‘‘ဟူး’’ ‘‘တစ်နေ့ တစ်နေ့တက်လာလိုက်တဲ့ ကုန်ဈေးနှုန်းတွေ မတက်ဘဲကျလာတာဆို စိတ်ဓာတ်ပဲရှိတော့တယ်’’ဟု လက်ထဲမှ ဆုပ်ကိုင်ထားသော တစ်ထောင်ကျပ်တန် သုံးရွက်ကိုကြည့်ကာ ဒေါ်ခင်တစ်ယောက် သက်ပြင်းချရင်း ညည်းညူလိုက်သည်။ အသက် (၄၅) နှစ်အရွယ်ရှိ သားသမီးငါးဦး၏မိခင်ဖြစ်သူ ဒေါ်ခင်တို့မိသားစုတွင် ငွေသုံးထောင်ဆိုသည်က ဘယ်သောအခါမှလောက်ငမှုမရှိပေ။ အလုပ်အကိုင်ရှိနေပြီဖြစ်သော သားသမီးသုံးဦးပေးသည့် ငွေသုံးထောင်ကျပ်ကို ယခုကဲ့သို့ နေ့စဉ်ချွေတာသုံးစွဲနေရပြီး စိတ်ဖိစီးမှုတွေရှိနေကြောင်း သူက ဆိုသည်။ ဒေါ်ခင်ကဲ့သို့ပင် ပြည်မြို့၌နေထိုင်သော ဒေါ်စံပယ်ကလည်း ‘‘သားရေးသမီးရေးတွေလည်း တွေးပူရတယ်။ ကုန်ဈေးနှုန်းကလည်း ဘယ်တော့မှ မကျလာဘူး။ အဲဒါတွေတွေးမိရင် ညညဆိုအိပ်မပျော်ဘူး။ တဖြည်းဖြည်းနဲ့ စိတ်ဓာတ်တွေကျပြီး ကြာရင်ရူးမှာတောင် စိုးရတယ်’’ဟု ဆိုသည်။
လူတို့၏ နေ့စဉ်ဘဝတွင် စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေးနှင့် သွားလာလှုပ်ရှားရေးများကို ဖြတ်သန်းကြရ၏။ ယင်းစီးပွားရေး၊ လူမှုရေးပြဿနာများနှင့် ရုန်းကန်ရသော ပတ်ဝန်းကျင်အနေအထားများကြောင့် စိတ်ဖိစီးမှုများဖြစ်ပေါ်လာပြီး အကျိုးဆက်အဖြစ် စိတ်ကျရောဂါဖြစ်ပွားမှုမှာလည်း ယခင်ကထက် ပိုမိုများပြားလာခဲ့သည်။
ခေတ်ကာလတိုးတက်ပြောင်းလဲလာသည်နှင့်အညီ ရုန်းကန်လှုပ်ရှားရမှုမှာလည်း ပိုမိုခက်ခဲလာကာ နေ့စဉ်ကြုံတွေ့နေရသော ယင်းအခက်အခဲများကို မဖြေရှင်းနိုင်သည့်အခါတွင် စိတ်ဖိစီးမှုဖြစ်ပေါ်လာပြီး စိတ်ကျရောဂါဝေဒနာများ ခံစားရလာခြင်းဖြစ်သည်။
‘‘နိုင်ငံကြီးတိုးတက်လာတာနဲ့အမျှ ရုန်းကန်ရတာများတယ်။ စိတ်ဖိစီးမှုများတယ်။ ဝေဒနာခံစားရတာများသလို စိတ်ကျဝေဒနာခံစားရတဲ့သူတွေများတာပေါ့။ စိတ်ဖိစီးပြီး စိတ်ကျဝေဒနာခံစားရတဲ့သူများလာတယ်’’ဟု စိတ်ရောဂါကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဉာဏ်ဝင်းကျော်က သုံးသပ်သည်။
ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၃၅၀ ခန့်မှာ စိတ်ရောဂါဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် လူဦးရေတစ်ထောင်လျှင် ၅၇ ဦးနှုန်းစိတ်ရောဂါဖြစ်ပွားလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် လူလေးဦးလျှင် တစ်ဦးနှုန်းသည် တစ်ချိန်ချိန်တွင် စိတ်ကျန်းမာရေးရောဂါဖြစ်နိုင်ခြေရှိကြောင်း ကမ္ဘာပေါ်၌ ဖြစ်ပွားနေသော ရောဂါအခြေအနေများကို စစ်တမ်းကောက်ယူနေသည့် Glo-bal Burden Disease (GBD) ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။
စိတ်ရောဂါသည် ဆင်းရဲချမ်းသာမရွေး၊ လူမျိုးဘာသာမရွေးဖြစ်ပွားနိုင်သော ရောဂါဖြစ်သည်။ နေထိုင်မှုပုံစံများနှင့် ဆက်စပ်နေသောကြောင့် ရုန်းကန်လှုပ်ရှားရမှုများပြားလာလေလေ စိတ်ဖိစီးမှုဝေဒနာ ပိုခံစားရလေလေဖြစ်၏။
‘‘အခုခေတ်က ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာတယ်။ အဲဒီတော့ လိုချင်တာများတယ်။ လက်လှမ်းမမီတာ အများကြီး။ အပြိုင်အဆိုင်လည်းများလာတယ်။ ပိုပြီးရုန်းကန်လာရတယ်။ အဲဒီလိုပတ်ဝန်းကျင်အနေအထားတွေကြောင့် စိတ်ဖိစီးမှုတွေများလာတယ်။ ဒီစိတ်ဖိစီးမှုတွေက စိတ်ဓာတ်ကျခြင်းကို ဖြစ်စေနိုင်တဲ့အကြောင်းတစ်ခုပဲ။ ဒါကြောင့် စိတ်ဓာတ်ကျတဲ့သူပိုများလာတယ်’’ဟု ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံ၏ စိတ်ပညာဌာနပါမောက္ခဌာနမှူး
ဒေါက်တာတင်ဦးက သုံးသပ်သည်။
စိတ်ကျရောဂါကြောင့် မိမိကိုယ်ကိုယ်သတ်သေသည့်အဆင့်များအထိ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။
‘‘ဒီရောဂါက တခြားရောဂါတွေလို ကူးစက်တတ်တဲ့ ရောဂါမဟုတ်သလို ဦးစားပေးအဆင့်ထဲမှာလည်း မပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေတာမျိုးတွေ ရှိလာတဲ့အတွက် အများပြည်သူကျန်းမာရေးကို ထိခိုက်လာတယ်။ ဒါကြောင့် ဒီရောဂါကလည်း ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုဆိုတာကို သတိမူသင့်တယ်’’ဟု ရန်ကုန်မြို့ရှိ စိတ်ရောဂါကုဆရာဝန်ကြီးတစ်ဦးက ဆိုသည်။
၂၀၀၄ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကောက်ယူထားသော စစ်တမ်းများအရ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများ၌ စိတ်ဖောက်ပြန်နေသူဦးရေမှာ လူတစ်ထောင်လျှင် လေးဦးနှုန်း၊ စိုးရိမ်စိတ်လွန်ကဲနေသူမှာ လူဦးရေတစ်ထောင်လျှင် ၄၀ ဦးနှင့် စိတ်ကျရောဂါခံစားနေရသူမှာ လူဦးရေတစ်ထောင်လျှင် ခြောက်ဦးနှုန်းခန့်ရှိသည်။
ယင်းရောဂါသည် ကလေးသူငယ်များ၌ မျိုးရိုးဗီဇလိုက်ခြင်း၊ ငယ်ရွယ်စဉ်၌ ဦးခေါင်းကိုထိခိုက်မိခြင်းနှင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာရရှိခြင်းတို့မှ အစပြုကာ စိတ်ရောဂါရရှိနိုင်ပြီး လူကြီးများ၌မူ လည်ပင်းအကျိတ်ပုံမှန်အလုပ်မလုပ်ခြင်း၊ ဦးခေါင်းဒဏ်ရာရရှိခြင်းနှင့် စိတ်ဖိစီးမှုဒဏ်ကိုမခံနိုင်ခြင်း အခြေအနေများ၌ စိတ်ရောဂါဖြစ်ပေါ်နိုင်သကဲ့သို့ နာဂစ်ကဲ့သို့သော ပတ်ဝန်းကျင်အနေအထားများကြောင့်လည်း စိတ်ကျရောဂါ ဖြစ်ပေါ်စေသည်။
‘‘လူတစ်ယောက်ရဲ့ စိတ်ဖိစီးမှုက တခြားလူအတွက် စိတ်ဖိစီးမှုဖြစ်ချင်မှဖြစ်မယ်။ ဖြေရှင်းကိုင်တွယ်နိုင်တဲ့အပေါ်မှာ မူတည်တယ်။ မီးပြတ်ရင် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် စိတ်ဖိစီးတာပဲ။ ကိုယ့်အပေါ်မူတည်တယ်။ မခံနိုင်ရင် စိတ်ရောဂါဖြစ်တာပဲ’’ဟု စိတ်ရောဂါကုဆရာဝန်တစ်ဦးက သုံးသပ်သည်။
ထို့ကြောင့် ‘‘စိတ်ရောဂါနဲ့ပတ်သက်ပြီး အယူအဆလွဲသွားရင်၊ ကုထုံးလွဲသွားရင်လည်း ပြဿနာကပိုကြီးလာတယ်။ အဓိကက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာနေရမယ်။ စိတ်ဓာတ်ခိုင်မာရမယ်၊ စိတ်ဖိစီးမှုကို ရင်ဆိုင်တုံ့ပြန်နိုင်ရမယ်၊ ပတ်ဝန်းကျင်ကို မှန်မှန်ကန်ကန်ကြည့်မြင်တတ်ရမယ်၊ ဆက်ဆံတတ်ရမယ်’’ဟု ၎င်းက ဆက်လက်အကြံပြုသည်။
စိတ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ကမ္ဘာပေါ်တွင် မိမိကိုယ်ကိုယ်သေကြောင်းကြံ၍ သေဆုံးသူဦးရေသည် တစ်နှစ်လျှင် တစ်သန်းခန့်ရှိပြီး စက္ကန့်လေးဆယ်လျှင် တစ်ဦးနှုန်းသေဆုံးနေကာစိတ်ကျရောဂါ ခံစားရသူဦးရေ သန်း ၁၅၀၊ စိတ်ကစဥ့်ကလျား ဖြစ်ပွားသူဦးရေ ၂၅ သန်းရှိကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင်လည်း စိတ်ရောဂါများဖြစ်ပွားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် လုယက်မှု၊ အကြမ်းဖက်မှုများစသော ရာဇဝတ်မှုများဖြစ်ပေါ်လာသည့်အပြင် မိမိကိုယ်ကိုယ်သေကြောင်းကြံစည်ခြင်းကြောင့် နှစ်စဉ်လူဦးရေတစ်သိန်းလျှင် သုံးဦးခန့် အသက်ဆုံးရှုံး နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနစာရင်းများအရ သိရသည်။
မြန်မာနိုင်ငံ၌ စိတ်ရောဂါနှင့်ပတ်သက်၍ ချမှတ်ထားသော မူဝါဒမရှိသေးပေ။ ထို့ပြင် စိတ်ရောဂါကုသပေးသည့် ဆရာဝန်ဦးရေမှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ရာကျော်သာရှိသေးသည်။ စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းထက် ဆေးဝါးကိုသာ ဦးစားပေးနေသည့် ကုထုံးများလည်းရှိနေဆဲဖြစ်ကြောင်း ဆေးပညာ
အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုကြသည်။
‘‘လူနာတွေက စိတ်ဖိစီးတာတွေကို ဆရာဝန်တွေဆီရင်ဖွင့်လိုက်ရင် အများကြီးသက်သာသွားမှာ။ အခုက စိတ်ရောဂါဆိုရင် ပျောက်တဲ့ဆေးကို တန်းပေးလိုက်တာပဲ။ ဒီရောဂါက ရက်ရှည်စွဲပြီး ကုရတော့ အချိန်ကုန်မခံချင်လို့ ဆေးဝါးကိုဦးစားပေးတယ်။ ဆရာဝန်တွေအနေနဲ့ ဆေးဝါးပေးတာအပြင် စိတ်ရောဂါနဲ့ပတ်သက်ပြီး ဘာသာရေးတွေနဲ့ စိတ်အသိကို ပံ့ပိုးပေးတာမျိုးလုပ်ရမယ်’’ဟု အလုံမြို့နယ်မှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦး (ဂျီပီ)က အကြံပြုသည်။
‘‘စိတ်နဲ့ ပတ်ဝန်းကျင်က ဆက်စပ်မှုရှိတယ်။ ရုံးတွေမှာ အချိန်ပိုလုပ်ခဲ့ရတယ်။ အိပ်ရေးပျက်လာပြီး စိတ်ဖိစီးမှုတွေရှိလာတယ်။ နေ့စဉ်စိတ်ဖိစီးလာတယ်။ လူတွေစိတ်ဓာတ်ကျလာတာတွေရှိတယ်။ လွတ်လပ်မှုကို ထိန်းချုပ်ထားလို့ ကားကျပ်တယ်။ အဲဒါမျိုးတွေကြောင့် စိုးရိမ်မှုလွန်ကဲတာတွေရလာတယ်။ ဒါကြောင့် လုပ်ငန်းခွင်ဝင်နေတဲ့သူတွေကို အလုပ်ကနေ အနားယူဖို့ ခွင့်ပေးတာတို့၊ အနားယူစရာပန်းခြံလိုနေရာမျိုးတွေ ဖန်တီးပေးတာတို့ လုပ်ပေးသင့်တယ်’’ဟု ၎င်းက ဆက်လက်အကြံပြုသည်။
စိတ်ကျရောဂါမဖြစ်ပွားစေရန် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အာဟာရပြည့်ဝမျှတသော အစားအစာများစားသုံးခြင်းနှင့် ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်းတို့အပြင် တရားထိုင်ခြင်းကဲ့သို့ စိတ်ဖိစီးမှု လျှော့ကျစေမည့်နည်းလမ်းများ ကျင့်သုံးရန် လိုအပ်သည်။
‘‘တခြားနိုင်ငံတွေမှာ စိတ်ရောဂါနဲ့ ပတ်သက်ရင် ဖက်ရှင်တစ်မျိုးအနေနဲ့ ဆရာဝန်တွေဆီလာကြတယ်။ အဲဒါကြောင့် ပျောက်တာမြန်ပြီး လုပ်ငန်းခွင်ထဲကို မြန်မြန်ပြန်ဝင်နိုင်ကြတယ်။ မြန်မာနိုင်ငံမှာတော့ စိတ်ရောဂါဖြစ်တယ်ဆိုတဲ့ နာမည်အတပ်ခံရမှာ စိုးရိမ်နေဆဲပဲ။ ဒါကြောင့် စိတ်ကျန်းမာရေးဖြစ်ပြီဆိုရင် ဆရာဝန်ဆီအများဆုံးလာတာအကောင်းဆုံးပဲ’’ဟု ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော်က တိုက်တွန်းသည်။
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည်ပြည်သူလူထု၏ စိတ်ကျန်းမာရေးကောင်းမွန်ခြင်းနှင့် သက်ဆိုင်နေခြင်းကြောင့် ရုန်းကန်လှုပ်ရှားရသော ပတ်ဝန်းကျင်အနေအထားများကို ကောင်းမွန်စွာ မဖန်တီးပေးနိုင်ပါက စိတ်ဖိစီးမှုများပြီး စိတ်ကျရောဂါ ပိုမိုဖြစ်ပွားနေဦးမည်မှာ မလွဲဧကန်ဖြစ်ပါသည်။
‘‘နောက်ပိုင်းကျတော့ ဖိစီးမှုပိုများတော့ စိတ်ရောဂါတွေပိုများမယ်။ ဖြေရှင်းဖို့နည်းလမ်းလည်းမရှိဘူးဆိုရင် ဖြစ်ပွားတာက တက်လာဖို့ပဲရှိတယ်။ နောက်ဆိုရင် စိတ်ရောဂါက အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်လာနိုင်တယ်’’ဟု စိတ်ပညာဌာနပါမောက္ခ ဌာနမှူးဒေါက်တာ တင်ဦးကခန့်မှန်းသည်။
Credit -7Day Daily

0 comments:
Post a Comment