၂၀၁၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ဘယ်လာရုစ်နိုင်ငံသူ စာရေးဆရာမ စဗက်လာနာ အလက်ဇီဗစ် (Svetlana Alexievich) က ရရှိသွားပါတယ်။
ဆုရွေးချယ်ရေးအဖွဲ့က “ကျွန်ုပ်တို့ခေတ်ကြီး၏ ဆင်းရဲဒုက္ခများနှင့် သူရသတ္တိကို မှတ်တမ်းတင်သည့် အရေးအသားများကြောင့် ဆုချီးမြှင့်ခြင်း ဖြစ်သည်” လို့ ဆိုပါတယ်။
အသက် ၆၈ နှစ်အရွယ်ရှိ စာရေးဆရာမ စဗက်လာနာ အလက်ဇီဗစ်ရဲ့ ၀တ္ထုတွေမှာ လူသိအများဆုံးဖြစ်တဲ့ ချာနိုဗိုင်း နျူကလီးယား ဓာတ်အားပေးရုံက အဖြစ်ဆိုးအကြောင်း နှုတ်ပြောသမိုင်း (Oral History) အဖြစ် ရေးသားထားတဲ့ ချာနိုဗိုင်းက အသံများ (The Voices from Chernobyl) ဖြစ်ပါတယ်။
စဗက်လာနာဟာ သူ့ရဲ့ဝတ္ထုတွေကို ရေးသားရာမှာ သတင်းအရေးအသား (Literary Journalism) နဲ့ ရေးသားခဲ့ပါတယ်။
တက္ကသိုလ်မှ သတင်းစာပညာနဲ့ ဘွဲ့ယူလာခဲ့ပြီးနောက် သတင်းစာဆရာမအဖြစ် နှစ်အတန်ကြာ အလုပ်လုပ်ပြီးမှ ၀တ္ထုတွေကို သတင်းအရေးအသားနဲ့ ရေးကာ နာမည်ကြီးလာသူပါ။
သတင်းအရေးအသား ၀တ္ထုပုံစံကို ရွေးချယ်ရတာဟာ “လူတွေ ပြောဆိုချက်အသံတွေက ဖြစ်ရပ်ကို သူ့ဘာသာ သရုပ်ဖော်နေလို့ပဲ ဖြစ်တယ်” လို့ သူက ပြောပါတယ်။
သူဟာ ၀တ္ထုတပုဒ်အတွက် အနည်းဆုံး လူ ၇၀၀ ကျော် ၈၀၀ နီးပါး တွေ့ဆုံမေးမြန်းပြီးမှ ရေးသားတယ်လို့ ဆိုပါတယ်။
သူ့အရေးအသားဟာ သတင်းစာမှာပါတဲ့ သတင်းတွေလို အချက်အလက်သက်သက်ကို မှတ်တမ်းတင်တာမျိုး မဟုတ်ဘဲ ဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေသူတွေရဲ့ ကိုယ်တိုင်တွေ့ကြုံ ခံစားချက်တွေကို မှတ်တမ်းတင်ခြင်းသာ ဖြစ်ပါတယ်။
“ကျမက လူတွေရဲ့ စိတ်ခံစားမှုတွေနဲ့ ပြီးတဲ့ သမိုင်းတခုကို ရေးနေတာပဲ ဖြစ်တယ်။ ဖြစ်ရပ်တခုအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လူတွေရဲ့ အတွေးတွေ၊ လူတွေရဲ့ နားလည်မှုတွေ၊ လူတွေရဲ့ အမှတ်သညာတွေကို ရေးတာပဲ ဖြစ်တယ်။ သူတို့ရဲ့ ယုံကြည်ချက်တွေ၊ မယုံသင်္ကာ သံသယတွေ၊ စိတ်လှည့်စားမှုတွေ၊ မျှော်လင့်ချက်တွေ၊ ကြောက်စိတ်တွေကို ရေးတာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်တခုအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဒီလို စိတ်ပိုင်းအခြေအနေ အသေးစိတ်ကို စိတ်ကူးယဉ်ပြီး ထွင်ရေးလို့ မရဘူးလေ။”
ဖြစ်ရပ်မှာ ပါဝင်ပတ်သက်သူတွေရဲ့ ခံစားချက်တွေ၊ အယူအဆ အတွေးအခေါ်တွေ၊ ပြန်လည် ပြောဆိုချက်တွေကို ပေါင်းစုံတင်ပြထားတဲ့ အရေးအသား (Polyphonic Writings) တွေနဲ့ ဖန်တီးထားတဲ့ စဗက်လာနာရဲ့ ၀တ္ထုတွေကို လူ့အသံပေါင်းစုံ ပါဝင်တဲ့ ၀တ္ထုများ (Novels of Voices) လို့ အမည်ပေးကြပါတယ်။
စဗက်လာနာဟာ ၂၀၀၀ ခုနှစ်နောက်ပိုင်း နိုင်ငံရပ်ခြားမှာ သွားရောက်နေထိုင်ပြီး အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင် စတဲ့နိုင်ငံတွေမှာ ဆယ်နှစ်ကျော်ကြာအောင် နေပြီးမှ ဇာတိနိုင်ငံကို ပြန်လာခဲ့တာပါ။
စဗက်လာနာရဲ့ ၀တ္ထုတွေထဲက အငြင်းပွားတဲ့ ၀တ္ထုမှာ ရုရှား – အာဖဂန် စစ်ပွဲအကြောင်း သရုပ်ဖော်ထားတဲ့ သွပ်အခေါင်းများ (Zinky Boys) စာအုပ်ဖြစ်ပါတယ်။
အာဖဂန်စစ်ပွဲမှာ ကျဆုံးတဲ့ ရုရှားစစ်သားတွေရဲ့ ရုပ်အလောင်းကို ရုရှားနိုင်ငံဆီ ပြန်လည်သယ်ဆောင်ရာမှာ သုံးတဲ့ သွပ်နဲ့လုပ်ထားတဲ့ ခေါင်းတံလားတွေကို ရည်ညွှန်းပြီး ခေါင်းစဉ်ပေးထားတာ ဖြစ်ပါတယ်။
စဗက်လာနာဟာ အစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တတ်သူ အဖြစ်လည်း နာမည်ကြီးသူပါ။
“ကျမက ရုရှားကို ချစ်ပါတယ်။ ဒါပေမယ့် အကြင်နာစိတ်ရှိပြီး လူသားဆန်တဲ့ ရုရှားကို ချစ်တာပါ။ ဒါပေမယ့် ကျမက စတာလင်ကို မချစ်ဘူး။ ပူတင်ကို မချစ်ဘူး။ သူတို့က ရုရှားကို ဟိုးအောက်ကို ရောက်သွားအောင် လုပ်ခဲ့တဲ့သူတွေပဲ” လို့ ပြောပါတယ်။
DVB Burmese
0 comments:
Post a Comment