ဘိုင်ယန်မြူနစ် အသင်းနည်းပြ လီဝမ်ဒေါစကီးက ကိုးမိနစ်အတွင်း ငါးဂိုးသွင်းနိုင်ခဲ့ခြင်းကို ကျေနပ် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။ ဘိုင်ယန်မြူးနစ်က ၀ုဖ်ဘတ်ကို (၅-၁)ဂိုးဖြင့် အနိုင်ရသောပွဲတွင် လီဝမ်ဒေါစကီးသည် လူစားလဲကစားသမားဖြင့် ၀င်ရောက်ပြီး အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ရည် ပြသခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတွင် ၀ုဖ်ဘတ်က တစ်ဂိုးအသာဖြင့် ဦးဆောင်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်သည် လီဝမ်ဒေါစကီးကို ထည့်သွင်းပြီးနောက် ဂိုးများဆက်တိုက် သွင်းယူပြီး ယခုရာသီ ရာနှုန်းပြည့် နိုင်ပွဲဆက် စံချိန်ကို ဆက်ထိန်း နိုင်ခဲ့သည်။ လီဝမ်ဒေါစကီးသည် ဘွန်ဒက်စ် လီဂါတွင် လူစားဝင်ပြီးနောက် ငါးဂိုးသွင်း ယူနိုင်ခဲ့သည့် ပထမဆုံးကစားသမား ဖြစ်လာခဲ့သည်။ ထို့ပြင် လေးမိနစ်အတွင်း ပာက်ထရစ်ဂိုး သွင်းယူခဲ့သောကြောင့် ဘွန်ဒက်စ်လီဂါ၏ အမြန်ဆုံး ဟက်ထရစ်ဂိုး သွင်းယူသူ ဖြစ်လာသည်။ ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါစကီးက မိမိအနေဖြင့် ယင်းသို့ပြုလုပ်နိုင်မည်ဟု မထင်မိကြောင်း ပြောကြားခဲ့သည်။
လီဝမ်ဒေါစကီးက မိမိအနေဖြင့် အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ရည်အတွက် အလွန်ကျေနပ်မိကြောင်း၊ မိမိအနေဖြင့် ကန်သွင်းမှုများသာ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ဂိုးများ ရရှိလိမ့်မည်ဟု မထင်မှတ်ထားကြောင်း၊ မိမိအနေဖြင့် တစ်ဂိုးသွင်းယူပြီးနောက် နှစ်ဂိုးလောက် သွင်းယူနိုင်မည်ဟု ခန့်မှန်းထားသော်လည်း ငါးဂိုးသွင်းယူနိုင်ခဲ့သဖြင့် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရကြောင်း၊ မိမိ၏သွင်းဂိုးများ မည်မျှအထိ မြန်ဆန်ခဲ့သည်ကို မသိရှိကြောင်း၊ မိမိအနေဖြင့် ကွင်းအတွင်း အာရုံစူးစိုက်မှု အပြည့်ဖြင့်သာ ကစားခဲ့ကြောင်း မိမိအနေဖြင့် ယခုစွမ်းဆောင်ရည်ကို ကျေနပ်သော်လည်း လာမည့်ပွဲများတွင် ရလဒ်ကောင်းများ ယူသွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လီဝမ်ဒေါစကီးသည် ၂၀၁၃ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ရီးရဲလ်နှင့် ရင်ဆိုင်ခဲ့ရာတွင် တစ်ပွဲတည်း လေးဂိုး သွင်းယူခဲ့ဖူးပြီး ယင်းစံချိန်ကို ငါးဂိုးသွင်းယူပြီး ချိုးဖျက်နိုင်ခဲ့သည်။ လီဝမ်ဒေါစကီးက မိမိအနေဖြင့် ချန်ပီယံလိဂ်တွင် လေးဂိုး သွင်းယူခဲ့ခြင်းကြောင့် ကျေနပ်ခဲ့ကြောင်း၊ ယင်းကို မိမိဘ၀တွင် အမြဲမှတ်တမ်း တင်ထားကြောင်း၊ ယခုအခါ ဘွန်ဒက်စ်လီဂါတွင် ငါးဂိုးသွင်းနိုင်ခဲ့သဖြင့် ကြီးကျယ်သည့် ခံစားမှုကို ဖြစ်စေကြောင်း၊ သို့ သော် ပွဲတိုင်းဂိုးသွင်းယူရန် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment