလျားကူးတောင်သူများအတွက် သိမ်းဆည်းထားသည့်မြေ တစ်ဝက်ကျော်ကျော်ခန့်ကို ပြန်လည်ပေးအပ်လိုက်ခြင်းသည် အမှတ် ၁၄ စစ်ရေးလေ့ကျင်ရေးကျောင်းသိမ်းဆည်းထားသည့် မြေယာများနှင့်နှိုင်းယှဉ်ပါက အနည်းငယ်မျှသာရှိနေသည်။

တပ်မှသိမ်းဆည်းလိုက်ခြင်းကြောင့် တောင်သူများက မိမိတို့၏ ဘိုးဘွားပိုင်လယ်ယာမြေအပေါ် လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်ဆုံးရှုံးနေမှုအပေါ်တွင် မဖြစ်သင့်ကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂဗဟို ကော်မတီဝင် ဦးကျော်ထင်အောင်ကပြောသည်။

ဦးကျော်ထင်အောင်က “စက်ပစ်ကွင်းတွေ သူတို့လေ့ကျင့်ရေးတွေ နဲ့ကြောင့်မို့ ကိုယ့်ဒေသမှာ ကိုယ့်တောင်ယာကို ဖြောင့်ဖြောင့်တန်းတန်း မသွားရဘဲ ခွင့်ပြုချက်တွေ ရယူရတဲ့အနေထားကိုယ့်မြေမှာ ကိုလုပ်ဖို့တောင်လက်မှတ်ထိုးရတာက ဒါ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ ဒီအပေါ်မှာ မရိုးသားဘူးလို့မြင်တယ်။ ”ဟု ကန္တာရဝတီတိုင်း(မ်)သို့ပြောသည်။

သီးစားခမပေးရသော်လည်း တောင်ယာမှ ထွက်ရှိသည့် အသီးအနှံများကို စစ်တပ်များက လာရောက်ခူးယူ စားသောက်နေကြ သည်ဟု ဦးသဲရယ်က ပြောသည်။

အမှတ်(၁၄)စစ်လေ့ကျင့်ရေးကျောင်းမှ မြေယာများသိမ်းဆည်းရာတွင် ယခင်ကဒေသခံများ၏ နွားစာကျက်များပါဝင်သလို ယခုချိန်ထိလည်း ရွာသားများ၏ နွားများမှာလည်း ၎င်းစာကျက်မြေနေရာများသို့ သွားလေ့ရှိပြီး တပ်ဧရိယာထဲဝင်ရောက်ပါက နွားများကိုဖမ်းဆီးပြီး ငွေကြေးဒဏ်ရိုက်ပြီးမှ ပြန်လည်ရွေးရသည်ဟု သိရသည်။

ဖရူဆိုမြို့နယ် ၊ မာခရော်ရှေ့အုပ်စုတွင် အမှတ်(၁၄)စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ရန်အတွက် ဒေသခံများ၏ ဘိုးဘွားပိုင်မြေ စုစုပေါင်းဧက(၂၇၀၀)ကိုသိမ်းဆည်းခဲ့ပြီး (၈၆၀)ဧကကို လျော်ကြေးငွေတစ်ဧက(၅၀၀၀၀)ကျပ်နှုန်းဖြင့် ပေးလျော်ခဲ့ကာ ၂၀၁၄ ခုနှစ် တွင် စွန့်လွတ်မြေအဖြစ် (၁၉၉.၈၆) ဧကကိုသာ ပြန်လည်ပေးအပ်ခဲ့သည်။

Written by ဆန်းဖြိုးထွန်း
ကန္တာရ၀တီတိုင်း(မ်)
http://www.ktimes.org
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment