ကြံ့ခိုင်ရေး ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသားပိုင် ကုမ္ပဏီအား နာမည်ကောင်းရှိသည့် ကုမ္ပဏီဟု ထည့်သွင်းဖြေကြား
အခုတောင် ရေတွေ တက်လာပြီလို့ ပြောကြတယ်၊ စိုးရိမ်ကြတယ်။ နိုင်ငံခြား သားတွေကလည်း လာနေတယ်။ စစ်တပ်တွေကလည်း တော်တော်လုံခြုံရေး ယူထားတယ် … ဘာတစ်ခုမှ မပြောနိုင်သေးဘူးဆိုတဲ့ အနေ အထားတွေ ဖြစ်နေတယ်။ မေးခွန်း ငါးခုရှိတဲ့အထဲမှာ ပထမ တစ်ခုအနေနဲ့ စီမံကိန်း ဘယ်လိုအဆင့် ရောက်ပြီလဲ ဆိုတာကိုပဲ ဖြေနိုင်တယ်။ ကျန်တဲ့ မေးထား တဲ့လေးချက်ကို ဖြေနိုင်တဲ့ အနေအထား မရှိသေးဘူး …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ စက်တင်ဘာ ၁၆
ပြည်သူအား ချပြခြင်းမရှိဘဲ လွှတ်တော် ကိုယ်စားလှယ်က မေးမြန်းသည့် အခါမှသာ သိရှိရသည့် စီမံကိန်း အဖြစ် အထက်သံလွင်(မိုင်းတုံ) ရေအား လျှပ်စစ် ကိစ္စအား လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမော်သာထွေးက စက်တင်ဘာ ၁၆ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လာရောက် ရှင်းလင်းခဲ့သည်။
အဆိုပါ မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်း ပြုလုပ်ရန်အတွက် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာ ရေးဆွဲရေးအတွက် တရုတ်နိုင်ငံ China Three Gorges Cooperation ၊ ထိုင်းနိုင်ငံ EGAT International နှင့် တိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်သည့် International Group of Entrepreneurs Company Ltd – IGE တို့ ၂၀၁၀ ပြည့်နှစ် ကတည်းက နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက လွှတ်တော်အတွင်း သံလွင်မြစ်ပေါ်၌ စက်တပ်အင်အား မဂ္ဂါဝပ် ၇၀၀၀ ရှိ မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်း ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ လွှတ်တော် အတွင်း မေးမြန်းသည့်အခါမှ အဆိုပါ စီမံကိန်း ပြုလုပ်နေခြင်းအား သိရှိ ခဲ့ရခြင်းဖြစ်သည်။ များမကြာခင်ကလည်း ရန်ကုန်မြို့ တစ်ဖက်ကမ်း၌ ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်ရန် ပြုလုပ်ထားပြီး ဖြစ်ကြောင်းကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် ကိုယ်စား မြို့တော်ဝန် ဦးလှမြင့်က တိုင်းလွှတ်တော်အတွင်း သ၀ဏ်လွှာ ပေးပို့ ဖတ်ကြားသည့် အချိန်မှသာလျှင် အဆိုပါ စီမံကိန်းအား လွှတ်တော်အမတ်များနှင့် ပြည်သူတို့ သိရှိခဲ့ရခြင်း ဖြစ်သည်။
““အရှေ့တောင်အာရှမှာလည်း အကြီးဆုံး စာရင်းဝင်တယ်ဆိုတော့ သူတို့(ပြည်သူ)တွေက တော်တော်လေး စိတ်ပူကြတယ်။ ပြောရင်းဆိုရင်း သိလာကြတာပေါ့။ ကျွန်မတို့ ကွမ်ဟိန်းမြို့မှာ ထင်ရှားတဲ့ နန့်ပန်ချောင်းနဲ့ သံလွင်မြစ်ဆုံတဲ့နေရာ အောက်ဘက်နားမှာ လုပ်မယ်ဆိုပြီးတော့ ဒေသခံ ပြည်သူတွေက လန့်သွားကြတာပေါ့။ ကျွန်မ လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲ လှည့်လည်တော့ ပြည်သူတွေ က မေးတယ်။ အခုတောင် ရေတွေ တက်လာပြီလို့ ပြောကြတယ်၊ စိုးရိမ်ကြတယ်။ နိုင်ငံခြားသားတွေကလည်း လာနေတယ်။ စစ်တပ်တွေကလည်း တော်တော် လုံခြုံရေး ယူထားတယ်။ အဲဒီလိုမျိုး ပြည်သူတွေက တင်ပြတယ်။ ကျွန်မ လေ့လာ ကြည့်လိုက်တော့ လျှပ်စစ်ဓာတ်အားက ၇၀၀၀ မဂ္ဂါဝပ် ဖြစ်နေတယ်။ ကျွန်မတို့ ရှမ်းပြည်နယ်မှာ ရေအားလျှပ်စစ် စီမံကိန်းက ၆ ခု တောင်မှ ရှိလာတယ်။ ကျွန်မတို့ ဒေသခံတွေက ပိုပြီးတော့ စိတ်ပူလာတာ ပေါ့နော်။ သံလွင်မြစ်ကြော တစ်လျှောက်မှာ ရှိတဲ့ပုဂ္ဂိုလ်တွေက ပိုပြီး စိတ်ပူတာပေါ့။ ကျွန်မတို့ သတင်းကြားတာက ရေ၀ပ်ဧရိယာက တာကွန် တံတားကနေ မိုင်းကြီး မြေအထိပေါ့။ အပြင်မှာ သတင်းထွက်နေတာက ရေတွေ တက်လာမယ်ဆိုရင် ကွန်ဟိန်းမြို့ အပါအ၀င် ရေအဆင့်ဆင့်ကြီး ကုန်မယ်၊ ရေအကုန်လုံး မြုပ်ကုန်မယ် ဆိုတော့ ပြည်သူ၊ ပြည်သား တွေက လန့်တာပေါ့။ ကျွန်မတို့လည်း လန့်တာပေါ့။ သူတို့က မေးတယ်။ ဒီ စီမံကိန်း လုပ်ပြီးရင် အစိုးရက ဘယ်လို အာမခံချက်ပေးမလဲ၊ ဘယ်လိုမျိုး နေရမလဲ၊ အဲဒီလိုမျိုး မေးတဲ့ အနေအထားကို ကျွန်မကလည်း မဖြေရှင်းနိုင်ဘူး။ ကျွန်မလည်း မဖြေရှင်းနိုင်လို့ လွှတ်တော်မှာ မေးခွန်းမေးခြင်းဖြစ်တယ်”” ဟု ကွန်ဟိန်းမဲဆန္ဒ နယ် ကိုယ်စားလှယ် ဒေါ်နန်းဝါနု က မြန်မာသံတော်ဆင့်သို့ ပြောသည်။
အဆိုပါ မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းကို ရှမ်းပြည်နယ် မိုင်းတုံမြို့နယ် အတွင်းရှိ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည် ဖြစ်ကာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၄၇၁၇ ထွက်ရှိမည် ဖြစ်သည်။ ထို့ပြင်ယင်း စီမံကိန်းကြောင့် ရေ၀ပ်ဧရိယာပေါင်း ၂၆၂ စတုရန်းမိုင် ရှိမည် ဖြစ်ကြောင်း လည်း လျှပ်စစ် ဒုဝန်ကြီး ဦးမော်သာထွေးက မေးမြန်းမှုနှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။
မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည် ဖော်ရာ၌ ဖြစ်ပေါ်လာနိုင် သည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု (EIA, SIA) စစ်တမ်းများ ပြုလုပ်ရန်အတွက် သြစတြေးလျနိုင်ငံ အခြေစိုက် Snowy Mountain Engineering Cooperation (SMEC) ကို တာဝန် ပေးအပ်ရန် အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနကလည်း သဘောတူညီ ထားပြီ ဖြစ်သည်။
““ကျွန်မ သိချင်တဲ့ ဟာတွေက ဘာတစ်ခုမှ မပြောနိုင်သေးဘူးဆိုတဲ့ အနေအထားတွေ ဖြစ်နေတယ်။ အစ်မမေးပြီးမှ ဖြေတာတောင် မဖြေနိုင်သေးဘူး။ မေးခွန်း ငါးခုရှိတဲ့အထဲမှာ ပထမတစ်ခု အနေနဲ့ စီမံကိန်း ဘယ်လိုအဆင့် ရောက်ပြီလဲ ဆိုတာကိုပဲ ဖြေနိုင်တယ်။ ကျန်တဲ့ မေးထားတဲ့ လေးချက်ကို ဖြေနိုင်သေးတဲ့ အနေအထား မရှိသေးဘူး။ ဒုတိယ တစ်ချက်ကကျတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက် (EIA)၊ နောက် လူမှုဘ၀ ထိခိုက်မှု ကာကွယ်ပေးရေး အခြေအနေ (SIA) ဘယ်လိုမျိုး ဆောင်ရွက်ပေးမလဲ၊ အဲဒီတစ်ခု လည်း မဖြေနိုင်ဘူး။ တတိယ အနေနဲ့ စီမံကိန်း အောင်မြင်ပြီဆိုရင် နိုင်ငံတော်နဲ့ ဒေသခံ ပြည်သူအတွက် လူမှုရေး အခွင့်အလမ်း၊ စီးပွားရေး အခွင့်အလမ်း ဘယ်လောက်ရမှာလဲ၊ ရာခိုင်နှုန်းတွေ ဖော်ပြပေး၊ အဲဒါလည်း မဖြေပေးနိုင်ဘူး။ နောက် ကွန်ဟိန်းမြို့နယ်က ရေ၀ပ်ဧရိယာ တာကွန်တံတားအထိ မှန်ကန်မှု ရှိသလား၊ ဖြစ်ပေါ် လာတဲ့ အကျိုးဆက်ကို ဘယ်လို ကုစားပေးမလဲ ဆိုတာကို မေးတဲ့အချိန်မှာ ရေလွှမ်းမယ်လို့တော့ မပြောဘူး။ ရေ၀ပ် ဧရိယာထဲမှာ ပါတဲ့အတွက် တာကွန်တံတားကို အသစ် ဆောက်ပေး မယ်ဆိုတာ ပြော တယ်။ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို ဘယ်လိုကုစား ပေးမလဲ ဆိုတာလည်း မဖြေသေးဘူး။ ရေ၀ပ်ဧရိယာ ဘယ် လောက် ရှိမလဲ ဆိုတာကို မြေပုံနဲ့တကွ သိလိုတယ် ဆိုတာလည်း မြေပုံတော့ ပေးလိုက် တယ်၊ ရေ၀ပ်ဧရိယာက ၂၆၂ စတုရန်းမိုင် ပြောထားတယ်။ ၀န်ကြီးကတော့ ပြောထားပါတယ်။ EIA, SIA တွေ မပြီးသေးတဲ့အတွက် ကြောင့် အပြည့်အစုံ မဖြေနိုင်သေးတဲ့ အနေအထား ရှိသေးတယ်ပေါ့။ ကျွန်မကတော့ ပြောထားပါတယ်။ အားလုံး ပြီးသွားပြီဆိုရင် လွှတ်တော်မှာ နောက် တစ်ခေါက် ပြန်လာ ဖြေပေး ပါဆိုပြီးတော့။ ထူးခြားတာ တစ်ခုတော့ ရှိတယ်နော်။ ကုမ္ပဏီနဲ့ ပတ်သက်ပြီး မေးလိုက်တာကို ၀န်ကြီးက ချက်ချင်းဖြေတယ်။ China Three Gorges Cooperation ရယ်၊ ထိုင်းနိုင်ငံ EGAT International ရယ်၊ တိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်တဲ့ International Group of Entrepreneurs Company Ltd – IGE ရယ်။ သူတို့က နာမည်ကောင်းရှိတဲ့ ကုမ္ပဏီပါ ဆိုပြီး ချက်ချင်းဖြေတယ်”” ဟု ဒေါ်နန်းဝါနုက လွှတ်တော်အတွင်း မေးခွန်းမေးမြန်း မှုနှင့် ဖြေကြားခဲ့မှု များအပေါ် ပြန်လည် ပြောပြသည်။
ဝန်ကြီး ဖြေကြားခဲ့သည့် တိုင်းရင်းသား လုပ်ငန်းရှင် IGE ကုမ္ပဏီမှာ ယခင်စက်မှု(၁) ၀န်ကြီးဟောင်း ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် အဓိက ပိုင်ဆိုင် လုပ်ကိုင်နေသည့် ကုမ္ပဏီဖြစ်ပြီး တရုတ် ကုမ္ပဏီများနှင့် ပူးပေါင်း၍ မိုင်းတုံ စီမံကိန်း အပါအ၀င် ဟက်ကြီးစီမံကိန်း၊ နောင်ဖစီမံကိန်း ကဲ့သို့သော ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်း လုပ်ပိုင်ခွင့်များ ရရှိထားသည်။
စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် မည်သို့ရရှိမည် ဖြစ်ကြောင်းကို ရာခိုင်နှုန်းဖြင့် တိကျရှင်းလင်းစွာ ဖြေကြားပေး ရန် မေးမြန်း ထားသော်လည်း စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားကို ပြည်တွင်း လိုအပ်ချက်အတွက် အဓိကထား သုံးစွဲသွားရန် စီစဉ်ထားပြီး ဓာတ်အား ပိုလျှံမှသာ အိမ်နီးချင်းနိုင်ငံများသို့ ရောင်းချသွား မည် ဖြစ်ကြောင်းသာ လျှပ်စစ်ဒုဝန်ကြီး ဦးမော်သာထွေးက ပြန် လည် ဖြေကြား ခဲ့သည်။
““ဗဟိုဘက်က လာတဲ့ စီမံကိန်းမျိုး ဖြစ်တဲ့အတွက် ပြည်သူ၊ ဒေသခံတွေ အတွက် အကျိုးရှိဖို့ ရာခိုင်နှုန်းက နည်းတယ်။ ဘယ်သူ့အတွက် ဖွံ့ဖြိုးရေးလဲဆိုတာ အဖြေက ရှင်းနေတာပေါ့။ စီမံကိန်းတွေ လုပ်လည်း ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းက နည်းတယ်။ ကျွမ်းကျင်သူတွေကို တစ်ခါတည်း ခေါ်လာ ခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့ အလုပ်ထဲ အံဝင်ခွင်ကျ လုပ်ဖို့ဆိုတာ တော်တော်ခက်တယ်။ စီမံကိန်း တစ်ခုလုပ်တယ်ဆိုရင် ဒေသခံတွေရဲ့ ဆန္ဒခံယူပြီးမှ လုပ်တာ အကောင်းဆုံးပေါ့။ ကချင်မှာဆိုလည်း မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် ဒေသခံတွေအနေနဲ့ နေရပ်ကို စွန့်ခွာသွားရတာမျိုးတွေ၊ ဒုက္ခတွေ အများကြီးပေါ့။ စီမံကိန်း တစ်ခုလုပ်ရင် နောက်ဆက်တွဲ ဆိုးကျိုးကို တိုက်ရိုက် ခံစားရတာက ဒေသခံတွေ ပါပဲ”” ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် ဒုတိယ တာဝန်ခံကိုစာဂျီက မြန်မာသံတော်ဆင့် သို့ပြောသည်။
အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald
Home
ပြည်တွင်းသတင်း
ပြည်သူအား ချပြခဲ့ခြင်း မရှိသော ရေအားလျှပ်စစ် စီမံကိန်းကိစ္စ ၀န်ကြီးဌာန ဖြေရှင်း – အောင်ထွန်းလင်း
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment