တောင်တက်သမားနှစ်ဦးကို ရှာဖွေသော ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံးနေ

ရဟတ်ယာဉ်မောင်းနှစ်ဦးအပါအဝင် လူသုံးဦးလိုက်ပါသွားပြီး ပူတာအိုလေဆိပ်မှ တဟွန်ဒမ်းရွာသို့ ပျံသန်းစဉ် ပျောက်ဆုံးနေသော B4 အမျိုးအစားရဟတ်ယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ − ထူးဖောင်ဒေးရှင်း)
ခါကာဘိုရာဇီတောင်တွင် ပျောက် ဆုံးနေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် ရဟတ် ယာဉ်တစ်စီး စက်တင်ဘာ ၂၇ ရက်တွင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ရှာဖွေရေးလုပ်ငန်းများ နောက်ဆုံးနေ့ ဟု သတ်မှတ်ထားသော စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် B4 အမျိုး အစား ရဟတ်ယာဉ်မှာ ပူတာအိုလေဆိပ်မှ ကယ်ဆယ်ရေးအဖွဲ့ အခြေစိုက်စခန်းရှိရာ တဟွန်ဒမ်းကျေးရွာသို့ ရိက္ခာပို့စဉ် ပျံသန်းပြီး မိနစ် ၂၀ ခန့်အကြာ၌ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားကြောင်း ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။
ရဟတ်ယာဉ်မောင်းမှာ အတွေ့အကြုံများကာ ကျွမ်းကျင်သည့်အတွက် ရာသီဥတုမကောင်း၍ အရေးပေါ်ဆင်းသက်ခြင်းမျိုးဖြစ်နိုင်သည်ဟု မျှော်လင့်ကြောင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောသည်။
ပျောက်ဆုံးနေသော B4 လေယာဉ်ရှေ့တွင် ဦးတေဇ၊ ထိုင်းရဟတ်ယာဉ်မောင်းနှစ်ဦးနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ (ဓာတ်ပုံ − U Tay Za Facebook)
‘‘ထိုင်းနိုင်ငံကနေ ငှားထား တဲ့ ဟယ်ရီကော်ပတာ၊ နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ ပူတာအို လေယာဉ်ကွင်းကနေ ထွက်သွား တာ။ သူတို့က ကျွန်တော်တို့ဆီ တော့ အကြောင်းမကြားဘူးဗျာ။ လေယာဉ်က ကွင်းကတက်သွား ကတည်းက ကျွန်တော်တို့က ထွက်ချိန်ပဲ သိရတာ။ ဟိုဘက်ကို ရောက်ချိန်တန်လို့ မရောက်တဲ့အခါကျမှ သိရတာ။ လူက သုံးဦး ပါသွားတယ် ’’ဟု ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောသည်။
ရဟတ်ယာဉ်ပေါ်တွင် လူသုံးဦး ပါသွားပြီး ထိုင်းရဟတ်ယာဉ်မှူး Mr.Chat Chawal ၊ ရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် နမားဂျွန်ဆင်၏ တူဖြစ်သောဦးရွှေရင်တော်ကြီးတို့ ဖြစ်သည်။
အဆက်အသွယ်ပြတ်တောက်နေသော ရဟတ်ယာဉ်ကို အဆက်အသွယ်ရရှိနိုင်ရန် ဦးတေဇနှင့် ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များသည် အချိန်နှင့်တစ်ပြေးညီ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြောင်း ထူးဖောင်ဒေးရှင်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဟတ်ယာဉ်အဆက်အသွယ်ပြတ်တောက်နေကြောင်းသက်ဆိုင်ရာစစ်တိုင်းဌာနချုပ်မှတစ်ဆင့် သမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနအသီးသီးသို့ အကြောင်းကြားထားသည်။ ရဟတ်ယာဉ်ပေါ်တွင် ကယ်ဆယ်ရေးပစ္စည်းရိက္ခာများပါသွားခဲ့သည်။
သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ ပျောက်ဆုံးနေသောတောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင်ဦးဆောင်၍ လုပ်ကိုင်နေသည်။
ခါကာဘိုရာဇီ တောင်တွင် ရာသီ ဥတုဆိုးရွားလျက်ရှိသော်လည်း ဝေဟင်ရှာဖွေမှုများကို ပြုလုပ်လျက်ရှိပြီး၊ Beech Aircraftလေယာဉ်တစ်စီး၊ ထူးဖောင်ဒေးရှင်းမှ B3 လေယာဉ်နှစ်စီး၊ ထိုင်းနိုင်ငံမှ ငှားရမ်းထားသော B4ရဟတ် ယာဉ်တစ်စီးတို့ကို အသုံးပြုရှာဖွေလျက်ရှိသည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment