တရုတ်က ၀ှက်ဖဲထုတ်သုံးပြီလား

သတင်းစာဖတ်နေသော ဖုန်ကြားရှင်

ဒေသခံတောင်သူတစ်ဦး သေနတ်ထိမှန် သေဆုံးသွားခဲ့ရသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တစ်ကျော့ပြန် ပဋိပက္ခကြုံတွေ့ရပြီး ရက်ပိုင်းအတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ The Global Times က မြန်မာပြည် ကိုးကန့်ဒေသ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်နှင့်အင်တာဗျူးကို ထည့်သွင်းဖော်ပြလိုက်သည်။
တရုတ်ဝန်ကြီးချုပ်လီကီကျန်း မြန်မာနိုင်ငံကို ပထမဆုံးလာရောက်၍ သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့တို့ ဧည့်ခံတွေ့ဆုံထားသည်မှာ နှစ်လပင်မကြာသေး။ လက်ပံတောင်းတောင်စီမံကိန်းကို ခြံစည်းရိုးခတ်သည့် ၀မ်ပေါင်ကုမ္ပဏီကို ဒေသခံများက ဆန္ဒပြ၍ အစိုးရဘက်က တရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံးတို့ကို အကာအကွယ်ပေးနေချိန်မှာပင် တရုတ်ကွန်မြူနစ်ပါတီသတင်းစာက ဖုန်ကြားရှင်နှင့်အင်တာဗျူးကို ဖော်ပြလိုက်ခြင်းလည်းဖြစ်သည်။
လက်ပံတောင်းတောင်ကိစ္စကြောင့် ၀မ်ပေါင်ကုမ္ပဏီ မြန်မာပြည်တွင်းမှ ထွက်သွားရန် ဆန္ဒပြမှုများ တစ်ကျော့ပြန် မြင့်တက်နေချိန်တွင် ဖုန်ကြားရှင်က KIA နှင့် ပူးပေါင်း၍ သူလက်လွှတ်ခဲ့ရသော ကိုးကန့်ဒေသကို ပြန်လည်တိုက်ယူမည်ဟု ပြောကြားချက်ကို ထည့်သွင်းဖော်ပြလိုက်သည့် တရုတ်ကွန်မြူနစ် အာဘော်သတင်းစာလုပ်ရပ်ကြောင့် နေပြည်တော်ရှိ အစိုးရထိပ်ပိုင်းအသိုင်းအ၀ိုင်းကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အထူးသဖြင့် မြောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ TNLA အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေချိန်၌ ဖုန်ကြားရှင်၏ မဟာမိတ်တပ်ဖွဲ့သတင်းက ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဟု တရုတ်အစိုးရက တဖွဖွပြောနေသည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး မြှင့်တင်နေသည့် နေပြည်တော်အစိုးရကို စိတ်မသက်မသာ ဖြစ်သွားစေပြီ ဖြစ်သည်။
The Global Times သတင်းစာက ဖုန်ကြားရှင်နှင့်အင်တာဗျူးကို ချက်ချင်းပြန်ဖြုတ်ချခဲ့သော်လည်း အာရှတစ်လွှားသတင်းစာ မျက်နှာများနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို စောင့်ကြည့်လေ့လာသူတို့က အဆိုပါအင်တာဗျူးသည် နယ်စပ်ဒေသ လက်နက်ကိုင်အဖွဲ့များကို မြန်မာနိုင်ငံအပေါ် အကျပ်ကိုင်ရန် တရုတ်နိုင်ငံက ၀ှက်ဖဲအဖြစ် သုံးဖို့ပြန်လည်ကြိုးစားနေပြီလားဆိုသည့် မေးခွန်းနှင့် သုံးသပ်ဝေဖန်ချက်များ ထွက်ပေါ်လာစေသည်။
‘‘တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော် Global Times သတင်းစာမှာ ဖုန်ကြားရှင်ရဲ့ အင်တာဗျူးထည့်ထားတယ်။ ဖုန်ကြားရှင်က သူနဲ့ကေအိုင်အေပေါင်းပြီး ကိုးကန့်နယ်မြေမှာ ပြန်တိုက်တဲ့အကြောင်း ပြောကြားတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်သတင်းစာက ဘာကြောင့် လက်နက်ကိုင်သောင်းကျန်းသူတစ်ယောက်ရဲ့ အင်တာဗျူးကို ဖော်ပြခဲ့သလဲ’’ဟု နေပြည်တော်ရှိ အစိုးရထိပ်တန်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
၁၉၆၇ ခုနှစ်က တရုတ်အခြေစိုက် ပီကင်းအသံမှ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် အင်တာဗျူးသတင်းများကို ဖော်ပြခဲ့ပြီးနောက် မကြာမီ အရှေ့မြောက်ဒေသတွင် ဗကပတပ်များအလုံးအရင်း ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ယခုအင်တာဗျူးကို လေးနက်သည့် သဘောအဖြစ် ရှုမြင်ကြောင်း အဆိုပါအရာရှိကြီးက ဆိုသည်။
ထို့ပြင် အဆိုပါအင်တာဗျူးကို နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လေ့လာမည်ဟုဆိုသည်။
ဖုန်ကြားရှင်ဦးဆောင်သည့် MNDDA (မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်)ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလတွင် မြန်မာအစိုးရက မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးများ ထုတ်လုပ်နေသည်ဟုဆိုကာ ၀င်ရောက်ရှာဖွေဖမ်းဆီးစဉ် ခုခံသဖြင့် မြန်မာတပ်မတော်က တိုက်ခိုက်ဖြိုခွင်းခဲ့ရာ ကိုးကန့်ခေါင်းဆောင်ဟောင်းမှာ ထွက်ပြေးသွားခဲ့ရပြီး ‘၀’ ဒေသတွင် ခိုလှုံခဲ့ရသည်မှာ ငါးနှစ်တိုင်ခဲ့ပြီဖြစ်သည်။
ဖုန်ကြားရှင် ပြုတ်ကျပြီးနောက် ပြည်တွင်းမီဒီယာများတွင် ကိုးကန့်အကြောင်း ရေးသားဖော်ပြခွင့်ကို တရုတ်အစိုးရက ခွင့်ပြုခဲ့ခြင်းမရှိတော့ကြောင်းနှင့် ကိုးကန့်ဒေသထက် လက်ရှိမြန်မာအစိုးရကို ပို၍အလေးထားကြောင်း ဟောင်ကောင်ပညာရှင် ဒေါက်ဂျိမ်းချင်းက ၂၀၀၉ ခုနှစ်က ဟောင်ကောင်တွင် ပြုလုပ်ခဲ့သည့် တရုတ်မြန်မာက ကိုးကန့်သုံးပွင့်ဆိုင် ယဉ်ကျေးမှုဆွေးနွေးပွဲ၌ မှတ်ချက်ပြုခဲ့သည်။
သို့သော် ဒေသလက်လွှတ်ရပြီး ငါးနှစ်အကြာတွင် The Global Times အင်တာဗျူးကို ပြန်လည်ညွှန်းဆို၍ တစ်ဆင့်ပြန်ဖော်ပြခဲ့သော WantChina Times သတင်းစာတွင် ကချင်ပြည်နယ်ရှိ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ သင်တန်း သား ၂၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ၎င်းနှင့်သားဖြစ်သူတို့မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကို ပြန်လည်ဦးဆောင်၍ မြန်မာစစ်တပ်နှင့် တိုက်ပွဲများ ဆင်နွှဲနေကြောင်း အသက်(၈၄)နှစ်ရှိ ဖုန်ကြားရှင်က ဖြေကြားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ မဟာမိတ်တပ်တွင် တပ်သားသစ်တစ်ထောင်ကျော်ရှိပြီး ဒီဇင်ဘာ ၉ ရက်နှင့် ၁၃ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အစိုးရစစ်သား ၁၀၀နီးပါး ကျဆုံးခဲ့သည်ဟု ဖုန်ကြားရှင်က ဖြေကြားခဲ့သည်။
‘‘WantChina Times သတင်းကို အခြေခံပြီး ပြောရရင် ဖုန်ကြားရှင်နဲ့ သူ့ရဲ့ MNDAA တပ်ဟာ အနည်းဆုံး တရုတ်နိုင်ငံရဲ့ အထောက်အပံ့မပါဘဲနဲ့ လက်နက်ကိုင်ပုန်ကန်ဖို့၊ တပ်အင်အားပြန်စုဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ သူတို့တပ်ဖွဲ့ ဓာတ်ပုံတွေကို လေ့လာကြည့်ရင် သူ့စစ်တပ်နဲ့ လက်နက်တွေဟာ ‘၀’ စစ်တပ်က ပံ့ပိုးပေးထားတယ်ဆိုတာ တွေ့ရတယ်။ ဒီ ‘၀’ စစ်တပ်ဆိုတာကလည်း တရုတ်နဲ့ အင်မတန်နီးစပ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့်ရယ်၊ နောက်မြန်မာက အနောက်နိုင်ငံနဲ့လည်း ဖော်ရွေပျူငှာ ဆက်ဆံရေးက ရှိနေပြီဆိုတော့ ဒီအင်တာဗျူးဖော်ပြခြင်းဟာ တရုတ်က မြန်မာအစိုးရကို ဖိအားပေးဖို့ ကြိုးစားလာပြီလို့ ပြောနိုင်တယ်။ အခုဆို ဆန္ဒပြသူတွေက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ရပ်တန့်ထားတယ်။ မြစ်ဆုံကိစ္စလည်း ပါတာပေါ့။ ဒါကို တရုတ်အစိုးရအနေနဲ့ ပျော်ရွှင်လိမ့်မယ်လို့တော့ မထင်ဘူး’’ ဟု မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလ်လင့်တနာက ပြောကြားသည်။
ယခုအချိန်သည် မြန်မာအစိုးရအနေဖြင့် အနောက်နိုင်ငံများနှင့် ယခုထက်ပိုမိုပွင့်လင်းသည့် ဆက်ဆံရေးမျိုးကို ချက်ချင်းအကောင်အထည်ဖော်ရတော့မည့်အချိန်လည်းဖြစ်ကြောင်း ဘာတေးလ်က ထောက်ပြသည်။
တွေ့ဆုံမေးမြန်းမှု သတင်းတစ်ခုကို မီဒီယာက ဖော်ပြပါက အဆိုပါသတင်းဌာနနှင့် သတင်းစာ၏ နောက်ခံကိုကြည့်ရပြီး ယခု The Global Times မှာမူ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာအဖြစ်သာ နားလည်ထား၍ ဖုန်ကြားရှင်အင်တာဗျူးအား တစ်စုံတစ်ရာရည်ရွယ်ချက်ဖြင့် ထည့်သည်ဟု ခန့်မှန်းရကြောင်း လက်နက်ကိုင်တပ်ဖွဲ့များတွင် နေထိုင်ခဲ့ဖူးသူ သတင်းစာဆရာတစ်ဦးဖြစ်သည့် ဦးစည်သူအောင်မြင့်က ပြောသည်။
‘‘KIA နဲ့ပေါင်းပြီး ကိုးကန့်ကို ပြန်သိမ်းမယ်လို့ ဖတ်လိုက်ရတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အခုတိုက်ပွဲဖြစ်တဲ့ မြန်မာပြည်အရှေ့မြောက်ပိုင်း (သံလွင်အရှေ့ခြမ်း) ကျွန်တော်ဖတ်ရသလောက်တော့ တပ်ပေါင်းစုပုံစံမျိုးပေါ့။ KIA ကိုးကန့်တပ်ဖွဲ့နဲ့ တအောင်းပလောင် (TNLA) ပါမယ်။ အရင်တုန်းက ဒါကို သိပ်မခန့်မှန်းတတ်ခဲ့ဘူး။ အခု ဒီပြောပုံဆိုပုံတွေကို ကြည့်ရတာတော့ ဒီတပ်ပေါင်းစုက တရုတ်ပြည် လက်လှမ်းမီတဲ့နေရာမှာ ရှိပုံရတယ်။ ဒါကြောင့် တရုတ်ကွန်မြူနစ်ပါတီရဲ့ သဘောထားက မြန်မာပြည်အပေါ် မရိုးသားဘူးလို့ ပြောနိုင်တယ်။ ကိုးကန့်မှမဟုတ်ဘူး။ မြောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနိုင်တာဟာ တစ်ဖက်ရဲ့ မသိကျိုးကျွံပြုမှုတွေ အများကြီးပါတယ်။ သာမန်ပြည်သူတစ်ယောက်က တရုတ်ပြည်ထဲကို အပ်တိုတစ်ချောင်းတောင် ယူသွားလို့မရဘူး’’ဟု ၎င်းက ပြောသည်။
ကိုးကန့်ဒေသသည် ၁၉၆၀ မှ ၁၉၈၉ ခုနှစ်အထိ မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဒေသတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး ၁၉၈၉ တွင် ဗကပလက်အောက်မှ ခွဲထွက်၍ မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးယူခဲ့သည်။
နောက်ပိုင်း မြန်မာအစိုးရ ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘဲ နယ်ခြားစောင့်တပ်ဖွဲ့ ပြောင်းလဲဖွဲ့စည်းရေးကိုလည်း လက်မခံသဖြင့် ကိုးကန့်တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒေသခေါင်းဆောင်ဖုန်ကြားရှင် ဖြုတ်ချခံလိုက်ရသည်။
ကိုးကန့်ဖုန်ကြားရှင်မှာ ‘၀’ နယ်မြေထဲတွင် ခိုလှုံနေရသည့်အဆင့်သာဖြစ်ပြီး ဆုံးရှုံးထားသည့် နယ်မြေကို ပြန်လိုချင်သည်မှာ သဘာဝကျသော်လည်း ၎င်း၏ စွမ်းဆောင်ရည်မှာမူ သံသယဖြစ်စရာကောင်းကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ဦးကျော်လင်းဦးက ပြောသည်။
‘၀’ နယ်မှာ ခိုအောင်းနေရတဲ့ ဖုန်ကြားရှင်အနေနဲ့ KIA နဲ့ ပေါင်းပြီး နယ်မြေပြန်ယူမယ်ဆိုတာ လှန့်လုံး၊ ခြောက်လုံးပဲဖြစ်လိမ့်မယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် နောက်ဆုံးအဆင့် ရောက်နေတဲ့ အချိန်မှာ ဖုန်ကြားရှင်နဲ့ အသံကတော့ ထည့်တွက်စရာမလိုဘူးလို့ ထင်ပါတယ်’’ ဟု ၎င်းက ပြောသည်။
မြန်မာသည် ယခင်စစ်အစိုးရလက်ထက်တစ်လျှောက်လုံး အမေရိကန်အပါအ၀င် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အင်အားကြီးအိမ်နီးချင်း တရုတ်နိုင်ငံကိုသာ အလွန်အမင်း မှီခိုခဲ့ရပြီး တရုတ်နိုင်ငံ လိုအပ်သမျှ မြန်မာနိုင်ငံတွင် အလွယ်တကူရရှိနေသည့် အနေအထားဖြစ်ခဲ့သည်။ ၂၀၁၀ နောက်ပိုင်း အစိုးရသစ်လက်ထက်တွင် ကန်အစိုးရနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်လာနိုင်သကဲ့သို့ တရုတ်အပေါ် မှီခိုမှုကိုလည်း လျှော့ချနိုင်ခဲ့သည်။ အထင်ရှားဆုံးမှာ မြစ်ဆုံစီမံကိန်းကို သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းလိုက်ပြီးနောက် ယခင်က အစိုးရနှင့်သာ ဆက်ဆံလေ့ရှိသည့် တရုတ်နိုင်ငံ၏ မူဝါဒတို့ ပြောင်းလဲလာပြီး မြန်မာပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့်ပါ ထိတွေ့ဆက်ဆံလာခဲ့သည်။
ယခုအခါ တစ်ကျော့ပြန် လက်ပံတောင်းတောင်အရေးအခင်း ပြဿနာပေါ်ပေါက်ပြီး တရုတ်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုများ ပြန်လည်ထွက်ပေါ်လာချိန်တွင် ဖုန်ကြားရှင်နှင့် အင်တာဗျူးဖော်ပြမှုမှာ နှစ်ဖက်ဆက်ဆံရေးကို တစ်မျိုးတစ်ဖုံ လမ်းကြောင်းပြောင်းသွားစေနိုင်ပြီး မြန်မာအစိုးရအနေဖြင့် ပါးပါးနပ်နပ်ကိုင်တွယ်ရန်လိုအပ်ကြောင်း The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။
‘‘မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးဟာ တရုတ်နဲ့ ချိတ်ဆက်နေတယ်။ အခုအချိန်မှာ ၀မ်ပေါင်ထွက်သွား တရုတ်တွေ ထွက်သွားဆိုတဲ့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ တဖြည်းဖြည်းအစပြုလာချိန်မှာ တရုတ်ဘက်က ဒီအင်တာဗျူးကို Global Times လို ပါတီအာဘော်သတင်းစာမှာ ထည့်လိုက်တာ တမင်သက်သက် လုပ်လိုက်တာပဲ  ဖြစ်တယ်။ အခု ဒီအင်တာဗျူး ပြန်ဖြုတ်သွားတာဟာလည်း မြန်မာဘက်က ကန့်ကွက်လို့ထက် တရုတ်အစိုးရအကြီးအကဲ တစ်ယောက်ယောက်က ဟန့်လိုက်လို့ ဖြုတ်ချသွားတာဖြစ်နိုင်တယ်။ တရုတ်ကိစ္စကို အစိုးရက အကိုင်အတွယ်တတ်ဖို့ လိုလိမ့်မယ်။ မဟုတ်ရင် တရုတ်ဆန့်ကျင်ရေးကို အစွန်းရောက် သွားလုပ်လိုက်တာနဲ့ ပြဿနာက ပိုဆိုးဖို့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ကို ကျောထောက်နောက်ခံပြုထားတဲ့ လက်နက်ကိုင်တွေ ရှိတာကိုး’’ ဟု ၎င်းက ပြောသည်။
မြန်မာက တရုတ်အပေါ် အလွန်အမင်းမှီခိုမှုကို လျှော့ချနိုင်ရန် အနောက်နှင့် ဆက်ဆံရေးကို နီးကပ်စွာသွားနေချိန်တွင် လက်ပံတောင်းတောင်ကိစ္စကို လက်ရှိအစိုးရက ရပ်တန့်နိုင်ခြင်းမရှိသည့်အတွက် ရှေ့လျှောက်၌ ဖိအားပေးမှုများနှင့် ကြုံလာရနိုင်ကြောင်း ဘာတေးလ်လင့်တနာက ဆိုသည်။
တရုတ်မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ကြည့်ပါက ၁၉၅၀ ကျော်ကာလတွင် တရုတ်နိုင်ငံတွင် ကွန်မြူနစ်တို့ အောင်ပွဲခံ၍ ချန်ကေရှိတ်၏ ကူမင်တန်တပ်တစ်ထောင်ကျော်မှာ မြန်မာတရုတ်နယ်စပ်သို့ ရွှေ့ပြောင်းလာခဲ့ရသည်။ ကူမင်တန်တပ်ဖွဲ့များက ခါးပိုက်ဆောင်တပ်များဖွဲ့၍ ကိုးကန့်တွင် လှုပ်ရှားရာ ထိုစဉ်က ရန်ကုန်အစိုးရ၏ အာဏာမှာ ကိုးကန့်တွင် သက်ရောက်ခဲ့ခြင်းမရှိပေ။ ၁၉၆၈ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို မြန်မာပြည်အရှေ့မြောက်ပိုင်းတွင် အခြေခံဒေသထူထောင်ရန် တရုတ်နိုင်ငံက ကူညီပေးခဲ့ခြင်း၌ ကိုးကန့်ဒေသတစ်ဝိုက် မင်းမူနေသော ၎င်းတို့၏ ရန်သူတော် ကူမင်တန်တပ်များကို အပြတ်ရှင်းရန် ရည်ရွယ်ချက်လည်း ပါဝင်ခဲ့ကြောင်း ဘာတေးလင့်တနာ၏ ကျောက်စိမ်းမြေစာအုပ်တွင် ဖော်ပြထားသည်။
ကိုးကန့်သို့ ဗကပတပ်များ ၀င်ရောက်နေရာမယူမီ ကူမင်တန်တပ်တို့နှင့် ပေါင်းထားသည့် ကိုးကန့်ဒေသ ခေါင်းဆောင်၏ လက်အောက်အရာရှိ ဖုန်ကြားရှင်အား ဗကပများက လက်နက်ခဲယမ်းထောက်ပံ့မည်ဟု ကမ်းလှမ်းခဲ့ရာ ဖုန်ကြားရှင်ကလည်း လက်ခံသဘောတူခဲ့သဖြင့် ဗကပတို့ ကိုးကန့်ကို ရရှိခဲ့ပြီး ကူမင်တန်တို့ကိုလည်း တိုက်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် တရုတ်နိုင်ငံတွင် တိန့်ရှောင်ဖိန်အာဏာပြန်ရလာသည့် ၂,၉၇၇ တွင် မြန်မာအစိုးရနှင့် ဆက်ဆံရေးပုံစံကို ပြောင်းလဲလိုက်ပြီး ဗကပတို့ကို ထောက်ပံ့မှုများအားလုံး ရပ်ဆိုင်းလိုက်ရာ ၁၉၈၉ ခုနှစ် ဗကပတို့ ပြိုကွဲပြီး ကိုးကန့်၊ ‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်စသည်ဖြင့် ဗကပမှခွဲထွက်၍ ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
‘‘အင်တာနက်မှာတက်နေတဲ့ ဆောင်းပါးကို ဖတ်ရပါတယ်။ Global Times ရဲ့ မူရင်းဆောင်းပါးကိုတော့ မဖတ်ရသေးဘူး။ တကယ်လို့ Global Times သတင်းစာကသာ အဲဒီသတင်းနဲ့ တွေ့ဆုံမေးမြန်းခန်းကို ရေးခဲ့တယ်ဆိုရင် သိပ်မသင့်လျော်ဘူးလို့ ထင်ပါတယ်’’ ဟု သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။
ဖုန်ကြားရှင်အင်တာဗျူးမှာ ဒီဇင်ဘာ ၃၀ ရက်နေ့စွဲဖြင့် အင်တာနက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဒီဇင်ဘာ ၃၁ ရက်တွင် The Global Times သတင်းစာက တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာများကို ကူညီဖြေရှင်းပေးရန် လိုအပ်ပြီး လက်ရှိ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေမည်ဖြစ်ကြောင်း ယူနန်တက္ကသိုလ်၏ နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခ မစ္စတာ Bi Shihong က အတွေးအမြင်ကဏ္ဍ ဆောင်းပါးတွင် ရေးသားခဲ့သည်။
‘‘Diplomatic way (သံတမန်ဆက်ဆံရေး) အရတော့ ဒီဖုန်ကြားရှင်အင်တာဗျူးကို တရုတ်ကွန်မြူနစ်ပါတီ အာဘော်သတင်းစာက မထည့်သင့်ဘူး။ ဖုန်ကြားရှင်ပြောကြားချက်ဟာလည်း တရုတ်အစိုးရရဲ့ အာဘော်မဟုတ်ပါစေနဲ့လို့ မျှော်လင့်တယ်။ ဒီလိုအသံတွေထွက်တာက နှစ်ပြည်ထောင်ချစ်ကြည်ရေးနဲ့ နားလည်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်တော့ ကွန်မြူနစ်ပါတီအနေနဲ့လည်း ဒါကို ဖြေရှင်းသင့်ပါတယ်’’ဟု သံအမတ်ကြီးဟောင်း ဦးမောင်မောင်စိုးတင့်က ပြောကြားသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့၏ အဓိကမဟာမိတ်အဖွဲ့တစ်ခုဖြစ်သော KIA အဖွဲ့အပေါ် မြန်မာ့တပ်မတော်က တိုက်ခိုက်နေသည်ကို လက်မခံနိုင်သောကြောင့် ကိုးကန့်အဖွဲ့သည်လည်း မြန်မာအစိုးရအား ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်သွားတော့မည်ဟု အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်က ပြောကြားပြီး ယင်းမှာ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးအဆင့်ရောက်နေသည့် မြန်မာ့ငြိမ်းချမ်းရေးခရီးစဉ်အတွင်း မည်သည့်ပုံစံဖြင့် အကျိုးသက်ရောက်လာမည်လဲ ဆိုခြင်းမှာ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပါသည်။
Source:7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment