မိဘပြည်သူကို သွေးခွဲသလို ဖြစ်နေတဲ့ အစိုးရရဲ့မေတ္တာ ရပ်ခံချက်နဲ့ စိတ်မချရတဲ့ လုံခြုံရေး ကောလဟလ – အောင်ထွန်းလင်း

အောင်ထွန်းလင်း

အစိုးရဘက်က တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ခေါင်းစဉ် တပ်ပြီး မိဘပြည် သူတွေကို အစိုးရနဲ့ ပေါင်းဖို့ လက်တစ်ဖက်က ကမ်းနေပေမယ့်လည်း တစ်ဖက်မှာတော့ အမျိုး အမည်တပ်လို့ မရသေးတဲ့ လုံခြုံရေး အစီအမံလုပ်နေနိုင်တယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ ညှိနှိုင်းပေမယ့် မကျေလည် လို့လည်း ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်း လိုက်ရပါပြီ။ ဒီတော့ ကျောင်းသား သပိတ်တွေကလည်း ရန်ကုန်ကို ချီတက်လို့လာပါပြီ။ ရန်ကုန်ကို ချီတက်လာ တဲ့ စစ်ကြောင်းတွေဆိုရင် မန္တလေး၊ မကွေး၊ မော်လမြိုင်၊ ဧရာဝတီ၊ ရခိုင်၊ ပခုက္ကူ-မြင်းခြံ၊ ထားဝယ်စတဲ့ ကျောင်း သားသပိတ် စစ်ကြောင်းတွေပါ။ ဒီစစ်ကြောင်းတွေ ချီတက်လာတာနဲ့အတူ ဘေးနားကနေ ပူးပေါင်းပါဝင်ကြတဲ့ မြို့မိမြို့ဖတွေ၊ ကျောင်းသားမိဘတွေကိုလည်း ချီးကျူးပါရဲ့။ ကိုယ့်သားသမီးတွေ ဒီလောက်တောင် အပင်ပန်း ခံပြီး သပိတ်စစ်ကြောင်းနဲ့ အတူချီတက်ကြမယ့် ကိစ္စကို ၀င်တောင်မတား၊ အားတောင် ပေးနေပုံမျိုး အစိုးရ လည်း လက်ဖျားခါလောက်ပါပြီ။…

အတည်မပြုနိုင်သေးတဲ့ သတင်းအရ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ ၃ဦးသား လျှို့ဝှက်တွေ့ဆုံပြီး ကျောင်းသား သပိတ်အရေး ဆွေးနွေးသေးသတဲ့။ တခြားအကြောင်းအရာ တွေ လည်းပါပေမယ့် အခုက ကျောင်းသားသပိတ် ကိစ္စမို့လို့ ကျောင်းသား အကြောင်းပဲ ထည့်ပြောလိုက်တော့မယ်။

ဟော သူတို့ ၃ဦးတွေ့ဆုံ ပြီးနောက်ပိုင်း ၆-၂-၂၀၁၅ရက်မှာ အစိုးရက ကြေညာချက် ထုတ်ပြန်လိုက်ပါရဲ့။ ““အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ မိဘပြည်သူများ သို့ မေတ္တာရပ်ခံပန်ကြား ချက်””ဆိုပြီး အချက် ၇ ချက်နဲ့ ထုတ်သဗျ။ ထုံးစံအတိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှ ပြည်သူတွေရဲ့ လူမှုဘ၀ ဖွံ့ဖြိုးတိုး တက်မယ်၊ တိုင်းပြည်မငြိမ်သက်လို့ အဘက်ဘက်က ဆုံးရှုံးနစ်နာပြီး ကမ္ဘာမှာ မျက်နှာ ပျက်ရတယ်ပေါ့။ ဒီမို ကရေစီစနစ် ကျင့်သုံးနေလို့ နိုင်ငံ့လုံခြုံရေး ကို လေးစားလိုက်နာ ရမှာဖြစ်ပြီး အခုဆိုရင် အမျိုးသားဥပဒေနဲ့ ပတ် သက်လို့ ဥပဒေနဲ့မညီတဲ့ ဆန္ဒပြမှုတွေ ပြုလုပ်နေတယ်၊ ဒီ့အတွက် အစိုးရအဖွဲ့က လွှတ်တော်ကိုတင်ပြပြီး ဆောင်ရွက်ပေး နိုင်တာကို ဆောင်ရွက်ပေးမယ်လို့ ပါသေးသဗျ။ ဒီတော့ မဆောင်ရွက်နိုင်တာကို မဆောင် ရွက်ပေးဘူး ဆိုတဲ့သဘောများ ရောက်နေသလားပေါ့။

ဒီ့ထက်ဆိုးတာကတော့ ကျောင်းသားတွေကို အသုံးချပြီး ကျောင်းသား အမည်ခံ၊ နောက်ကွယ်က ကြိုးကိုင်နေ သူတွေ၊ ဒီလို သပိတ်ကြီးဖြစ်လာအောင် အားပေးအား မြှောက်လုပ်တဲ့ နိုင်ငံရေးအဖွဲ့တွေ ပါဝင်ပတ်သက်နေ တာကို တွေ့ရပါတယ်ဆိုပြီး အချက်တစ်ချက် ထည့်ထားတာပဲ။ ဖြစ်ရလေခြင်း။ အစိုးရ၀န်မင်း ဦးအောင်မင်း ကိုယ်တိုင်တောင် အဲဒီကျောင်းသားတွေနဲ့ စကားပြောပြီး ပါပကောလား။ ဒါဆိုရင်တော့ ဦးအောင်မင်းကိုကော ဆူပူမှုတွေ ဖြစ်အောင် မီးထိုးပေးသူလို့ ပြောရမလားပဲ။ ဘာလို့ဆိုတော့ ကျောင်းသားတွေတောင်း ဆိုတဲ့ ၄ ပွင့်ဆိုင်အတွက် ညှိနှိုင်းပွဲကို ဦးအောင်မင်းတို့ဘက်က စပြီးရက်ရွှေ့ဆိုင်းတာ မဟုတ်ပါလား။ ဒီတော့ ကျောင်း သားတွေက ကတိအတိုင်း ဆွေးနွေးမှုပျက်လို့ သပိတ်တပ် ဆက်ချီတက်တာကို နောက်ကွယ်က လူတချို့က လုပ်ပါတယ်လို့ ဆိုထားတော့ ခက်ကုန်ပါကော။

ဒါတင်မကသေးနော်။ အချက် ၇ချက်မြောက်မှာ တိုင်းပြည်တည် ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ရဟန်းရှင်လူ ပြည်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူမျိုးစုခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်တည် ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် မိမိတို့ အစိုးရ အဖွဲ့နဲ့အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံထားသဗျာ။

ကဲဩ…ဒီတော့ အနယ်နယ် အရပ်ရပ်ကနေ ရန်ကုန်ကို ချီတက်လာတဲ့ သပိတ်တပ်ကြီး ရပ်နားရာနေရာတိုင်း မှာ ကြိုဆိုနေတဲ့ ကျောင်းသား မိဘပြည်သူတွေကပဲ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားတဲ့သဘော မသက်ရောက် ကုန်ဖူး လား။ လက်ရှိအချိန်မှာ အစိုးရရဲ့ထုတ်ပြန်ချက် ဟာ ကျောင်းသားသပိတ်အပေါ်ကူညီ ထောက်ပံ့နေတဲ့ သပိတ်တပ်ဖြတ်သန်းရာ လမ်းတစ်လျှောက်က ကျောင်းသားမိဘတွေနဲ့ တခြားသော ကျောင်း သားမိဘတွေကို သွေးခွဲလိုက်တဲ့ စကားပါပဲ။ တိုက်ဆိုင်တယ်ပဲ ပြောရမလား မသိ။ အစိုးရသတင်းစာမှာ မိဘ ပြည်သူများသို့ မေတ္တာရပ်ခံချက် ကြီးအတွက် မြေလတ်ကျောင်းသားသပိတ် ချီတက်လာတာကိုကြိုဆိုမယ့် မကွေးတိုင်း ဒေသကြီး၊ တောင် တွင်းကြီးမြို့နယ်ခွဲ၊ ဆတ်သွားကျေးရွာက သပိတ်ကြိုဆိုရေး ကော်မတီရဲ့ လှုံ့ဆော်စာလည်း လူမှုကွန်ရက်ပေါ် တက်လာသဗျ။

အဲဒီမှာ ရေးထားတာ အပြည့်အစုံက ““၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် နေ့တွင်ပြဋ္ဌာန်းလိုက်သော အစိုးရ၏ အမျိုး သားပညာရေး ဥပဒေသည်လည်းကောင်း၊ ယခုလက်ရှိအစိုးရသည် ဒီမိုကရေစီအစိုးရ ဟု အမည်ခံသော်လည်း ဒီမိုကရေစီမဆန် သော၊ ဗဟိုချုပ်ကိုင်မှုများသော၊ ဆရာ/ ဆရာမများနှင့် ကျောင်း သား/ ကျောင်းသူ များအတွက် လွတ်လပ်မျှတမှုမရှိသော ပညာရေးဥပဒေကို ပြဋ္ဌာန်း ခဲ့ပြီး ဖြစ်သည်။ ထိုသို့သော အစိုးရ၏ ပညာရေးပြဋ္ဌာန်းချက်ကို ကျောင်းသားကျောင်းသူတို့ ဆန့်ကျင်ဖီဆန်ကြပြီ။ မှန်သည်။ ထို့ကြောင့် အစိုးရ၏ အမျိုးသားရေးပြဋ္ဌာန်းချက်ကို ဖီဆန်သော သပိတ်မှောက်ကျောင်းသား ကျောင်းသူအပေါင်းကို ကြိုဆိုကြလော့။ (သပိတ်မှောက်ကျောင်းသား ကြိုဆိုရေးကော်မတီ – ဆတ်သွား)”” တဲ့လေ။

အစိုးရမင်းများက ကျောင်းသားသပိတ်တပ်တွေကို ကျောင်းသားမဟုတ်သူတွေလို့ ဦးဆောင်တယ် လို့ ပြောပြော၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ အဖွဲ့ အစည်းတွေ၊ နိုင်ငံရေးအဖွဲ့တွေရှိ တယ်ပဲ ပြောပြော ပြည်သူလူထု ကြီး ကတော့ ဒီသပိတ်တပ်ကြီးဟာ မှန်ကန်တယ်လို့ ပြောလိုက်ပါပြီ။ ထို့နည်းတူ အမျိုးသားပညာရေး ဥပဒေပါ အချက်တွေ ပြင်ဆင်ဖို့တောင်းဆိုတဲ့ ကျောင်းသား သပိတ်တပ်ကြီးကို နိုင်ငံရေးအဖွဲ့ အသီးသီးနဲ့ ပြည်တွင်းပြည် ပက လူတွေက ထောက်ခံစာတွေထုတ်ပြီး အားပေးနေကြပါပြီ။

လက်ရှိအချိန်မှာ ကျောင်းသားတွေ တွေ့ဆုံဖို့ တောင်းဆိုထားတဲ့ ၄ပွင့်ဆိုင် ကလည်း အစကတည်းက ယဉ်သ ကိုး ဆိုသလို ဆွေးနွေးဖို့ စတင်ကာရှိသေး အစိုးရဘက်က ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။ ထို့နည်းတူ ကျောင်း သားသပိတ်ခေါင်းဆောင်တွေကို စောင့်ကြည့်တာလုပ်၊ သပိတ်တပ်ထဲမှာ ထောက်လှမ်းရေးထည့်နဲ့ အရင့် အရင် ၈၈ ပြည်သူ့အရေးတော်ပုံကာလ ကလို သပ်လျှိုဖြိုခွဲတာမျိုး၊ ကျောင်းသား ဟန်ဆောင်ပြီး အဖျက် အမှောင့်လုပ်ငန်းတွေ လုပ်သလိုမျိုး ဖြစ်လာမှာကို ကျောင်းသားမိဘတွေနဲ့ သပိတ်ကို ထောက်ခံသူ မိဘပြည် သူတွေက စိုးရိမ်နေကြပါပြီ။

အဲဒီလို စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့လည်း DKBA တပ်ကနေ ထုတ်ပယ်ခံထားရတဲ့ ဗိုလ်ကြီး စောဆန်းအောင်က ““ဒီကျောင်းသားတွေရဲ့ လုပ်ဆောင်ချက်တွေဟာ တစ်တိုင်းပြည်လုံး ထောက်ခံနေတယ်ဆိုတာ လူကြီးတွေ ကောင်းကောင်း သတိရဖို့လိုတယ်ပေါ့။ ကျောင်းသားတွေပဲ ငါတို့ လုပ်ချင်သလို လုပ်မယ်။ အရင်ကလည်း ငါတို့ နှိမ်နင်းခဲ့တယ်။ အရင်တုန်းကလည်း သေနတ်မိုးပေါ်မထောင်ဘဲနဲ့ ငါတို့ တည့်တည့်ပစ်ခဲ့တယ်။ ဒီအချိန်မှာ လည်း သေနတ်နဲ့ ငါတည့်တည့်ပစ်မယ်ဆိုတဲ့ အဲဒီနည်းဗျူဟာကို မသုံးပါနဲ့။ တပ်မတော်ဘက်က အပိုင်းသော် လည်းကောင်း၊ ပြည်ထဲရေးရဲ့ ပြည်ထဲရေးဝန်ကြီးသော် လည်းကောင်းပေါ့လေ။ ကျောင်းသားတွေကို ကျွန်တော် တို့ တောတွင်း လက်နက်ကိုင်သမားလို၊ ကျွန်တော်တို့ သူပုန်လို မနှိမ်နင်းပါနဲ့။ ကျွန်တော်မေတ္တာ ရပ်ခံပါ တယ်”” လို့ ကျောင်းသားသပိတ် တပ်တွေအပေါ် အကြမ်းဖက်ဖြိုခွဲမှာကို စိုးရိမ်စိတ်နဲ့ ပြောထားပြီးပါပြီ။

လတ်တလော အနေအထားတွေအရ ရန်ကုန်မြို့မှာလာမယ့် ပြည်ထောင်စုနေနဲ့ အစိုးရစစ် ၁၀ တန်းတွေ အတွက် မေးခွန်းပြင်တယ်ဆိုပြီး ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ် ၆ ခု၊ ပြည်သူ့ရင်ပြင်နဲ့ တော်လှန် ရေး ပန်းခြံတွေမှာ လုံခြုံရေးချ ထားနေပါပြီ။ ပြည်သူ့ရင်ပြင်နဲ့ တော်လှန် ရေးပန်းခြံမှာဆိုရင် ရန်ကုန်မှာရှိတဲ့ လုံခြုံ ရေးအင်အားရဲ့ ၂၅ ရာခိုင်နှုန်းတောင် အသုံးပြုထားပြီး လုံခြုံရေး ယူသူတွေဟာလည်း လည်ပင်း အနီပတ် တွေနဲ့ဆိုတော့ စိတ်ပူစရာတော့ ဖြစ်လာပါပြီ။ အစိုးရဘက်က သပိတ်တပ်တွေအတွက် ကြိုတင် ပြင်ဆင်ထား တာလို့ မပြောပေမယ့်လည်း ပြည်သူတွေဆီမှာ စိုးရိမ်စိတ်က ရှိပြီးသားပါ။

ဒီ့ထက်ဆိုးတာ တစ်ခုကတော့ အတည်မပြုနိုင်သေးတဲ့ သတင်းအရ ဧရာဝတီတိုင်းမှာ ရန်ကုန်ကိုလာမယ့် သပိတ်စစ်ကြောင်းတွေကို ထိန်းချုပ်ဖို့အတွက် ခရိုင်တစ်ခုစီတိုင်းကို လုံထိန်းအင်အား၅၀ စီပေးဖို့ ညွှန်ကြားထား တယ်ဆိုတဲ့ သတင်းပါ။ ဒီသတင်းသာ တကယ်အမှန်ဖြစ်ခဲ့ရင် တော့ ရန်ကုန်မှာစုဝေးမယ့် အနယ်နယ် အရပ်ရပ် က သပိတ်တပ်ဖွဲ့ဝင် ကျောင်းသားတွေအတွက် ရင်လေးစရာပါ။ နောက်ဆုံးအချိန်အထိ စုံစမ်းချက်တွေအရ ဒီ သတင်းမှန်ကန်တယ်လို့ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပေမယ့် ကျောင်းသား သပိတ်ကို တားဆီးဖို့ အတွက်ဟုတ်၊ မဟုတ်မေးမြန်း တာကိုတော့ ရေငုံနှုတ်ပိတ်နေကြပါတယ်။

လက်ရှိအချိန်မှာ အစိုးရဘက်က တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ခေါင်းစဉ်တပ်ပြီး မိဘ ပြည်သူ တွေကို အစိုးရနဲ့ ပေါင်းဖို့ လက်တစ်ဖက်က ကမ်းနေပေမယ့်လည်း တစ်ဖက်မှာတော့ အမျိုးအမည်တပ်လို့ မရ သေးတဲ့ လုံခြုံရေးအစီအမံ လုပ်နေနိုင်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဖြစ်နေ ကြဖြစ်တဲ့ ကောလာဟလဆိုရင် မှန်တယ်ဆိုတဲ့အတိုင်း မြန်မာပြည်ရဲ့ ပညာရေးစနစ်ကို ကမ္ဘာ့အဆင့်မီအောင် လုပ်နိုင်ဖို့အတွက် စနစ်တစ်ခုကိုဖြိုလှဲဖို့ အားထုတ်နေတဲ့ အာဏာမမက်သော ကျောင်းသား သပိတ်တပ် တွေရဲ့ လုံခြုံရေးအတွက် ၀ိုင်းဝန်းစဉ်းစားပေးကြပါလို့ တိုက်တွန်းရင်း။

အောင်ထွန်းလင်း

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment