ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားကို ၂၀၁၄ ခုနှစ် မေလ ၁၉ ရက်တွင် ရန်ကုန်မြို့  သုဝဏ္ဏအား ကစားရုံတွင် ပြုလုပ်ကျင်းပသည့် ပွဲကို ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ပြီး သမဝါယမအသင်းများအတွက် ချေးငွေများကို ပေးအပ်ခဲ့ကာ ပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုနေစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လက်ရှိဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီ ၂ဝ ရက်အထိ သမဝါယမကုန်သွယ်မှု မြှင့်တင့်ရေးဦးစီးဌာနက တိုင်းနှင့် ပြည်နယ်များတွင် တန်ဖိုး ကျပ် ၁၃,၅၂၈ ဒသမ ၁ သန်းရှိ လယ်ယာသုံး၊ ရေလုပ်ငန်းသုံး၊ အခြားလုပ်ငန်းသုံး စက်ကိရိယာ အရေအတွက် ၁၆,၆၆၄ ခုကို ရောင်းချထားပြီး ဖြစ်သည်။
ထို့ပြင် ကိုးရီးယားနိုင်ငံထုတ် Daedong လယ်ယာသုံး စက်ကိရိယာ ၄၃၄ ခု ရောင်းချထားပြီး တန်ဖိုး ကျပ်သန်း ၁ဝ,၄၇ဝ ရှိကာ စုစုပေါင်း လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်း စုစုပေါင်း ၁၇,ဝ၉၈ စီး ရောင်းချထားပြီး ဖြစ်သည်။
အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးခဲ့သည့် လယ်ယာလုပ်ငန်းသုံးစက်ပစ္စည်းများအနက်မှ တန်ဖိုးကျပ် ၃၃၁ ဒသမ ၅ သန်း ရှိ စက်ကိရိယာ ၁,၂၈၈ ခုမှ သမဝါယမ ကုန်သွယ်မှုမြှင့်တင့်ရေး ဦးစီးဌာနသို့ ငွေအကြေပေးသွင်းခဲ့ပြီး ကိုရီးယားနိုင်ငံထုတ် Daedong လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများကို အရစ်ကျငွေချေစနစ်ဖြင့် ဆက်လက်ရောင်းချနိုင်ရန် ဆောင်ရွက်နေသည်။
အရစ်ကျ ငွေချေစနစ်ဖြင့် လယ်ယာသုံး စက်ကိရိယာများကို ဧရာဝတီတိုင်းတွင် စက်ကိရိယာ ၇,၆၄၇ ခုဖြင့် အများဆုံး ရောင်းချထားပြီး ရန်ကုန်တိုင်းတွင် စက်ကိရိယာ ၃,၈၄၁ ခု၊ ရှမ်းပြည်နယ်တွင် စက်ကိရိယာ ၁,၄၆၆ ခု၊ စစ်ကိုင်းတိုင်းတွင် စက်ကိရိယာ ၁,၃၈ဝ ခု၊ ပဲခူးတိုင်းတွင် စက်ကိရိယာ ၈၅၈ ခုတို့ကို ရောင်းချပေးထားသည်။
၂ဝ၁၅ ခုနှစ်တွင် သမဝါယမဝန်ကြီးဌာနမှ အကောင်အထည်ဖော်နေသည့် သမဝါယမချေးငွေ၊ အသေးစား အရင်းအနှီး ချေးငွေလုပ်ငန်းကို တစ်နိုင်ငံလုံးသို့ လွှမ်းခြုံမိစေရန် ဆောင်ရွက်မည်ဖြစ်ပြီး တရုတ်ဘဏ်မှ ချေးငွေ တရုတ်ပို့ကုန်သွင်းကုန်ဘဏ် China EXIM Ban မှ ကန်ဒေါ် လာ သန်း ၃ဝဝ ထပ်မံချေးယူသွား မည်ဟု ပြောဆိုထားသည်။
ထပ်မံချေးယူမည့် ချေးငွေများအနက်မှ ကန်ဒေါ်လာသန်း ၃ဝ ကို လယ်ယာသုံးစက် ကိရိယာများ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးသည့် လုပ်ငန်းများတွင် သုံးစွဲဆောင်ရွက်မည်ဖြစ်ပြီး အတိုးနှုန်းကိုလည်း လက်ရှိ ၁ ဒသမ ၅ ကျပ်မှ ၁ ဒသမ ၁ ကျပ်နှုန်းသို့ လျှော့ချပေးသွားမည် ဖြစ်သည်။
ကျေးလက်ဒေသများတွင် သမဝါယမ အရင်းအနှီးချေးငွေ ထုတ်ချေးရေးအတွက် တရုတ် EXIM ဘဏ်မှ ပထမအကြိမ်ချေးငွေ ကန်ဒေါ်လာ သန်း ၅ဝ ၊ ဒုတိယအကြိမ် ကန်ဒေါ်လာ သန်း ၅ဝ၊ တတိယအကြိမ် ကန် ဒေါ်လာ သန်း ၁ဝဝ ချေးယူခဲ့သည်ဟု သမဝါယမဝန်ကြီးဌာနမှ ၂ဝ၁၄ ဒီဇင်ဘာလတွင် ထုတ်ပြန်ထားသည်။

0 comments:
Post a Comment