မိခင်နို့တိုက်ကျွေးခြင်းက ကလေးများ၏ကျန်းမာရေးကိုသာ ကောင်းမွန်စေသည်မဟုတ်ဘဲ မိခင်၏နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် သွေးထဲကိုလက်စထရောမြင့်မားမှုအန္တရာယ်များကိုပါ လျှော့ချပေးနိုင်သည်။
ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမီးဖွားခြင်းမှာ မီးဖွားခန်းတွင်အဆုံးသတ်သည့် ကိုးလကြာခရီးတစ်ခုသာဖြစ်သည်ဟု ဆရာဝန်များနှင့် မိခင်လောင်းများ ထင်မှတ်နေခြင်းမှာ ကြီးမားသောအမှားတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံ ပစ်ဘက်မြို့ရှိ အမျိုးသမီးကျန်းမာရေးသုတေသနဌာန ညွှန်ကြားရေးမှူးဒေါက်တာ အဲလီနောဘမ်လာရှဝပ်စ်က ပြောကြားသည်။
မီးဖွားပြီးနောက်လများမှာလည်း မိခင်နှင့် ကလေးကြား နို့ချိုတိုက်ကျွေးခြင်းဖြင့် ရေရှည်ကျန်းမာရေးအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ချိန်ဖြစ်၍ အလွန်အရေးကြီးကြောင်း ၎င်းက ပြောသည်။
ကလေးများအား မိခင်နို့တိုက်ကျွေးခြင်းမှာ ၎င်းတို့၏ ကိုယ်ခံအားစနစ်ကို အားကောင်းစေပြီး ဓာတ်မတည့်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်နိုင်သည့် အန္တရာယ်ကို လျှော့ချပေးနိုင်ကြောင်း ဆရာဝန်များ အသိအမှတ်ပြုထားသည်မှာ ကြာပြီဖြစ်သည်။ ကလေးများကို နို့တိုက်ခြင်းသည် အမျိုးသမီးများသေဆုံးမှု၏အဓိကတရားခံဖြစ်သော နှလုံးရောဂါဖြစ်ပွားနိုင်မှုအန္တရာယ်များကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။
မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေး၏ကျန်းမာရေးအတွက်သာမဟုတ်ဘဲ မိခင်၏ကျန်းမာရေးအတွက်ပါကောင်းသည်ဟု ဒေါက်တာရှဝပ်စ်က ပြောသည်။ နို့တိုက်ခြင်းကြောင့် နှလုံးရောဂါအန္တရာယ်များအပေါ် အကျိုးသက်ရောက်မှုကို သိရှိနိုင်ရန် ဒေါက်တာရှဝပ်စ်ဦးဆောင်သော ပညာရှင်များက အမျိုးသမီးပေါင်း ၁၄,၀၀၀နီးပါးကို လေ့လာခဲ့သည်။
ကလေးများကို ခုနစ် လမှ ၁၂ လအထိ နို့တိုက်ကျွေးသော အမျိုးသမီးများမှာ သွေးတိုးခြင်း၊ ဆီးချိုရောဂါနှင့် ကိုလက်စထရောမြင့်မားမှု အန္တရာယ်များအပါအဝင်အခြားကျန်းမာရေးအန္တရာယ်များ လျော့ကျသွားကြောင်း လေ့လာမှုက ဖော်ပြသည်။ —Ref: BBC
Source:7daydaily.com

0 comments:
Post a Comment