“ပထမဆုံး ချိန်းတွေ့ချိန်မှာ ဝေးဝေးရှောင်သင့်တဲ့ အစားအစာများ”

12316262_1509392146021420_9129889579210621066_n


ချစ်သူဆီက ချစ်အဖြေရပြီ။ “ဝေး …. ပျော်စရာကြီး။ လျှောက်လည်ကြမယ်”
ချစ်သူတွေ တရားဝင်ဖြစ်သွားပြီးတဲ့နောက် ပထမဆုံးအကြိမ် ချိန်းတွေ့ကြရတဲ့အခါ အတွေ့အကြုံ ရှိထားသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အနည်းနဲ့အများတော့ ရင်ခုန် စိတ်လှုပ်ရှားကြမှာပါ။
အကြည့်ချင်းဆုံတဲ့အခါ ရှက်ကိုးရှက်ကန်းဖြစ်မယ်၊ အပြုံးတွေ ဖလှယ်ကြမယ်၊ တချို့တွေလည်း အနမ်းတွေ အလဲအလှယ် လုပ်ချင်လုပ်ကြပါလိမ့်မယ်။
သေချာတာတစ်ခုကတော့ ဆိုင်တစ်ဆိုင်မှာထိုင်ပြီး တစ်ခုခုကို စားသောက်ကြမှာပဲ ဖြစ်ပါတယ်။
ဒီအဆင့်မှာ “အသွားမတော်ရင် တစ်လှမ်း၊ အစားမတော်ရင် တစ်လုပ်” ဆိုတဲ့ ဆိုရိုးစကားအတိုင်း မသွားသင့်တဲ့ဆိုင်ကိုသွားပြီး မစားသင့်တဲ့ အစားအစာမျိုးကိုများ စားလိုက်မိလို့ကတော့ သင့်ရဲ့ အချစ် နေ့ရက်ကလေးဟာ ပျက်စီးသွားနိုင်ပါတယ်။
ပထမဆုံး ချိန်းတွေ့မှုဟာ ဘယ်လို အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက် ဖြစ်စရာတွေ မရှိသင့်၊ မကြုံရသင့်ဘူးဆိုတာကို သင်လည်း လက်ခံတယ် မဟုတ်လား။
တကယ်လို့ သင်က အစားမက်သူဆိုရင်တောင် ပထမဆုံးချိန်းတွေ့ချိန်မှာ သင့်ကို အခက်တွေ့စေမယ့် မစားသင့်တဲ့ အစားအစာတွေကို အောင့်အီးတော့ပဲဖြစ်ဖြစ်
ရှောင်ကြဉ်လိုက်ပါ။ အဲဒီအတွက် အကျိုးခံစားရမှာပါ။
ဟမ်ဘာဂါ၊ ကြက်ကြော်
ချိန်းတွေ့တာဆိုတော့ အဲကွန်းကောင်းကောင်းနဲ့ အေးအေးဆေးဆေး ထိုင်လို့ကောင်းတဲ့ ဆိုင်မျိုးကို ရွေးတတ်ကြပါတယ်။
ဒီလိုဆိုင်အများစုကလည်း ဟမ်ဘာဂါလိုမျိုး အစားအစာတွေ ရနိုင်ပါတယ်။ သိပ်စားချင်တယ်ဆိုရင်တောင်မှ သည်းခံလိုက်ပါ။ မှာမစားပါနဲ့။ သင်လည်း သိတဲ့အတိုင်း ဟမ်ဘာဂါဆိုတာက လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး ပါးစပ်ကြီးကို အားပါးတရဖြဲပြီး ကိုက်စားမှသာ အဆင်ပြေတာ မဟုတ်လား။ သင့်အဖော်ရှေ့မှာ ကိုယ့်မှာရှိတဲ့ သွားတွေ အကုန်လုံးကို ဖွင့်ဟပြသချင်မှာတော့ မဟုတ်ပါဘူး။
ကြက်ကြော်လည်း အတူတူပါပဲ။ လက်နဲ့ စားရတဲ့ အစားအစာတွေ ဖြစ်တာမို့ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး ကြည်နူးနေရတဲ့အချိန်မှာ တကယ့်ကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဓား၊ ခက်ရင်းတို့နဲ့ ဖဲ့စားမယ်လို့တော့ မပြောနဲ့နော်။ ငါးနှစ်အရွယ်ကလေးလေး
လူကြီးလူကောင်းဟန်ဖမ်းနေတဲ့ပုံစံမျိုး ပေါက်နေပါလိမ့်မယ်။
ဒီတော့ ချစ်သူက KFC (သို့) Lotteria သွားမယ် လို့ အကြံပြုလာရင် No လို့သာ ပြောလိုက်ပါ။
အုန်းနို့ခေါက်ဆွဲ
မုန့်ဟင်းခါးကို ‘အိန္ဒြရှင်’ လို့ အမည်တပ်မယ်ဆိုရင် အုန်းနို့ခေါက်ဆွဲကိုတော့ ‘မာယာများသူ’ လို့ ခေါ်ဝေါ်သမုတ်ရပါမယ်။
မုန့်ဟင်းခါးဖတ်တွေဟာ ပျော့ပျော့အိအိလေးမို့ ဇွန်းနဲ့ လိုသလောက်လေး အဆင်ပြေပြေ
ခပ်စားလို့ရပါတယ်။
အုန့်နို့ခေါက်ဆွဲကိုတော့ အဆင်ပြေပြေနဲ့ စားနိုင်ဖို့ဆိုရင် အားထုတ်မှု လိုအပ်ပါတယ်။ ခေါက်ဆွဲဖတ်တွေက ရှည်လည်းရှည်၊ မုန့်ဟင်းခါးဖတ်လောက်လည်း မပျော့ပြောင်းပါဘူး။ အဲဒီခေါက်ဆွဲဖတ်တွေကို အုန်းနို့ရည်နဲ့ ရောလိုက်တဲ့အခါ ချောတောတောဖြစ်သွားတာက
ပြဿနာပါပဲ။ ဒီတော့ စားတဲ့အခါမှာ နည်းနည်းလေးများ သတိလွတ်သွားလိုက်တာနဲ့ ခေါက်ဆွဲဖတ်တွေက မေးစေ့ကို လာရိုက်နိုင်ပါတယ်။
ဟင်းရည်ထဲ ထည့်ချက်တဲ့ ကြက်ရိုးလေးတွေကလည်း နူးအိပြီး အရသာတွေ အကုန်စိမ့်ဝင်နေတာမို့ အင်မတန်မှ စားလို့ကောင်းပါတယ်။ ဒါပေမဲ့လည်း ကြက်လည်ပင်းရိုး (သို့) ခြေထောက်ရိုးကြီးကို အားပါးတရ ပျော်ပျော်ကြီး စုပ်စားနေလို့တော့ မဖြစ်ဘူးနော်။ သင့်ရဲ့ပထမဆုံး ချိန်းတွေ့မှုက နောက်ဆုံးအကြိမ် ဖြစ်သွားနိုင်ပါတယ်။
စပါကတီ
အီတလီစာထဲမှာ စပါကတီခေါက်ဆွဲဟာ နာမည်ကျော်သလို အင်မတန်မှလည်း စားလို့
ကောင်းပါတယ်။ မြန်မာတော်တော်များများလည်း ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့လည်း ရှည်လျားထွေပြားလှတဲ့ ခေါက်ဆွဲဖတ်ကြီးတွေကို ပါးစပ်ထဲ လှမ်းထည့်တဲ့အချိန်မှာ သင့်ကို အချိန်မရွေး ဒုက္ခပေးနိုင်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။
မြေအိုးမြီးရှည်၊ ဟော့ပေါ့
ချစ်သူရဲ့ရင်ခွင်က အေးမြကောင်း အေးမြပါလိမ့်မယ်။ ဒါပေမဲ့ အပူချိန် ၃၅ ဒီဂရီ စင်တီဂရိတ်ကျော် အောက်မှာ ပူပူစပ်စပ်အစားအစာတွေ စားလို့ကတော့ ချစ်သူ့ရင်ခွင်လည်း ချွေးတွေနဲ့ ရွှဲစိုသွားပါလိမ့်မယ်။ ပူလွန်းစပ်လွန်းလို့ နှာရည်တွေ၊ မျက်ရည်တွေ ထွက်လာတာမျိုးကိုတော့ ပထမဆုံး ချိန်းတွေ့မှုမှာ မဖြစ်တာ အကောင်းဆုံးပါပဲ။
ကဏန်းဟင်း၊ တညင်းသီး၊ ကြက်သွန်ဖြူ၊ ဒူးရင်းသီး
စားသောက်ဆိုင်မှာပဲဖြစ်ဖြစ်၊ ထမင်းဆိုင်မှာပဲဖြစ်ဖြစ် ထမင်းဝင်စားဖြစ်တယ် ဆိုပါစို့။
ယောင်လို့တောင်မှ ကဏန်းဟင်းကို မမှာမိပါစေနဲ့။ မှာလိုက်မိတယ်ဆိုရင်တော့ သင့်အနေနဲ့ ကိုယ့်ချစ်သူကို ရွေးမလား၊ ဒါမှမဟုတ် ကဏန်းဟင်းကို ရွေးမလား။ တစ်ခုခုကို ရွေးချယ်ရပါလိမ့်မယ်။
ကဏန်းကို ဇွန်း၊ ခက်ရင်းနဲ့ စားလို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ လူတိုင်း သိကြပါတယ်။ ကျွမ်းကျင်သူအဆင့် ဆိုရင်တောင်မှ ပန်းကန်ထဲက ကဏန်းကို တော်တော်လေး အာရုံစိုက်ပြီး စားရတာပါ။
ဒီတော့ သင်က ကဏန်းလက်မတစ်ချောင်းနဲ့ အလုပ်ရှုပ်နေမယ်ဆိုရင် သင့်အဖော်က သင်စားလို့ပြီးတာကို ထိုင်စောင့်နေရပါလိမ့်မယ်။ ဒါက မဖြစ်သင့်ဘူး မဟုတ်လား။
တညင်းသီးနဲ့ ကြက်သွန်ဖြူကတော့ အနံ့ပြင်းလွန်းတဲ့ အစားအစာတွေဆိုတာ အားလုံး သိပြီးသားပါ။ ကိုယ်မမှာရဘဲနဲ့ မျက်စိရှေ့က စားပွဲပေါ်မှာ ရှိနေတယ်ဆိုရင်တောင်မှ သွားမထိလိုက်ပါနဲ့။ ပူပူနွေးနွေး ချစ်သူရှေ့မှာ စိတ်အနှောင့်အယှက် မဖြစ်ချင်ဘူးဆိုရင်ပေါ့လေ။
အဆိုးဆုံးကတော့ ဒူးရင်းသီးပါပဲ။ လုံးဝ မစားမိစေပါနဲ့။ ဒူးရင်းသီးက ချစ်သူစုံတွဲတွေအတွက် ကဗျာမဆန်စေပါဘူး။
အာလူးပူရီ၊ တိုရှည်
ဒီအစားအစာမျိုးက လက်နဲ့ အားပါးတရစားမှ အရသာရှိတာလေ။ ဒီတော့ ဆီအိအိနဲ့ ပူရီရွက်၊ တိုရှည်ရွက်တွေကို အာလူးဟင်းရည်ခွက်ထဲ တို့နှစ်စားရပြီးတဲ့နောက် ဘာဖြစ်လာလိမ့်မယ်လို့ ထင်ပါသလဲ။
ချစ်သူက လက်ကလေးကို တယုတယနဲ့ ကိုင်လာတဲ့အခါ သင့်လက်ကြီးက ဟင်းနံ့စွဲနေရင်တော့ တော်တော်ကို ကဗျာမဆန် ဖြစ်သွားပါလိမ့်မယ်။ စားပြီးရင် လက်သွားဆေးလိုက်မှာပေါ့လို့တော့ ဆင်ခြေမတက်နဲ့နော်။ ပထမဆုံးချိန်းတွေ့ပွဲမှာ အရေးမပါတဲ့အရာတွေနဲ့ အဖိုးတန်တဲ့ အချိန်တွေကို မဖြုန်းချင်ဘူး မဟုတ်လား။
အမဲကင်၊ ပုစွန်တုပ်
ဒီလိုအနောက်တိုင်း ဟင်းမျိုးကိုတော့ ဒီကလူတိုင်း သိပ်မစားတတ်ကြပါဘူး။
အဲ ..အလွန်နှစ်သက်သူတွေလည်း ရှိနေတယ်ဆိုတော့ ပထမဆုံး ချိန်းချိန်မှာတော့ မစားပါနဲ့လို့ အကြံပေးပါရစေ။
ပန်းကန်ထဲက အမဲကင်တွေကို သင်က နှစ်နှစ်ခြိုက်ခြိုက်ကြီး စားပြလိုက်မယ်ဆိုရင်ဖြင့် သင့်ကို ‘အသားစားကျူးသူ’ လို့ တစ်ဖက်လူက တွေးမိကောင်း တွေးသွားနိုင်ပါတယ်။
နောက်တစ်မျိုးကတော့ ပုစွန်တုပ်ပါ။
ချစ်သူဆီက အမှတ်ရချင်တာမို့ ပုစွန်တုပ်လိုမျိုး ဈေးကြီးတဲ့ အစားအစားတွေကို အမျိုးသားတွေအနေနဲ့ မှာကောင်း မှာမိနိုင်ပါတယ်။ မလိုအပ်ဘဲ အပိုပိုက်ဆံတွေ မဖြုန်းပါနဲ့။ တစိမ်းတစ်ယောက်ရှေ့မှာ ပုစွန်ခေါင်းထဲက အဆီအနှစ်တွေလည်း ထုတ်စားလို့မရ၊ အမြှီးထဲမှာ ကျန်နေသေးတဲ့ အသားစတွေကလည်း ထုတ်ရတာခက်နဲ့ အရသာရှိလှတဲ့ ပုစွန်တုပ်ကြီးကို ပန်းကန်ထဲမှာ ဒီအတိုင်းထားခဲ့ပြီး အဆုံးသတ်လိုက်ရမှာပါပဲ။
Tacco
ရန်ကုန်မှာ မက္ကဆီကန်စားသောက်ဆိုင်တွေက တော်တော်လေးကို များလာတာဆိုတော့ မက္ကဆီကန် စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ချိန်းတွေ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မက္ကဆီကန်အစားအစာတွေက အင်မတန်မှ အရသာရှိတာမို့ ဒီအကြံက ကောင်းပါတယ်။ ဒါပေမဲ့ အစားအစာ အရွေးမမှားဖို့တော့ တစ်ချက် ဂရုစိုက်ပေးပါ။
Tacco လိုမျိုး လက်နဲ့ကိုင်ပြီး စားရတဲ့ဟာမျိုးကိုတော့ ပယ်စာရင်းထဲ ထည့်လိုက်ပါ။ အသီးအရွက်တွေ၊ ချိစ်တွေ၊ ဆော့စ်တွေ ရောထည့်ထားတဲ့ Tacco ဟာ လက်ကနေကိုင်ပြီး စားနေချိန်အတွင်းမှာ အရည်တွေဟာ လက်ချောင်းတွေနဲ့ လက်ဖ၀ါးပေါ်ကို အချိန်မရွေး စီးကျလာနိုင်ပါတယ်။ အဲလိုသာ ဖြစ်လာရင် သင်ဘယ်လိုလုပ်မလဲ …။
ပြောင်းဖူးပြုတ်
ပြောင်းဖူးပြုတ်လေးကိုက်စားပြီး ချစ်သူနဲ့ လမ်းလျှောက်ရတာ ကြည်နူးစရာ
ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သတိထားရမယ့် အချက်တွေကိုလည်း မမေ့သင့်ပါဘူး။ ပူပူနွေးနွေး ချစ်သူရှေ့မှာ ပြောင်းဖူးကြီးကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး ကြွက်ကိုက်သလို ကိုက်စားရဲလား။ လုပ်ရဲတယ်ဆိုရင်တော့ လုပ်ကြည့်ပါ။ ဒါမှမဟုတ် ဣနြေ္ဒရရနဲ့ တစ်လုံးချင်းစီ ခြွေစားမလား၊ ပြောင်းဖူးတစ်ဖူးလုံးကုန်ဖို့ အချိန် ဘယ်လောက်ပေးရမယ်လို့ ထင်ပါသလဲ။ စားလို့ ကုန်ပြီပဲ ထားပါတော့ …။ လက်နှစ်ဖက်ကို နမ်းကြည့်လိုက်ပါ။ အဲဒီအနံ့လေးကို သင့်အဖော်က ကြိုက်၊ မကြိုက်ဆိုတာကတော့ ကိုယ့်ဟာကိုယ်သာ စဉ်းစားကြည့်ပါတော့။
မို့မို့သော်
Credit: mmtimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment