သူတို့တွေကတော့ The Infrastructure of Myanmar လုပ်ငန်း ကုမ္ပဏီအုပ်စုက မန်နေးဂျင်းဒါရိုက်တာ ဦးသန်းဦး၊ ဦးခင်မောင်တိုးနဲ့ အဖွဲ့ဝင်တွေပါ။ စက်တင်ဘာ ၁၃ ရက် ရန်ကုန် စင်ထရယ်ဟိုတယ် မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူတို့က မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံးဖြစ် လာမယ်လို့ ကြံစည်ထားတဲ့ တန်ဖိုးနည်းအိမ်ရာ မဟာစီမံကိန်းကြီးတစ်ခု ချပြခဲ့ပါတယ်။ လူတစ်ယောက်ဟာ တစ်လ ကျပ်သုံးသောင်း မှန်မှန်သွင်းရုံနဲ့ နှစ်ပေါင်း ၃၀ ပေးသွင်းသွားရင် စတုရန်း ပေ ၆၀၀ ကျယ်တဲ့ တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင် ပြီဆိုတဲ့ အစီအစဉ်ပါ။ အဲဒီ အစီအစဉ်အတွက် တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ တိုက်ခန်းပေါင်း နှစ်သန်းကျော် အကောင်အထည်ဖော် မယ်လို့ ဆိုပါတယ်။ သာမန်ပြည်သူတွေ နားလည်အောင်ရှင်းပြရရင် တစ်လကျပ် သုံးသောင်းနဲ့ နှစ် ၃၀ သွင်းရမှာဆိုတော့ တိုက်ခန်းတစ်ခန်းတန်ဖိုး ၁၀၈ သိန်းပါ။ တိုက်ခန်းပေါင်း နှစ်သန်း အကောင်အထည် ဖော်မယ်ဆိုတော့ ကျပ်ငွေ သန်းပေါင်း ၂၁၆ သိန်း၊ ၂၁,၆၀၀ ဘီလီယံ၊ ကျပ်ငွေ ၂၁ ဒသမ ၆ ထရီလီယံ၊ ဒေါ်လာနဲ့ဆို ၂၁ ဘီလီယံ ကျော်ပါတယ်။ ဒေါ်လာ ၂၁ ဘီလီယံကျော်လောက် တန်ကြေးရှိတဲ့ တကယ့် ဟဲဗီး ဟဲဗီး ဧရာမစီမံကိန်းကြီးပါ။ တလောတုန်းက လူတွေ တုန်လှုပ်ခဲ့ကြတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေရဲ့ ၁၅ ဘီလီယံတန် ရန်ကုန်မြို့သစ် စီမံကိန်းကြီးကိုတောင် အပြတ်အ သတ်ဗိုလ်စွဲသွားပါပြီ။ နည်းနည်းနောနော ကြီးတာမဟုတ်ပါဘူး။
အဲ အဲဒီ စီမံကိန်းကြီးကို The Infra-structure of Myanmar နဲ့  Royal Summit ကုမ္ပဏီက ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီး ဘယ်လို အကောင်အထည်ဖော်မလဲ စူးစမ်းကြည့်ရအောင်ပါ။ စီမံကိန်းအကောင် အထည်ဖော်မယ့်သူတွေ တော်ချက်က အဲဒီစီမံကိန်းကြီး အကောင်အထည်ဖော်ဖို့ သူတို့အနေနဲ့ ရင်းနှီးမြှုပ် နှံမှု တစ်ကျပ်တစ်ပြားမှ ထည့်စရာ မလိုပါဘူးတဲ့။ ပြည်သူတွေ ထည့်ဝင်ငွေနဲ့ချည်း ဆောင်ရွက်မှာပါတဲ့။ တိုက်ခန်း နှစ်သန်းအတွက် ပြည်သူတွေ တစ်လကျပ် သုံးသောင်းစီ ထည့်လိုက်တယ်ဆိုရင်တောင် တစ်လ အတွင်း ကျပ်သန်းပေါင်း ခြောက်သောင်း၊ တစ်နည်း ကျပ် ဘီလီယံ ၆၀ လောက်ရမှာမို့ အဲဒီငွေတွေနဲ့ စပြီး အကောင်အထည်ဖော်လို့ ရပြီလို့ဆိုပါတယ်။
သတင်းထောက်တွေ နောက်ထပ် သိချင်တာက ဘယ်မြေကွက်ပေါ်တွေမှာ ဆောက်မှာလဲဆိုတာပါ။ ဒါက လည်း အဲဒီ ဉာဏ်ကြီးရှင်အဖွဲ့က အေးအေးဆေးဆေးပါပဲ။ လယ်ပိုင်တဲ့ လယ်သမားတွေ၊ မြေပိုင်တဲ့မြေ ပိုင်ရှင်တွေနဲ့ ဆွေးနွေးမယ်၊ အဲဒီ လယ်ပိုင်ရှင် မြေပိုင်ရှင်တွေကို ထွက်လာတဲ့ အခန်းရဲ့ ၂၀ ရာခိုင်နှုန်းပေး မယ်၊ လယ်တစ်ဧက မြေပေါ်မှာဆောက်ရင် အခန်း ၁၆၀ ထွက်မယ်၊ ဒီတော့ လယ်သမားက ၃၂ ခန်းရ မယ်၊ ဆိုတော့ လယ်တစ်ဧက ကျပ်သိန်းငါးထောင်ကျော်ရမှာပေါ့ဆိုပြီး ပြန်ဖြေပါတယ်။ တွက်ရေးကတော့ တကယ့်စက်သူဌေးပါပဲ။ စက်က ဘယ်နေမှန်း မသိတာပါ။
ဒီဉာဏ်ကြီးရှင်တွေ နောက်ထပ် ရဲရဲရင့်ရင့် ကတိပြုလိုက်ပြန်တာတစ်ခုက ပြည်သူတွေအနေနဲ့ တစ်လကျပ် သုံးသောင်းသာ မှန်မှန်သွင်း၊ နှစ်နှစ်ပြည့်တာနဲ့ အဲဒီအခန်းတွေမှာတက်ပြီး နေနိုင်စေရမယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းရဲ့ အဓိက ပြဿနာ အဲဒီနေရာမှာ ရှိနေပါတယ်။ ဒါဟာ မဖြစ်နိုင်တဲ့အကြောင်းနဲ့ အလားတူဇာတ် လမ်းမျိုး အရင် ၁၄ နှစ်လောက်က ရှိခဲ့တဲ့အကြောင်း ရှင်းပြပါ့မယ်။
နမူနာအားဖြင့် လူပေါင်း တစ်သောင်းတိတိ အဲဒီကုမ္ပဏီရဲ့ တိုက်ခန်းတွေ ၀ယ်ယူမယ်ဆိုပြီး အဆိုပြု၊ ငွေ လည်း တစ်လ ကျပ်သုံးသောင်း မှန်မှန် သွင်းတယ်ဆိုပါစို့။ တစ်လကို ကျပ်ငွေ သိန်း သုံးထောင် ၀င်ပါမယ်။ တစ်နှစ်ဆို သိန်းပေါင်း ၃၆,၀၀၀ ရပါမယ်။ နှစ်နှစ်ဆို ကျပ်ငွေ သိန်း ၇၂,၀၀၀ ပါ။ အဲဒီ သိန်း ၇၂,၀၀၀ နဲ့ အခန်းတစ်သောင်း ဘယ်လိုဆောက်လို့ ပြီးမလဲ မေးခွန်းထုတ်စရာပါ။ ပျမ်းမျှ တစ်ခန်းခုနစ်သိန်း နှစ်သောင်းလောက် ငွေနဲ့ တိုက်ခန်း ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ အားလုံးနားလည်ကြပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ မေးသူမရှိလို့ သူတို့ မဖြေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သူတို့ အစီအစဉ်ဟာ ငွေမှန်မှန် သွင်းသူတွေထဲက လူတချို့ကို နှစ်နှစ်အကြာမှာ စပြီးနေရာချပေးနိုင်မယ် ဆိုတာမျိုးပါ။ ငွေမှန်မှန် သွင်းသူတိုင်းကို နှစ်နှစ်ပြည့်တာနဲ့ တိုက်ခန်းမှာ နေခွင့်ရဦးမှာ မဟုတ်ဘဲ ပြီးစီးတဲ့ တိုက်ခန်းတချို့မှာနေခွင့် ပေးမယ်၊ ဘယ်သူတွေနေခွင့်ရမလဲ ဆိုတာကိုတော့ မဲဖောက်ပြီးရွေးချယ်သွားမယ်၊ လစဉ် ဒါမှမဟုတ် အပတ်စဉ် မဲဖောက်ရွေးချယ်သွားမယ်ဆိုတာမျိုးပဲ ဖြစ်နိုင်ပါတယ်။
ပြောရရင် ခုလိုအစီအစဉ်မျိုးဟာ မြန်မာပြည်မှာ ဒါပထမဦးဆုံးတော့ မဟုတ်ပါဘူး။ ၂၀၀၀ ခုနှစ်တုန်း က “ပန်” ဆောက်လုပ်ရေးကုမ္ပဏီဟာ ခုလိုပဲ ပြည်သူတွေကို တစ်ယောက် တစ်လ ကျပ် ၂,၀၀၀ စီ ရိုးမဘဏ်မှာ ငွေထည့်ခိုင်းပါတယ်။ သူတို့အဆို အစုပေါင်းတစ်သိန်း ပြည့်အောင်စုမယ်လို့ ဆိုပါတယ်။အဲဒီ လစဉ်ဝင်လာတဲ့ ငွေတွေကို အရင်းအနှီးပြုပြီး ပန်ဆောက်လုပ်ရေးက တိုက်ခန်းတွေ ဆောက်ပါတယ်။ အဲဒီခေတ်က ငွေနဲ့ တစ်ခန်း ကျပ် သိန်း ၄၀ လောက် သတ်မှတ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်လ နှစ်လ တစ် ကြိမ်လောက် ဆောက်ပြီးတဲ့အခန်းတွေကို မဲနှိုက်ပွဲလုပ်ပါတယ်။ မဲနှိုက်ပွဲတွေမှာ ငွေထည့်ထားတဲ့လူတွေ ကြိတ်ကြိတ်တိုးပါပဲ။ ဒါပေမဲ့ တကယ့်တကယ် လက်တွေ့မှာ ငွေမှန်မှန် ထည့်ထားသူတိုင်း တိုက်ခန်း ရဖို့ဆို တာ တစ်နှစ်၊ ငါးနှစ်၊ ဆယ်နှစ်၊ နှစ် ငါးဆယ်မှာ ရကိုရရမယ်လို့ ကုမ္ပဏီက အာမမခံနိုင်ပါဘူး။ ဒီ ပြဿနာ သတင်း မီဒီယာတွေက စုံစမ်းဖော်ထုတ် Investi-gative Reporting တွေ ဖော်ပြခဲ့ကြလို့ နောက်ဆုံး ရပ် ဆိုင်းသွားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငွေသွင်းထားတဲ့ ပြည်သူတွေကတော့ နစ်နာခဲ့ကြတာပါပဲ။
အခုလည်း ခပ်တည်တည်နဲ့ ပြည်သူတွေ လိုအပ်ချက်ဆိုပြီး တစ်လ ကျပ် သုံးသောင်းသွင်း၊ နှစ်နှစ်ပြည့်ရင် တိုက်ခန်းပေါ် တက်နေရမယ်၊ နှစ်ပေါင်း ၃၀ ပြည့်ရင် တိုက်ခန်းပိုင်မယ်ဆိုပြီး ကြေညာပြန်ပါပြီ။ သူတို့ကို အသေအချာမေးဖို့လိုတာက နှစ်နှစ်ပြည့်သူတိုင်း တကယ်ပဲ အဲဒီတိုက်ခန်းပေါ် တက်နေရမှာလား၊ နေခွင့် မရခဲ့ဘူးဆိုရင် ဘယ်လိုပြန်လျော်ပေးမလဲ ဆိုတာပါ။ အရင် ၂၀၀၀ ခုနှစ် ပန် ဆောက်လုပ်ရေးတုန်း က တော့ ငွေကို ရိုးမဘဏ် အကောင့်ထဲ သွင်းပေးရပါတယ်။ ဘဏ်မှာ သွင်းရတာဆိုတော့ မလိမ်လောက်ဘူး လို့ ပြည်သူတွေက ထင်ခဲ့ကြတာပါ။ အခု တစ်ခေါက်တော့ စာနယ်ဇင်း သတင်းမီဒီယာ တွေကိုပါ ဒီလုပ် ငန်းထဲ ဆွဲသွင်းဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။ စာနယ်ဇင်းနဲ့ ဘဏ်အကောင့်ကြောင့် မလိမ်ဘူးလို့ ပြည် သူတွေ ထင်ပြီးငွေထည့်ရင် အဲဒီစာနယ်ဇင်းတွေလည်း အရှက်ကွဲရပါလိမ့်မယ်။ သတိထားပါ။ အဲဒီ ပုဂ်္ဂိုလ် တွေဟာ သတင်းစာရှင်းလင်းပွဲမှာ သူတို့ လိပ်စာကတ်တွေကိုတောင် မပေးဘူးတဲ့။
Source: MIZZIMA
0 comments:
Post a Comment