မက်ဒေါနား၊ ဒေးဗစ် ဘက်ခမ်း၊ လေဒီဂါဂါနှင့် ဂျနီဖာလောရင့်ကဲ့သို့ နာမည်ကျော်များအပါအ၀င် ကမ္ဘာတ၀န်းလုံးမှ သန်းနှင့်ချီသော လူများအတွက် ခန္ဓာကိုယ်ပျော့ပျောင်းစေမှု၊ စိတ်ပိုင်းဆိုင်ရာ အသိကြွယ်စေမှုရှိစေရမည်ဟု ကတိပေးကာ ယောဂ (Yoga) သင်တန်း ဖွင့်လှစ်ခဲ့သည့် အသက် (၆၉) နှစ်အရွယ် ယောဂဂုရုဆရာကြီး Bikram Choudhury သည် ‘ဆိုးသွမ်းယုတ်မာသော လိင်ကိစ္စ သူရဲမရဲစီးနေသူတဦးဖြစ်ကြောင်း’ ၎င်း၏ ရှေ့နေဟောင်း အမျိုးသမီးက စွပ်စွဲခဲ့သည်။
အဆိုပါ အမျိုးသမီးရှေ့နေမှာ မီနက်ရှီဂျာဖာဘော့ဒင်ဆိုသူဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ လိင်ခွဲခြားဆက်ဆံမှုနှင့် ကျိုးကြောင်းမဲ့အလုပ်ထုတ်ပယ်မှု များဖြင့် ဘီကရမ်ခြောက်ဒရီအပေါ် စွဲဆိုထားသော အမှုအတွက် သူမအား လျော်ကြေးငွေ ပေါင်စတာလင် ငါးသန်းပေးလျော်စေရန် လော့စ်အင်ဂျလီ တရားရုံးဂျူရီအဖွဲ့က ပြီးခဲ့သော သီတင်းပတ်က အမိန့်ချခဲ့သည်။ ကာလကတ္တားမြို့တွင် မွေးဖွားသည့် ယောဂသင်တန်းများကို ဖွင့်ထားသော ယောဂီဘီကရမ်ခြောက်ဒရီသည် သူတော်ကြောင်တဦးဖြစ်ကြောင်း၊ သူမက မုဒိမ်းမှုတခုကို ဖုံးကွယ်ပေးရန်ငြင်းဆိုမှုကြောင့် သူမကို အလုပ်မှ ထုတ်ပစ်ခဲ့ကြောင်း မစ္စဘော့ဒင်က ပြောကြားခဲ့သည်။
အသက် (၄၆) နှစ်အရွယ်ရှိ ရှေ့နေမစ္စဂျာဖာဘော့ဒင်က ယောဂဂုရုကြီး ဘီကရမ်ခြောက်ဒရီ၏ လုပ်ရပ်များကို ရူးသွပ်သောလုပ်ရပ်များအဖြစ် ဖော်ပြပြီး The Mail သတင်းစာနှင့်တွေ့ဆုံ၍ ဘီကရမ်ခြောက်ဒရီ၏ အပြုအမူများနှင့်ပတ်သက်၍ ဖော်ပြရာ၌ ဘီကရမ်ခြောက်ဒရီသည် ပလ္လင်ပေါ်မှ ဘုရင်တပါးကဲ့သို့ထိုင်နေပြီး တပည့်အမျိုးသမီးများက သူ၏ဆံပင်ကို ပွတ်သပ်ပေးကာ ကျောကို နှိပ်နယ်ပေး ရကြောင်း၊ ပေါင်ပေါ်တွင် အ၀ါရောင် ခြုံစောင်တင်ထားပြီး ယင်းနောက်လိုက်များက ယုယုယယ ပွတ်သပ်ပေးရကြောင်း၊ ယောဂနည်း ပညာကို ဒေါ်လာ ထောင်သောင်းနှင့်ချီပေး၍ သင်ယူနေကြသည့် သင်တန်းသူ အငယ်လေးများကို လိင်ကိစ္စအနှောင့်အယှက်ပေးနေပြီး တဖက်မှလည်း အမျိုးသမီးဝန်ထမ်းများကိုလည်း နောက်ကွယ်တွင် ညစ်ညမ်းစွာနှိမ်ချဆဲရေးသည့်အပြင် သူမက အလုပ်ကိစ္စဖြင့် သွားရောက်စဉ် သူမ၏ရှေ့မှောက်မှာပင် ကျင်ငယ်စွန့်ခဲ့ကြောင်း ထုတ်ဖော်တင်ပြခဲ့သည်။
အမျိုးသမီးခြောက်ဦးကလည်း ဘီကရမ်ခြောက်ဒရီအား လိင်ကိစ္စတိုက်ခိုက်မှုဖြင့် အမေရိကန်တရားရုံးတွင် တရားမမှုဖြင့် တရားစွဲထားသည်။ ၎င်းတို့အနက် ငါးဦးမှာ မတရားပြုကျင့်ခံခဲ့ရသည်ဟုဆိုသော်လည်း ရာဇ၀တ်ကြောင်းအရ တရားစွဲဆိုခြင်းမရှိသေးချေ။
''သူဟာ ဘီကရမ်ခြောက်ဒရီ စကြ၀ဠာမှာ ဘုရားသခင်လို ယူဆထားပုံရတယ်။ ဘီကရမ်ခြောက်ဒရီရဲ့ ယောဂသင်တန်းသား သင်တန်းသူတွေဟာ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြတယ်။ အခြားယောဂပုံစံ တွေလိုပဲ ဘီကရမ်ခြောက်ဒရီဟာ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျဆင်းမှုနဲ့ စိုးရိမ်သောကတွေ ဖြေရှင်းရာမှာ အကူအညီပေးတယ်။ သူဟာ လူတွေအတွက် ကုထုံးနည်း လေ့ကျင့်ခန်းတွေ ဖန်တီးပေးတယ်။ ပြီးတော့မှ သူတို့ကို သားကောင်အဖြစ် သဘောထားပြီး အခွင့်အရေးယူတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ အရောတ၀င် ဖက်လဲတကင်းနေတယ်''ဟု မစ္စဂျာဖာဘော့ဒင်က ပြောခဲ့သည်။
မစ္စဂျာဖာဘော့ဒင်သည် အသက် (၁၆) နှစ်အရွယ်ကပင် ဗြိတိန်နိုင်ငံ၌ ပညာဆက်လက်သင်ယူရန် ရောက်ရှိခဲ့ပြီး ဘာမင်ဂန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရခဲ့သည်။ ဗြိတိန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး အိန္ဒိယသို့ ပြန်လာခဲ့ချိန်တွင် ဘီကရမ်ခြောက်ဒရီ၏ ယောဂသင်တန်းအကြောင်းနှင့် ရှေ့နေတဦး အလိုရှိကြောင်း အသိအကျွမ်းတဦးထံမှတဆင့် ကြားသိခဲ့ရသည်။ ဤသို့ဖြင့် မစ္စဘော့ဒင်သည် တနှစ်လျှင် ပေါင်စတာလင် ၉၀,၀၀၀ဖြင့် ဘီကရမ်ခြောက်ဒရီ၏ ကိုယ်ပိုင်ရှေ့နေအဖြစ် လုပ်ကိုင်ရန် လော့စ်အင်ဂျလီသို့ပြောင်းရွှေ့ခဲ့သည်။ မစ္စဘော့ဒင်သည် အိမ်ထောင်ကွဲ ကလေးတယောက်မိခင်ဖြစ်ပြီး ဘီကရမ်ခြောက်ဒရီက ငှားရမ်းပေးသော တိုက်ခန်းတခုတွင် နေထိုင်ခဲ့သည်။
ဘီကရမ်ခြောက်ဒရီသည် ၁၉၇၀ ပြည့်နှစ်ကပင် ဆန်ဖရန်စစ္စကို၌ ယောဂကျောင်းစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ ဆိုလျှင် နိုင်ငံပေါင်း ၃၀ ၌ ဘီကရမ်ခြောက်ဒရီ ယောဂကျောင်း ၇၀၀ ခန့်ဖွင့်လှစ်ကာ ပေါင်စတာလင် သန်းလေး ဆယ် ချမ်းသာလျက်ရှိသည်။ ဘီကရမ် ခြောက်ဒရီနှင့် ၃၁ နှစ်တာ ပေါင်းသင်းခဲ့သောဇနီးဖြစ်သည့် ရာဂျာရှာရီဆိုသည့် အမျိုးသမီးသည်လည်း ပြီးခဲ့သောနှစ် ဒီဇင်ဘာလက ကွာရှင်းခွင့် တောင်းထားသည်။
''သူ့ကို စတွေ့ရင်တော့ အင်မတန်နှစ်လိုစရာကောင်းတဲ့ လူတယောက်ပါပဲ။ ဒါပေမဲ့ ကြာကြာမခံဘူး။ ဘီကရမ်ခြောက်ဒရီက သူ့ကိုယ်သူ ဘာသာရေးခေါင်းဆောင်လို ပုံဖော်ထားတယ်။ သူ့အပေါ် ရိုသေကိုင်းရှိုင်းရတယ်။ လုံးဝ လေးစားရတယ်။ ဆန့်ကျင်တဲ့သူဆို သူက လုံးဝ သည်းမခံဘူး''ဟု မစ္စဂျာဖာဘော့ဒင်က ပြောသည်။
မစ္စဂျာဖာဘော့ဒင်သည် ဘီကရမ်ခြောက်ဒရီ၏ရှေ့နေအဖြစ်ဆောင်ရွက်ရင်း ၎င်း၏ လိင်ကိစ္စချိုးဖောက်မှုများအတွက် တိုင်စာများရရှိလာချိန်တွင် ဘီကရမ်ခြောက်ဒရီ၏ သရုပ်မှန်ကို စတင်တွေ့ရှိလာရသည်။ သူမ၏ရှေ့တွင်လည်း လက်ချောင်းများကြားမှ လျှာထုတ်ပြခြင်းစသည့် ခြေဟန်လက်ဟန်များဖြင့် လိင်ကိစ္စဆိုင်ရာ အမူအရာများ လုပ်ပြခဲ့သည်ဟု ဆိုသည်။ ၎င်းအပေါ် မကျေမနပ်တိုင်ကြားသည့် အမျိုးသမီးများကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ငြင်းဆန်ခဲ့မှုကြောင့် ဘီကရမ်ခြောက်ဒရီက သူမကို ရန်ရှာခဲ့သည်ဟု ဆိုသည်။
ဘီကရမ်ခြောက်ဒရီသည် ၎င်း၏ ယောဂလေ့ကျင့်ရုံကို အပူချိန် ၁၀၅ စင်တီဂရိတ်အထိပေးထားပြီး မိနစ် ၉၀ ကြာ လေ့ကျင့်ခိုင်းသည်။ ဘီကရမ်ခြောက်ဒရီ၏ အဓိက၀င်ငွေမှာ ယောဂသင်တန်းနှင့် ကမ္ဘာတ၀န်း ရှိသင်တန်းကျောင်းများမှရရှိသည်။ တနှစ်လျှင် နှစ်ကြိမ် ၎င်း၏ လော့စ်အင်ဂျလီသင်တန်းသို့ အထူးသဖြင့် အမျိုးသမီးငယ်များပါဝင်သော ယောဂဆရာဖြစ်သင်တန်းသို့ လူပေါင်းရာနှင့်ချီ လာရောက်ကြသည်။ ကိုးပတ်ကြာ ယင်းသင်တန်းအတွက် တဦးလျှင် ပေါင်စတာလင် ၁၀,၀၀၀ ပေးကြရသည်။ လူတော်တော်များများကမူ သူ့ကို ဂုရုဆရာကြီးဟု သဘောထားကြသည်။ သူနှင့် ကပ်ပါးရပ်ပါး လုပ်နိုင်ရေးအတွက် မည်သည့်အရာမဆို လုပ်ရန်ဝန်မလေးကြဟု ဆိုသည်။
အဆိုးရွားဆုံး အပြုအမူမှာ ယောဂဆရာဖြစ်သင်တန်းတွင်ဖြစ်ကြောင်း မစ္စဘော့ဒင်က ပြောသည်။ ကျယ်ပြန့်လှသော အခန်းကြီးတွင် ပလ္လင်တခုပေါ်၌ ဘီကရမ်ခြောက်ဒရီက ထိုင်နေပြီး ၎င်းအား လေအေးပေးစက်ဖြင့် အေးမြအောင် လုပ်ထားချိန်တွင် ကျန်သင်တန်းသားများမှ အပူလွန်ကဲသော အခန်းထဲတွင် ချွေးတဒီးဒီးကျကာ လေ့ကျင့်နေရသည်။ သင်တန်းပေးနေချိန်တွင် အဆိုပါပလ္လင်ကို အောက်သို့နှိမ့်ချထားပြီး အမျိုးသမီးတဦးက ဆံပင်ကို ဖြီးလိမ်းပေးနေစဉ် အခြားအမျိုးသမီးများက ၎င်းအား နှိပ်နယ်ပွတ်သပ်ပေးနေရသည်ဟု ဆိုသည်။
ဘီကရမ်ခြောက်ဒရီ၏ ကမ္ဘာတ၀န်းရှိ လက်စွဲသင်တန်းများသည် ၎င်း၏ သားကောင်များ စုဆောင်းပေးရာ နေရာများဖြစ်နေကြောင်း မစ္စဘော့ဒင်က ပြောပြခဲ့သည်။ သို့သော်လည်း အမျိုးသမီးငယ်များမှာ ဘီကရမ်ခြောက်ဒရီ၏ သင်တန်းကျောင်းသည် သူတို့ဘ၀အတွက် အိပ်မက်ဆိုးဖြစ်မည်ကိုမူ မသိကြဟု ဆိုသည်။ ''အမျိုးသမီးတွေက အသက် (၂၁) နှစ်၊ (၂၂) နှစ်လောက်ပဲရှိတယ်။ သူဟာ ဟိုတယ်က တကယ့် ဇိမ်ခံ အခန်းကြီးထဲမှာနေပြီး ဒီအမျိုးသမီးတွေကို ဆင့်ခေါ်တယ်။ ဒီနေရာမှာ အချို့ အမျိုးသမီးတွေက သူတို့ကို မတရားပြုကျင့်တယ်လို့ ပြောကြတယ်''ဟု မစ္စဘော့ဒင်က ပြောပြသည်။
ဂုရုကြီး ဘီကရမ်ခြောက်ဒရီသည် ၎င်း၏ အိမ်တွင် နာမည်ကျော် ပုဂ္ဂိုလ်များနှင့်တွဲ၍ရိုက်ထားသောဓာတ်ပုံများ ချိတ်ဆွဲထားသည့် ရုပ်ရှင်မင်းသမီး ရှာလီမက္ကလိန်သည် ဂုရုကြီး၏ အစောဆုံးဖောက်သည်တဦး ဖြစ်ခဲ့သည်။ အဲဗစ်ပရက်စလေ၊ အမေရိကန်သမ္မတဟောင်း ကလင်တန်တို့နှင့်တွဲ၍ ရိုက်ထားသော ဓာတ်ပုံများလည်းရှိသည်။
''တညမှာ ကျွန်မက သူနဲ့တိုင်ပင်ဆွေးနွေးစရာရှိလို့သွားတယ်။ သူက အခန်းထဲက အိပ်ရာပေါ်က အိပ်ရာခင်း အောက်မှာ လှဲနေတယ်။ ကျွန်မကို အိပ်ရာကို လက်နဲ့ပုတ်ပြပြီး ခေါ်တယ်။ အိပ်ရာခင်းအောက်ကို ၀င်ဖို့ပြောတဲ့ သဘောပါပဲ။ ကျွန်မ တုန်လှုပ်သွားမိတယ်။ ကျွန်မ ရှောင်ထွက်ပြေးခဲ့ရတယ်''ဟု မစ္စဘော့ဒင်ကို မုဒိမ်းမှုစွပ်စွဲချက်များ ဖုံးဖိပေးရန် ငြင်းဆန်မှုကြောင့် ၂၀၁၃ ခုနှစ် မတ်လတွင် အလုပ်မှထုတ်ပစ်ခဲ့သည်။ မစ္စဘော့ဒင်က နောက်ဆုံးတွင် ဘီကရမ်ခြောက်ဒရီအား တရားစွဲဆိုခဲ့ ခြင်းဖြစ်သည်။
''လူတွေက ဘီကရမ်ခြောက်ဒရီကို ဆန့်ကျင်ဖို့ ကြောက်နေကြတယ်။ ကျွန်မကတော့ ဒီလိုကြောက်လန့်မှုကို တွန်းလှန်ဖို့ မကြောက်ရဘူးဆိုတာ ကျွန်မရဲ့ (၁၁) နှစ် သမီးလေးကို ပြချင်ပါတယ်''ဟု မစ္စဘော့ဒင်က ဆို သည်။ ဘီကရမ်ခြောက်ဒရီကမူ ၎င်း အမှားမလုပ်ခဲ့ကြောင်း၊ လိင်ကိစ္စစော်ကားမှု မကျူးလွန်ခဲ့ကြောင်း တရားရုံးတွင် ငြင်းဆိုခဲ့သည်။ ပြီးခဲ့သောညကမူ ဘီကရမ်ခြောက်ဒရီသည် ၎င်းက ပေါင်စတာလင် ၁၅ သန်းတန် သော အိမ်ဂေဟာကြီးတွင်ရှိနေပြီး ၎င်း၏ ရှေ့နေအဖွဲ့ကမူ အယူခံဝင်မည်ဟု မျှော်လင့်ရသည်။
ထွဋ်ဝင်းထွဋ်
(Ref; Daily Mail)
https://www.facebook.com/NewsWatchJournal/
0 comments:
Post a Comment