တစညပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ကျုံပျော်မြို့ခံလယ်သမားများနှင့် မြေယာအငြင်း ပွားမှုဖြစ်ပေါ်နေ


 နိုဝင်ဘာ ၆ ရက်၊ (ကျုံပျော်)

 ဧရာဝတီတိုင်း၊ ရေကြည်နဲ့ ကျုံပျော်မြို့နယ် ၂ ခု ပေါင်းထားတဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၃ မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်းနဲ့ ကျုံပျော်မြို့နယ် ကွင်းကြီးကျေးရွာက ဒေသခံလယ်သမားတွေ လယ်ယာမြေအငြင်းပွားမှု ဖြစ်ပွားနေကြောင်း သစ်ထူးလွင်က သတင်းရရှိပါတယ်။

ကျုံပျော်မြို့နယ်၊ ကွင်းကြီးကျေးရွာက ဒေသခံလယ်သမား ဦးမြညွန့်ရဲ့ မျိုးရိုးစဉ်ဆက်လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေ ၉ ဧကကျော်ကို လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်အပါအ၀င် လူ ၇ ဦးက ကျေးရွာ မီးလင်းရေးအကြောင်းပြပြီး ကျေးရွာပိုင်မြေအဖြစ် သတ်မှတ်ဖို့ ကွင်းကြီးကျေးရွာမှာ လယ်ယာမြေမှုခင်း ဖွင့်လှစ်ခဲ့တဲ့အတွက် လယ်သမား ဦးမြညွန့်နဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်တို့ လယ်ယာမြေအငြင်းပွားမှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

“ဒီဒေသမှာ ကျွန်တော့်လိုပဲ ဥပဒေနဲ့အညီ အမွေဆက်ခံခွင့်ရရှိထားတဲ့ လယ်ယာမြေလုပ်ကိုင်နေတဲ့ လယ်သမားတွေ အများကြီးပါ၊ ကျွန်တော်ရပ်သိရွာသိ လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကိုတောင် ကျေးရွာမီးလင်းရေး အကြောင်းပြပြီး ဦးဝင်းထိန်ဦးဆောင်တဲ့အဖွဲ့က သိမ်းယူဖို့လုပ်တဲ့အတွက် တခြားလယ်သမားတွေကပါစိုးရိမ်တာတွေရှိနေပါတယ်”လို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်နဲ့ လယ်ယာမြေမှုခင်း ရင်ဆိုင်နေရတဲ့ လယ်သမား ဦးမြညွန့်က ပြောပါတယ်။

တစညပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်နဲ့ ဒေသခံ လယ်သမား ဦးမြညွန့်တို့ရဲ့ လယ်ယာမြေ မှုခင်းမှာ ကျေးရွာနဲ့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွေက ဦးဝင်းထိန်ကို အနိုင်ပေးခဲ့ပြီး ပုသိမ်ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်သမား ဦးမြညွန့်ကို အနိုင်ပေးခဲ့ပါတယ်။

ဒါကြောင့် ခရိုင်အဆင့်မှာ ရှုံးနိမ့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်ဟာ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ အယူခံတင်သွင်းထားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ဒေသခံ လယ်သမားတို့ လယ်ယာမြေအမှုကို တိုင်းအဆင့်က အပြီးသတ်ဆုံးဖြတ်ပေးမယ့် အခြေအနေကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။

“ရွေးကောက်ပွဲကာလမှာ ဥပဒေဘောင်ထဲကနေပြီးတော့ ဘယ်သူမှမထိခိုက်ပဲ ကိုယ့်ရဲ့ပြည်သူပေး မယ့် မဲတွေကို ရိုးရိုးသားသားနဲ့ ရယူပြီး သန့်ရှင်းစွာ ယှဉ်ပြိုင်ချင်လို့ ကျွန်တော့်ကိုအစစ အရာရာ ညိစွန်းမယ့် ကိစ္စတွေကိုတော့ ကျေးရွာလယ်ယာမြေ ညိနှိုင်းဖြေရှင်းရေး အထောက်အကူပြု အဖွဲ့ကပဲ ဆက်လက်ပြီး ဆောင်ရွက်ဖို့ မှာထားပါတယ်”လို့ တစညပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်က ပြောပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ ဧရာဝတီတိုင်းအတွင်းမှာ ပြည်သူ့လွှတ်တော် ၂၂ နေရာ၊ အမျိုးသားလွှတ်တော် ၈ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၄၈ နေရာတို့မှာ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ထားကြောင်း သိရပါတယ်။

BY သစ်ထူးလွင်

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment