ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မတချို့ကို တပ်မတော်က ပြင်ဆင်ဖို့ အကြံပြု ထားကြောင်းနဲ့ တကယ်လို့ ပြင်ဆင်မယ်ဆို ရင်လည်း ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက် အတိုင်း ပြင်ဆင်ဖို့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေး ကြပါတယ်။
ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေရာမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက အခုလို ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။
"တပ်မတော်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝပြင်စရာ မလိုဘူးဆိုပြီး တသတ်မတ်တည်း စွဲကိုင်နေတာမျိုး မဟုတ်ပဲနဲ့ ပြင်သင့်တာကို ပြင်သင့် ပြင်ထိုက်တဲ့အချိန်မှာ ပြင်နိုင်အောင် အကြံပြုချက်များကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို တင်ပြခဲ့ပြီးဖြစ်ပါတယ်၊ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဌာန်းချက်များနဲ့ ဆောင်ရွက်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် က မိမိတို့ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ဆွေးနွေးနေတာဟာ တပ်မတော်နဲ့ ပြည်သူတွေကြားမှာ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် ဆွေးနွေးနေတာဖြစ်ကြောင်း ဆွေးနွေးသွားပါတယ်။
"ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်သွင်းလာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေကို ဝေဖန်သုံးသပ်ကြတဲ့အချိန်မှာ တပ်မတော်ရဲ့ရပိုင်တဲ့ အခွင့်အလမ်းတွေကို ပိတ်ပင်ထားတယ်၊ တားဆီးထားတယ်လို့ တချို့သောတပ်မတော်သား ကိုယ်စားလှယ်တွေက ထင်မြင်ယူဆကြောင်း လွှတ်တော်ထဲမှာလည်း တင်ပြဆွေးနွေးသွားတာရှိပါတယ်၊ တကယ့်တကယ်တော့ ကျနော်တို့ဟာ တပ်မတော်သားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်နေတာလည်း မဟုတ်ပါဘူး၊ တားဆီးနေတာလည်း မဟုတ်ပါဘူး၊ ကျနော်တို့တင်ပြချက်တွေဟာ ပြည်သူတွေကြားထဲကမှ ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တဲ့အတွက် ပြည်သူ့ထက်ပိုတဲ့ အခွင့်အရေးတွေ မယူသင့်ဘူးလို့ ဒီလိုပဲယူဆတဲ့အတွက် ကျနော်တို့ တင်ပြရခြင်းဖြစ်ပါတယ်"
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ဒုတိယနေ့အဖြစ် ဆွေးနွေးနေကြရာမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ ၁၂ ဦး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၃၂ ယောက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးကြရာမှာ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာဒေသတွေက တိုက်ရိုက်ရွေးချယ်ပေးဖို့ကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)

0 comments:
Post a Comment