အရည်အသွေးစစ်ဆေးသည့်ကဏ္ဍ မြန်မာတွင် မရှိသလောက်ဖြစ်

ဆောက်လုပ်ဆဲ အဆောက်အဦတခု
ဆောက်လုပ်ရေးအပါအ၀င် လုပ်ငန်းတော်တော်များများမှာ အရည်အသွေးစစ်ဆေးတဲ့ ကဏ္ဍက မရှိသလောက် ဖြစ်နေတယ်လို့ ပညာရှင်တွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

အရည်အသွေးကို သေချာမစစ်ကြလို့ တိုက်တွေ ပြိုကျတာ၊ ယိမ်းယိုင် နိမ့်ဆင်းတာတွေ ဖြစ်သလို ဆောက်လုပ်တဲ့ ပုံစံ မမှန်ကန်လို့လည်း လူနေထိုင်ဖို့ မသင့်လျော်တာတွေ ရှိနေတာပါ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်း အကြံပေး ဒေါက်တာ ကျော်လတ်က “လူသားဆန်တဲ့အိမ်တွေ ဆောက်ဖို့လိုတယ်။ လူသားဆန်တဲ့ ပတ်ဝန်းကျင်လည်း ရှိရမယ်’’ လို့ ပြောပါတယ်။

အဆောက်အအုံတွေနဲ့ပတ်သက်လာရင်တော့ ဗိသုကာ ပညာရှင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးပေမယ့် မြန်မာနိုင်ငံမှာတော့ ဗိသုကာ ပညာရှင်ကို သုံးရကောင်းမှန်းတောင် မသိဘူးလို့ သူက ဆက်ပြောပါတယ်။

ပုဂ္ဂလိကပိုင်းရော၊ အများပြည်သူနဲ့ဆိုင်တဲ့ ဆောက်လုပ်ရေး စီမံကိန်းကြီးတွေမှာပါ အရည်အသွေးနဲ့ ပတ်သက်ပြီး ဂရုမစိုက်ကြဘူးလို့ ပညာရှင်တွေက ဝေဖန်လိုက်တာပါ။

အစားအသောက်၊ ဆေးဝါးတွေကို အရည်အသွေး ကြပ်မတ်ကြသလို ကျန်တဲ့ ကဏ္ဍတွေမှာလည်း အရည်အသွေးနဲ့ပတ်သက်ပြီး သေသေချာချာ လိုက်နာဆောင်ရွက်ဖို့ လိုနေတာပါ။

အထူးသဖြင့် လူအများနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်မယ့် ကိစ္စမျိုးတွေမှာ ပိုပြီး ဂရုစိုက်သင့်တယ်လို့ အရည်အသွေး စစ်ဆေးတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Myanmar Inspection and Technology-MIT ရဲ့ ဒါရိုက်တာ ဦးသန်းထွန်းဇော်ကပြောပါတယ်။

“ဒီမှာ တခုလွဲနေတာရှိတယ်။ အရည်အသွေးစစ်ဆေးဖို့ တာဝန်ရှိသူက တတိယလူဖြစ်ရမယ်။ ပိုင်ရှင်ဘက်ကနေပြီး လုပ်ငန်းကို စစ်ဆေးရမှာ။ ခုကတော့ လုပ်ငန်းဆောင်ရွက်သူက ငှားနေတာမျိုးတွေလည်း ကြုံရတယ်။’’

ပြည်ပနိုင်ငံတွေမှာတော့ သူ့နိုင်ငံထဲကို တင်သွင်းတဲ့ အစားအသောက် စတာတွေအပြင် သစ်ပင်၊ ပန်းပင်တွေကိုပါ အရည်အသွေးထောက်ခံချက်နဲ့မှ တင်သွင်းခွင့် ပြုနေတာပါ။

မြန်မာပြည်တွင်းမှာ လာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားစီမံကိန်းတွေကတော့ နိုင်ငံတကာ အဆင့်မီ အရည်အသွေးစစ်ဆေးတဲ့ ကုမ္ပဏီတွေကို ငှားရမ်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဗိသုကာ ကောင်စီဖွဲ့စည်းလိုက်ပြီဖြစ်ပြီး ဥပဒေအရ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ အရည်အသွေးကို စစ်ဆေးသွားဖို့ ရှိနေပါတယ်။

By ပိုင်စိုး(ဒီဗွီဘီ)
http://burmese.dvb.no/archives/83559
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment