ဆောက်လက်စ ကန်ထရိုက်တိုက်တစ်လုံး (ဓာတ်ပုံ − နစ်ကီ)
ရပ်ကွက်များအတွင်း အထပ်မြင့် ကန်ထရိုက်တိုက် တည်ဆောက်လိုသူ နည်းပါးလာသဖြင့် မြေရှင်များ အခက်ကြုံနေကြောင်း သတင်းရရှိသည်။
‘‘အရင်ကဆို မြေရှင်ကို ကန်ထရိုက်က လိုက်တဲ့ခေတ် အခု မြေရှင်က ကန်ထရိုက်ကို ပြန်လိုက်နေရတယ်’’ဟု စမ်းချောင်း မြို့နယ်မှ မြေဧက၀က်တွင် အသေးစားကွန်ဒိုတည်ဆောက်လိုသူ မြေပိုင်ရှင်တစ်ဦးက ပြောသည်။
အချို့သော ဆောက်လုပ်ရေးကုမ္ပဏီငယ်လေးများမှာ လုပ်ငန်းရပ်နားထားခြင်း၊ ထပ်မံတည်ဆောက်ရန် မြေရှင်များနှင့် စာချုပ်မချုပ်ဆိုနိုင်တော့ဘဲ လုပ်ငန်းကို စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း အာရှနဂါးဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးနေ၀င်းမြင့်က ပြောကြားသည်။
ကြိုပွိုင့်တိုက်ခန်းဈေးကွက် ငြိမ်သက်သွားခြင်း၊ အခွန်ကောက်ခံမှုများ ကြပ်မတ်လာခြင်း၊ စည်ပင်မှ တည်ဆောက်မည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအပေါ် စည်းကမ်းကြပ်မတ်မှုများ မြင့်တက်လာခြင်းတို့ကြောင့် ဆောက်လုပ်လိုသူ ကန်ထရိုက်တာများ လျော့နည်းလာခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ဆိုသည်။
‘‘တချို့က မဆောက်ရဲတော့ဘူး။ ဆောက်လို့ အခန်းဈေးစဖွင့်ရင် ကြိုပွိုင့်ဝယ်မယ့်သူက အရင်ကထက် နည်းသွားတယ်။ အရင်အခန်းဈေးစဖွင့်လို့ ငါးယောက်လောက်က စ၀ယ်ရင် အခုသုံးယောက်တောင်မပြည့်ချင်တော့ဘူး’’ဟု လက်ရှိကြိုပွိုင့်ဈေးကွက် အခြေအနေကို ကြယ်စင်မြေအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်က ရှင်းပြသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်များမှာ ကြိုပွိုင့်မှရသည့် ငွေများဖြင့် တိုက်ခန်းကို ပြန်လည်တည်ဆောက်ခြင်း ဖြစ်သောကြောင့် အခန်းရောင်းချရမှုလျော့နည်းလာသဖြင့် တည်ဆောက်ရန် ငွေမလည်ပတ်နိုင်သောကြောင့် ထပ်မံဆောက်လုပ်ရန် အခက် တွေ့လာခြင်း ဖြစ်သည်။
‘‘လှိုင်ဘက်မှာဆို ကန်ထရိုက်ဆောက်ဖို့ မြေရှင်တွေ တန်းစီနေတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေက အရင်လို မရဲတော့ဘူး’’ဟု အထက်ပါအကျိုးဆောင်က ရှင်းပြသည်။
မြေရှင်အများစုက မြေကို တိုက်ရိုက်ရောင်းချခြင်းထက် မြေပေါ်တွင် ကန်ထရိုက်တိုက်ဆောက်၍ အကျိုးအမြတ်များမည်ကို ပိုမို သိရှိသောကြောင့် ဆောက်လုပ်လိုသူ ကန်ထရိုက်များကို စာချုပ် ချုပ်ဆိုရာတွင် ငွေအလိုက်တောင်းသည့်ပမာဏ အလွန်များပြားလာကြောင်း တောင်ဥက္ကလာပမြို့နယ်အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တော်တွင် လွန်ခဲ့သည့် ၁၉၉၇ က ဆောက်လုပ်ရေးများအားကောင်းခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ လက်ရှိအစိုးရလက်ထက် ၂၀၁၄ သည် အထပ် မြင့်အဆောက်အအုံတည်ဆောက်ရန် ခွင့်ပြုမိန့် အများဆုံးနှစ်တစ် နှစ်ဖြစ်ခဲ့ပြီး ၁၃ နှစ်အတွင်း စံချိန်တင်အဆောက်အအုံများ ခွင့်ပြု မိန့်အများဆုံးပေးခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။
Source:http://7daydaily.com/story/32396#.VO7fXPnF9B0

0 comments:
Post a Comment