ကျ န်ရှိသည့် လွှတ်တော် သက်တမ်းတွင် တာဝန်ကျေပွန်ရန် လိုအပ်ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဆို


Written by  ဖြိုး

မန္တလေး (မဇ္ဈိမ)။ ။ တိုင်းလွှတ်တော် ကိုယ်စားလှယ်များသည် ကျန်ရှိနေသည့် လွှတ်တော် သက်တမ်းအတွင်း ပြည်သူက ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြရန် မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။
လွှတ်တော်၏ သက်တမ်းမှာ ၂ဝ၁၆ခု၊ ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ပထမအကြိမ်လွှတ်တော် သက်တမ်း လေးနှစ်အတွင်း တိုင်းအတွက် လိုအပ်သည့် ဥပဒေများ ရေးဆွဲခြင်း၊ နည်းဥပဒေများ ရေးဆွဲ ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကျန်ရှိသည့် တစ်နှစ်နီးပါး ကာလအတွင်း လွှတ်တော် တစ်ရပ်လုံးသာမက တစ်ဦးချင်းစီကပါ ပြည်သူမှပေးအပ်သည့် တာဝန်များကို ကျေပွန်သည်ထက် ကျေပွန်အောင်ထမ်းဆောင် ကြရမည်ဟု ၎င်းက ဆိုသည်။
ပြည်သူ မျှော်မှန်းချက်များ ဖော်ဆောင်ရေး၊ ဥပဒေပြုရေး၊ အချင်းချင်းအပြန်အလှန် ထိန်းညှိရေးစသည့် တာဝန်များကိုလည်း ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ခြင်းစသည့် ဒီမိုကရေစီ အသွင်သဏ္ဍာန်များပိုမို ထွန်းကားရေးတို့ကို အလေးအနက်ထား ဆောင်ရွက်ကြရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက ကျင်းပခဲ့သည့် ပထမအကြိမ် တိုင်းလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်လည်း ပြောကြားခဲ့သည်။
''လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်သူတွေကို အစဉ်ထိတွေ့ပြီး ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေကို နာယူသယ်ဆောင်ပြီး လွှတ်တော်မှာ ထင်ဟပ်စေ လျက် ပြည်သူ့မျှော်လင့်ချက်၊ ပြည်သူ့ လိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်'' ဟု ၎င်းက ဆိုသည်။
တိုင်းဒေသကြီး လွှတ်တော်သည် လာမည့်ဘဏ္ဍာနှစ်အတွက် စီမံကိန်း ရည်မှန်းရန် အဆိုပြုချက်များ၊ စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရည်မှန်းချက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အဆိုပြု တင်ပြသွားမည်ဟု ဆိုသည်။
လာမည့်လွှတ်တော်တွင် မပြီးပြတ်သေးသည့် ဥပဒေကြမ်းနှင့် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတွက် အဆိုတင်သွင်းသွားမည်ဖြစ်ကာ မန္တလေးတိုင်း လမ်း၊ တံတား၊ ဥပဒေကြမ်း၊ အလတ်စားနှင့် အသေးစား လျှပ်စစ်ဥပဒေကြမ်း စသည်တို့ကို ဆက်လက်အဆိုတင်သွင်းမည်ဟု ဆိုသည်။
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment