NLD ပါတီမှ ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်း စာရင်းတွင် မပါဝင်ခဲ့သော ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဖြစ်သူ ဒေါက်တာ အောင်သူသည် NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
““မနေ့ကမှ ကျွန်တော်က အလုပ်ထွက်စာ ရတာ။ စာရတယ် ဆိုရင်ပဲ ပါတီကို ပြောတယ်။ ပါတီက ပြိုင်ရမယ့် မဲဆန္ဒနယ်ကို ပြန်ပြောပေးတယ်။ ဒါကြောင့် ပြိုင်မှာပါ”” ဟု ဒေါက်တာ အောင်သူက ပြောသည်။
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဖြစ်သူ ဒေါက်တာ အောင်သူသည် NLD ပါတီမှ ရွေးကောက်ပွဲ ၀င်မည် ဖြစ်သော်လည်း ပါတီမှ ကိုယ်စားလှယ်လောင်း စာရင်းထုတ်ပြန်ရာတွင် ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။ ယင်းကဲ့သို့ မပါဝင်ခဲ့ရခြင်းသည် ဌာနဆိုင်ရာမှ တရားဝင် နုတ်ထွက်စာ မရရှိသေးခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဒေါက်တာ အောင်သူသည် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၆) မှ ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ၎င်းသည် သင်္ချာဘာသာဖြင့် ဒေါက်တာဘွဲ့ရရှိထားကာ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးကို ဦးဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။
NLD ပါတီမှ ထုတ်ပြန်သော လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းတွင် ဒေါက်တာ အောင်သူ အပါအ၀င်၊ ၈၈ မျိုးဆက် (ငြိမ်ချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း တို့လည်း ပါဝင်ခဲ့ခြင်း မရှိခဲ့ပေ။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ထားသည်။ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို သြဂုတ် လ(၈)ရက် နောက်ဆုံးထား ပေးသွင်းရမည်ဟု ထုတ်ပြန်ထား သော်လည်း နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် ရေဘေးနှင့် နိုင်ငံရေးပါတီအချို့၏ တင်ပြမှုများကြောင့် သြဂုတ်လ (၁၄)ရက်သို့ တိုးမြှင့်ထားသည်။
The Messenger Media
http://www.messengerdaily.com

0 comments:
Post a Comment