အမိမဲ့သား ရေနည်းငါးများနဲ့ ပြည်သူသာအမိ၊ ပြည်သူသာအဖ – စိမ်းမောင်


အစွန်းရောက်မှာ စိုးရိမ်တယ်၊ တရားသေ၀ါဒကို မစွဲကိုင်သင့်ဘူး၊ ရရှိထားတဲ့ တည်ငြိမ်မှုပျက်ပြားသွားမှာ စိုးရိမ်တယ်ဆိုတာ ပြည်သူလူထုတွေကို ရည်ညွှန်းပြီး ပြောဆိုနေ တယ်လို့ ယူဆရပါတယ် အဘက်ဘက်က ဆုံးရှုံး နေရတဲ့ အခွင့်အရေးအတွက် ပြည်သူတွေ နည်းလမ်းမျိုးစုံနဲ့ ရုန်းကန်တိုက်ပွဲဝင်နေကြရတာ ဆယ်မီနာဝပ်ရှော့၊ အဲယားကွန်းခန်းထဲက တိုက်ပွဲတွေလို အလှတိုက်ပွဲတွေ မဟုတ်ကြ ဘ၀တွေ၊ အသက်အန္တရာယ်တွေနဲ့ ရင်းနှီးပေးဆပ် တိုက်ပွဲဝင်နေကြရတဲ့ ဘ၀တိုက်ပွဲတွေ ဖြစ်တယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိုင်ငံရေးသမားတွေဟာ ပြည်သူလူထု အကျိုးပြုဖို့ ရည်ရွယ်ပြီး ခံယူချက်သမားကြီး တစ်ဦးလို တာထွက် လာနိုင် သော်လည်း မကြာခင်ကာလ တွင် နိုင်ငံရေးဖြစ်စဉ် အရှုပ် အထွေးတွေကြားမှာ နစ်မွန်းသွားပြီး သူ့ရဲ့ ခံယူချက် ကြီးတွေကို စွန့်ပစ်လိုက်ကာ အခြေအနေနဲ့အံဝင်ခွင်ကျ လှုပ်ရှားရပ် တည်မှု ပြုလာတတ်ကြတယ်။ သူတိုရဲ့ ကြီး ကြီးကျယ်ကျယ်နိုင်ငံရေး ရပ်တည်ချက် ဟာ နိုင်ငံရေး ဘ၀ အခြေအနေမှာ နစ်မွန်းသွားသလို နိုင်ငံရေး အခွင့် အလမ်းသာမှု နောက်ကို လှေကြုံစီးလိုက်ဝါဒနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထား ချက်များထဲက တစ်ခုဖြစ်ပါတယ်။ ဒါကို မြန်မာ့နိုင်ငံရေးမှာ အချောင်သမားဝါဒ လို့ မြန်မာလိုပြန်ဆို အသားကျနေကြတာ တွေ့ရ ပါတယ်။ လက်ယာ အချောင်သမားဝါဒ၊ လက်ဝဲ အချောင်သမားဝါဒ စသဖြင့် ပြောဆိုရေး သားနေကြ တာကို တွေ့နေရပါတယ်။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ ပညာရှင် အမည်ခံထားသူတွေ၊ နိုင်ငံရေးလေ့လာ~ သုံးသပ် သူတွေ၊ မြန်မာ့ရေးရာ ကျွမ်း ကျင်သူတွေရဲ့ ပြောဆိုရေးသား၊ ဟောပြောပို့ချချက်တွေမှာ အချောင်သမား ၀ါဒအကြောင်း ပြောသံဆိုသံ မကြားရသ လောက်ဖြစ်နေပါတယ်။ သူတို့ရဲ့ အဓိကဟောပြောချက်တွေက အစွန်းရောက်နေမှာ စိုးရိမ် ကြောင်း၊ တရားသေ၀ါဒကို မစွဲကိုင်သင့်ကြောင်း၊ ရယ်ဒီကယ်ဆန်လာမှာ စိုးရိမ်တဲ့ အကြောင်း စတာတွေကို သာတွင်တွင် ပြောနေကြတာ တွေ့ရပါတယ်။ ဒီလိုပြောဆိုနေကြရတာကိုက သက်သက်သာသာနဲ့ ချောင်ချောင် ချိချိရှိလို့၊ အန္တရာယ်ကင်းလို့ ဖြစ်မယ်ထင်ပါတယ်။

ဒီကနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ ထိပ်တန်းဆိုတဲ့ ပုဂ်္ဂိုလ်တွေဟာ အစွန်းရောက်တယ်၊ တရားသေ၀ါဒ ကို စွဲကိုင်ထားတယ်၊ ရယ်ဒီကယ်ဆန်တယ်ဆိုတဲ့ အရိပ်လက္ခဏတွေကို စေ့စေ့စပ်စပ်လိုက် ကြည့်ရင်တောင် မတွေ့ရတဲ့ အခြေအနေဖြစ်နေတာ ပြည်သူတွေ ကိုယ်တွေ့ဖြစ်ပါတယ်။ ဒီကနေ့ ပညာရှင်ဆိုသူတွေ၊ လေ့ လာသုံးသပ်သူတွေ ပြောဆိုတဲ့၊ စိုးရိမ်နေတဲ့ ကိစ္စတွေဟာ မြန်မာ့ရေပေါ် ဆီ နိုင်ငံရေးအသိုင်းအ၀ိုင်းက လူတွေ ကို ဆိုလိုပုံမရဘူးလို့ နားလည်ရပါတယ်။ အချို့ကိစ္စတွေမှာ ဆိုရင်တောင် အဲဒီပညာရှင်တွေနဲ့ ရေပေါ် ဆီ နိုင်ငံ ရေးသမားအချို့တို့က ပူးပေါင်းပြောဆိုလာတာမျိုးတွေတောင် ခပ်စိပ်စိပ်ရှိလာနေပြီ ဖြစ်ပါတယ်။ ဒါဆိုရင် သူတို့ ပြောဆို စိုးရိမ်နေတဲ့ အစွန်းရောက်မှာ စိုးရိမ်တယ်၊ တရားသေ၀ါဒကို မစွဲကိုင်သင့်ဘူး၊ ရယ်ဒီကယ် ဆန်တယ်၊ ရရှိထားတဲ့ တည်ငြိမ်မှုပျက်ပြားသွားမှာ စိုးရိမ်တယ်ဆိုတာ ဘယ်သူတွေကို ရည်ညွှန်းပြောဆိုနေတာလည်း ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီနေရာမှာ ကျိန်းသေပေါက်ယူဆလို့ ရတာက သူတို့ပြောဆိုနေတာ တွေဟာ အာဏာရ စစ်ဗိုလ်ချုပ်ကြီးတွေ၊ အစိုးရနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြုလုပ်ချက်တွေကို လုံးဝ (လုံးဝ) ရည်ညွှန်းတာ မဟုတ်ဘူး ဆိုတာပါပဲ။ နိုင်ငံရေးသမားတွေကို လည်းမဟုတ်၊ စစ်ဗိုလ်ချုပ်ကြီးများ ကို လည်း မဟုတ်ရင် ဘယ်သူပဲကျန်ပါတော့ မလဲ၊ ပြည်သူလူထုတွေပဲ ကျန်တော့တာဖြစ်တဲ့ အတွက် ပြည်သူ လူထုတွေကို ရည်ညွှန်းပြီး ပြောဆိုနေတယ်လို့ ယူဆရပါတယ်။

ပြည်သူလူထုအပေါ်မှာ ဘယ်အချက်တွေကိုကြည့်ပြီး ပြောနေတာလဲ ဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်လာပါ တယ်။ ပညာရှင်ဆိုသူတွေရော၊ မျိုးဆက်ဆိုသူ နိုင်ငံရေးအီလစ်တွေရော တညီတညွတ် တည်းထွက်နေတဲ့ အသံက ရှိနေတဲ့အခြေအနေ ပျက်သွားမှာ စိုးရိမ်တယ်၊ တည်ငြိမ်မှုပျက်မှာ စိုးရိမ်တယ်၊ နိုင်ငံရေးမျက် ခြည်ပြတ် မှာစိုးရိမ်တယ် ဆိုတာတွေ ဖြစ်ပါတယ်။ ဒါဆိုရင် ပြည်သူတွေရဲ့လုပ်ဆောင်မှု ဘယ်အချက်တွေကများ သူတို့ စိုးရိမ်တဲ့ အချက်တွေကိုထိခိုက်စေပါသလဲ။ ပြည်သူတွေက ဘာတွေလုပ်နေလို့ လဲဆိုတာ ပြန်ကြည့်ဖို့လိုလာ ပါတယ်။ ဒီကနေ့ထင်သာ မြင်သာရှိတဲ့ ပြည်သူ တို့ရဲ့ လှုပ်ရှားမှုအချို့ကို ပြန်ခြေရာကောက်ကြည့်တဲ့အခါ လယ် သမားတွေ လယ်ယာမြေမတရား သိမ်းပိုက်ခံရမှုအတွက် တောင်းဆိုတိုက်ပွဲဝင်နေ တာတွေ၊ အလုပ်သမား တွေနေလို့စားလို့ ဖြစ်ရုံလေးအတွက် ထမင်းမငတ်ရေး၊ လုပ်ခလစာရရှိရေး တိုက်ပွဲဝင်နေရတာတွေ၊ ဥပဒေ အပါအ၀င် နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ဖို့ကြိုးပမ်းတဲ့အတွက် ရုန်းကန်တိုက်ပွဲဝင်နေရ တဲ့ ကျောင်းသား လှုပ်ရှားမှုတွေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ မျက်နှာစာပေါင်းစုံမှာ နည်းမျိုးစုံနဲ့ ပြည်သူတွေ ရုန်းကန် လှုပ်ရှားတိုက်ပွဲဝင်နေ ကြရတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီလှုပ် ရှားရုန်းကန်မှုတွေကြောင့် ရရှိထားတဲ့ တည်ငြိမ်မှု ပျက်ပြားသွားမှာ စိုးရိမ်ကြောင်း၊ နောက်ပြန်ဆုတ် သွားနိုင်ကြောင်း၊ အာဏာပြန်သိမ်း သွားနိုင်ကြောင်း နည်းမျိုးစုံ ပြော၊ ဟော၊ ရေးသားပြီး စိုးရိမ်နေကြ တားမြစ်နေကြပါတယ်။

ဒါဆို ပြည်သူတွေကရော ဘာ့ကြောင့် ဒီလိုတောင်းဆိုမှုတွေ၊ လှုပ်ရှားရုန်းကန်မှု တွေ ပြုလုပ်နေကြရပါသလဲ။ ဧရာဝတီတိုင်းက အင်းတွေအပိုင်စီး လက်ဝါးကြီးအုပ်မှုတွေကြောင့် ဒေသခံတွေ အသက်တွေ ပေးရ၊ အရိုက် အနှက်တွေခံရ၊ ထောင်ကျ တန်းကျဖြစ်ကြရပါတယ်။ ကန့်ဘလူမှာ လယ်သမားတွေ မိသားစုလိုက် ထောင် တွေကျ၊ တရားစွဲခံရတယ်။ နေပြည်တော် မှာ အသက်(၇၀)ကျော်ပါမချန် ထောင်ချ ခံရတယ်။ သေနတ် နဲ့ခြိမ်း ခြောက်ခံရတယ်။ လက်ပံတောင်းမှာ မီးလောင်ဗုံး ဒဏ်ခံရတယ်၊ တောင်သူမကြီးဒေါ်ခင်ဝင်း သေနတ်နဲ့ပစ် သတ်ခံရတယ်။ အလုပ်သမားတွေထောင် ပေါင်းများစွာ လမ်းမပေါ်မှာ နေပူမရှောင်၊ မိုးရွာမရှောင် တောင်းဆိုနေ ကြရတယ်။ ကျောင်းသားတွေ မန္တလေးကနေ ရန်ကုန်ကို မိုင်ပေါင်းများစွာ နေပူထဲမှာ လမ်းလျှောက်ချီတက် နေရတယ်။ နွေ၊ မိုး၊ ဆောင်းရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံအန်တုရင်း ပလက်ဖောင်းပေါ်မှာ အိပ်စက်ဆန္ဒ ပြနေ ကြတာတွေ၊ အဲယားကွန်းခန်းထဲက ဆွေးနွေးပွဲတွေလို မသက်သာတာ လူတိုင်းသိပါတယ်။ ဒါဖြင့် ဘာ့ကြောင့် ဒီလောက် ပင်ပင်ပန်းပန်း၊ စွန့်စွန့်စားစား ဇွဲနဲ့တောင်းဆို ရုန်းကန်နေကြရတာပါလဲဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ ဘယ်လိုစိတ်ဆန္ဒတွေက လှုံ့ဆော်တွန်း အားပေးလို့ ပြည်သူတွေက လုပ်ကိုင်နေကြ ပါသလဲ။ လယ်ယာမြေတွေ၊ အင်းအိုင်၊ ချောင်းမြောင်းတွေဆိုတာ မြန်မာပြည်ရဲ့ လူများစု တောင်သူလယ်လုပ်ဓားမခုတ် တွေရဲ့ဘ၀ရပ်တည်ရှင်သန်ရေး အသက်သွေးခဲတွေ ဖြစ်ပါတယ်။ လုပ်ခလစာဆိုတာ အလုပ်သမားတွေရဲ့ ဘ၀ ရှင်သန်ရေး အသက်သွေးခဲတွေဖြစ်ပါတယ်။ ပညာရေး လွတ်လပ်ခွင့်ဆိုတာ မြန်မာ့ပညာရေးဖွံ့ ဖြိုးတိုးတက်ဖို့ အရေးအပါဆုံး အကြောင်းအချက်တွေဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးလွတ်လပ်ခွင့်ဆိုတာ မြန်မာ့ လူ့ဘောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ တောင်သူတွေ လယ်သိမ်းခံရ လို့၊ သူတို့အသက်သွေးခဲ၊ ဘ၀ရပ်တည်ရှင်သန်ရေး ခြိမ်းခြောက်ခံနေရလို့ သူတို့ဘ၀အတွက် ခုခံတိုက်ပွဲဝင် နေကြရ တာဖြစ်ပါတယ်။ အလုပ်သမားတွေ တစ်ဝမ်းဝစာအတွက် သင့်တော်တဲ့လုပ်ခ လစာရရှိရေးအတွက် ရုန်းကန်နေ ကြရတာ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီပညာရေး အတွက် ကျောင်းသားတွေ ရုန်းကန် တိုက်ပွဲဝင်နေကြ ရတာဖြစ်ပါတယ်။ အဘက်ဘက်က ဆုံးရှုံးနေရတဲ့ ပြည်သူတို့ရဲ့အခွင့် အရေးအတွက် ပြည်သူတွေ နည်းလမ်း မျိုးစုံနဲ့ ရုန်းကန်တိုက်ပွဲဝင်နေကြ ရတာ ဖြစ်ပါတယ်။ သူတို့တွေရဲ့ ရုန်းကန်လှုပ်ရှားတိုက် ပွဲဝင်ရမှုတွေဟာ ဆယ်မီနာဝပ်ရှော့၊ အဲယားကွန်းခန်းထဲက တိုက်ပွဲတွေလို အလှတိုက်ပွဲတွေ မဟုတ်ကြပါဘူး။ ဘ၀တွေ၊ အသက်အန္တရာယ်တွေနဲ့ ရင်းနှီးပေးဆပ် တိုက်ပွဲဝင်နေကြရတဲ့ ဘ၀တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာ အသိအမှတ် ပြုနိုင်ရမှာ ဖြစ်ပါတယ်။

အခုလို ပြည်သူလူထုကြီးက မိမိတို့ရဲ့ တရားသော အခွင့်အရေးအတွက်၊ တရားသောရပိုင်ခွင့်အတွက်၊ ဘ၀ တည်မြဲရေးအတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ အပေါ် မှာ ဘာကြောင့်များ စိုးရိမ်ပူပန်နေကြပါသလဲဆိုတာ ဆန်းစစ်ဝေဖန်ဖို့ အချိန်ရောက်လာပြီဖြစ်ပါတယ်။ လယ်သမားတွေ မြေယာမတောင်းဆိုကြပါနဲ့၊ အလုပ်သမား တွေ လုပ်ခလစာ တိုးမတောင်းကြပါနဲ့၊ ကျောင်းသားတွေ အခွင့်အရေးမတောင်းကြပါနဲ့၊ ပြည်သူ့အခွင့်အရေး မျိုးစုံ မတောင်း ဆိုကြပါနဲ့ဆိုတဲ့ အဓိပ္ပာယ်ထွက်နေတဲ့ တည်ငြိမ်မှုပျက်ပြားမှာ စိုးရိမ်ပါတယ်ဆို တာ ဘယ်သူ့ အတွက် အကျိုးရှိစေပါသလဲဆိုတာ ဆန်းစစ်ကြဖို့လိုလာပါပြီ။ လတ်တလောအကျိုးရှိမှာကတော့ မြေယာ သိမ်း ပိုက်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ အပေါင်းအပါ ခရိုနီတွေ အကျိုးရှိစေမှာ ဖြစ်ပါ တယ်။ စက်ရုံအလုပ်ရုံ ပိုင်ရှင် တွေ အကျိုးရှိစေမှာဖြစ်ပါတယ်။ လက်ရှိအုပ်ချုပ်သူတွေ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ တည်ငြိမ်မှုပျက်ပြားမှာ စိုးရိမ်တယ်ဆိုတာ လက်ရှိ အုပ်ချုပ်သူတွေအတွက် ကြည်စေ၊ အေးစေ၊ နေမြဲနေစေဆိုတဲ့ သတင်းစကားပါး တာထက် မပိုနိုင်ပါဘူး။ ဒါဆို ဒီလို စကားတွေ ပြောဆိုနေတဲ့သူတွေအတွက် ဘယ်လိုအကျိုးအမြတ်တွေ ရနေ လိုပါလဲ။ အသွင်သဏ္ဌာန်မျိုးစုံနဲ့ ရုန်းကန်လှုပ်ရှား နေကြရတဲ့ ပြည်သူလူထုကြီးနဲ့ အတူတကွ တပင်တပန်း လိုက်ပါ ရုန်းကန်စရာမလိုတော့တာ လက်ငင်းမြင်သာပါတယ်။ ဒါ့အပြင် အငတ်ဘေးဆိုက်နေတဲ့ ဘယ်သူ့ ကိုမှ မကျွေးနိုင်တဲ့ အမဲသားစွတ်ပြုတ်အိုးကြီးထဲက အမဲသားစွတ်ပြုတ်တစ်ခွက် တော့ရနိုင်ပါတယ်။ ဒါ့ထက်ပိုပြီး မျှော်မှန်းတာဆိုရင် စိတ်ကူးယဉ်နေတာပဲ ဖြစ်ပါလိမ့်မယ်။

ဒီလို စိုးရိမ်ပြောဆိုနေကြတာတွေဟာ အခြားချဉ်းကပ်ပုံတစ်ခုက ကြည့်ရင် ဒါ့ထက်နက်ရှိုင်းတာကို တွေ့ရပါ တယ်။ မြန်မာ ပြည်ဟာ စီးပွားရေးအရှိတရားအရ လစ်ဘရယ်အရင်းရှင်စနစ်ကို ကူးပြောင်းခင်း ကျင်းနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့လစ်ဘရယ် စီးကြောင်းကြီးထဲ ၀င်ရောက်ဖို့ ခင်းကျင်း ပြင်ဆင်နေတဲ့ကာလဖြစ်ပါတယ်။ အရင်းရှင်စနစ် ကုန်ထုတ်လုပ်ရေးရဲ့ ဖြစ်ပေါ်လာတဲ့ လူမှုဘ၀အရ လုပ်အားလွတ်လပ်ခွင့်နဲ့ ပုဂ္ဂလိကလွတ်လပ် ခွင့်ကို ဖန်တီးပေးဖို့လို အပ်လာပါတယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဆိုတာ ဒီရေခံမြေခံ ကို ပြင်ဆင်နေတာ ကန်သင်းဖို့၊ တာပိတ်၊ မြေပြင်နေတဲ့သဘောဖြစ်ပါတယ်။ အရင်း ရှင်ကုန်ထုတ်လုပ်ငန်းအတွက် အဓိကကျတဲ့ သွင်းအားစုတွေဖြစ်တဲ့ မြေယာ၊ လုပ်အား၊ အရင်းအနှီးအတွက် ကိုယ်ထည့်ဝင်ရမယ့် ကိုယ့်အစု အတွက် ကနဦး အရင်းအနှီးစုပုံမှုကို စတင်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ နည်းပညာကိုပါ သွင်းအားစုထဲ ထည့်သွင်းလာတဲ့အတွက် ပညာရေးပါ ပြင်ဆင်ဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။ နိုင်ငံတကာက ၀င်ရောက်လာမယ့် အရင်းအနှီးတွေအတွက် ဈေးချိုတဲ့ အလုပ်သမားတွေ ဖန်တီးထားဖို့ ပြင်ဆင် လာကြပါ တယ်။ မြေယာကို အရင်းအနှီး အဖြစ်ထည့်ဝင်ဖို့ မြေယာတွေ သိမ်းပိုက်ယူ ငင်ထားကြပါတယ်။ ဒီနှစ်ခုစလုံးကို ရရှိဖို့ အတွက် ကျေးလက်လူမှုစီးပွားဘ၀ကို ဖြိုချဖျက်ဆီးပြီး အလုပ်လက်မဲ့ထုကြီးကိုဖန် တီးထားပြီး လုပ်အားခ ဈေးနှိမ်ဖို့ ပြင်ဆင် ထားပုံ ပေါက်နေပါတယ်။ နိုင်ငံတကာက ၀င်ရောက်လာမယ့် အရင်းအနှီးတွေမှာ ဝေစုတစ်စု အဖြစ် မြေယာကို ထည့်သွင်းဖို့ မြေတွေ သိမ်းပိုက်ထားလိုက်ကြပါတယ်။ လက်ရှိအချိန်မှာ လှိုင်သာယာ စက်မှု ဇုန်က အထည်ချုပ် အလုပ်သမတစ်ဦးဟာ ၀င်ငွေရဲ့ ၄၀ ရာခိုင်နှုန်းကို နေဖြစ်ရုံ ကျောတစ် ခင်းစာအတွက် အသုံးပြုနေရပါတယ်။ ၈ သောင်းခန့် ၀င်ငွေရှိတဲ့သူဟာ ကျောတစ်ခင်းစာကို ၃ သောင်းလောက် သုံးနေရပါ တယ်။ ၀င်ငွေအဆင့် အလယ်အလတ် ရောက်လာတာနဲ့ အနိမ့်ဆုံးတိုက်ခန်းငှား ရမ်းခဟာ တစ်သိန်း၊ တစ်သိန်း ခွဲဝန်း ကျင်ဖြစ်လာတဲ့အတွက် ၀င်ငွေရဲ့ ၄၀ ရာ ခိုင်နှုန်းကိုနေထိုင်မှုအတွက် သုံးစွဲလာရတာ ဖြစ်ပါတယ်။ နိုင်ငံ တကာ NGO အဖွဲ့အစည်းတွေက စစ်ဗိုလ်ချုပ်အဟောင်း အသစ်တွေရဲ့ အိမ်တွေကို ရုံးခန်းအဖြစ် တစ်လသိန်း ၇၀၀၊ ၈၀၀ ပေးပြီးငှားရမ်းနေ ကြတာကိုကြည့်ရင် လက်ရှိဖြစ်ပေါ်နေ တဲ့ မြေယာဈေးနှုန်းတွေကို လက်ခံတယ်ဆို တဲ့ သဘောကို တွေ့နေရပါတယ်။ ဒါကိုကြည့်ရင် နောင်တစ်ချိန်မှာ ၀င်ရောက်လာမယ့် စက်မှုကုန်ထုတ် လုပ်ငန်းများအတွက် မြေယာအရင်းထည့်ဝင်မှုဟာ ရင်းနှီးမြှုပ်နှံမှုမှာ ရာခိုင်နှုန်းမနည်းလှတာကို တွေ့ရပါတယ်။ ဒီအပေါ်က အကျိုးအမြတ်တွေအပြင် လုပ်အားခတွေပေါ်ကနေ ကြီးမားတဲ့ အမြတ်အစွန်းကို ဖန်တီးဖို့ ဈေးချိုတဲ့ လုပ်သားထု တစ်ရပ်လည်းရှိနေဖို့ လိုအပ်လာပြန်ပါတယ်။ ဒီအတွက် ကျေးလက်လယ်ယာလုပ် သားထုကိုဖြို ချပြီး မြို့ပြစက်မှု လုပ်သားဈေးကွက်ထဲကို မောင်းသွင်းနေတာ ဖြစ်ပါတယ်။ ဒါတွေကို အုပ်ချုပ်သူ လူတစ်စုနဲ့ နီးစပ်တဲ့ ခရိုနီအသိုင်းအ၀ိုင်းက အဓိက လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာတစ်ပြည်လုံး မဆုံးနိုင် တဲ့ မြေယာလုယက်မှုကြီးတွေနဲ့ အလုပ်သမားတိုက်ပွဲတွေကို တွေ့နေ ရတာ ဖြစ်ပါတယ်။ ဒီအခြေခံတွေကို အရင်းရှင် စက်မှုနိုင်ငံကြီးတွေ အကျိုးအမြတ်အတွက်နဲ့ ပြည်တွင်းက အုပ်ချုပ်သူအပါအ၀င် အပေါင်းအပါခရိုနီ တွေအတွက် ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်သမားကိစ္စနဲ့ အလုပ်သမားအခွင့်အရေး ကိစ္စကို ကိုင်တွယ်တာ ပြည်တွင်းက အုပ်ချုပ်သူနဲ့ စီးပွားရေး ခရိုနီတွေရဲ့ ငြိုငြင်မှုအပြင် အမေရိကန်၊ ဥရောပနိုင်ငံများ၊ ဂျပန်အပါအ၀င် နိုင်ငံတကာ အရင်းရှင်နိုင်ငံကြီးတွေရဲ့ ငြိုငြင်မှုကိုခံရမှာကို ပိုမိုစိုးရိမ်ပုံရကြပါတယ်။ ဒီကနေ့ ခရိုနီဆိုသူတွေ၊ အုပ်ချုပ်သူအဟောင်းအသစ်တွေဟာ မနက်ဖြန်ပိတ်ဆို့ ဒဏ်ခတ်မှု၊ အမည်မည်းစာရင်းတွေ ရုပ်သိမ်းလိုက်တာနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနဲ့ စီးပွားဖက်တွေ၊ လက်ဝေခံများ ဖြစ်သွားကြမှာဖြစ်ပါ တယ်။ ဒီအခြေခံတွေပေါ်ကနေ စဉ်းစားရင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားပြည်သူတွေရဲ့ အခွင့် အရေး တိုက်ပွဲတွေအပေါ် ဘာကြောင့် စိုးရိမ်နေကြပါသလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ အဆီအနှစ်တွေ ပြည့်နေ တဲ့ ကောက်ညှင်းက စေးရင်တော်ပါသေးတယ်။ အခုဟာက ကောက်ညှင်းကမစေး၊ ဆန်ကြမ်းက စေးနေကြ တာ ကြည့်မကောင်း မြင်မကောင်း ဆင်ခြင်ကြဖို့ကောင်းပါတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပြည်သူတွေရဲ့ အခွင့်အရေး လှုပ်ရှားမှု တိုက်ပွဲတွေအတွက် ဘယ်သူတွေက မစိုးရိမ်ကြပါသလဲ။ ဘယ်သူတွေက နောက်ကြောင်းပြန်မှာ၊ တည်ငြိမ်မှုပျက်ပြားမှာ မစိုးရိမ်ကြပါသလဲ။ လက်ရှိအခြေအနေမှာ ရှိနေတဲ့ ရေပေါ်ဆီ နိုင်ငံရေး အင်အားစုများက စိုးရိမ်ကြပြီး ကာယကံရှင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား ပြည်သူတွေသာ မစိုးရိမ်သူတွေ ဖြစ်ကြပါတယ်။ သူတို့ဘာလို့ မစိုးရိမ်ကြပါသလဲ။ သူတို့ဘ၀ဟာ ဆုံးရှုံးပြီးသား အခွင့်အရေးကို ပြန်လည်ရရှိဖို့ ရုန်းကန် တိုက်ပွဲဝင်ကြတာဖြစ်လို့ ဘ၀တည်ငြိမ်မှု၊ ဘ၀ဟန်ချက်မျှခြေ ပျက်ပြားနေပြီးသားဖြစ်လို့ ထပ်မံဆုံးရှုံးစရာ မရှိတော့လို့ ဖြစ်ပါတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ပြည်သူများ ရဲ့ အခက်အခဲ ဒုက္ခတွေ၊ အန္တရာယ်တွေကနေ ကာကွယ်ပေးမယ့် အမိမရှိ ဖြစ်နေကြရပါတယ်။

အလုပ်သမားတွေရဲ့ဘ၀အတွက် အနိမ့်ဆုံး လုပ်ခလစာနဲ့ အလုပ်သမား အခွင့်အရေးအတွက် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ပေးမယ့် ထိပ်တန်းနိုင်ငံရေးသမား မရှိဖြစ်နေပါတယ်။ လယ်သမားတွေ လယ်ယာမြေ သိမ်းပိုက်ခံရတာတွေ၊ သိမ်းဆည်းခံ လယ်တွေအတွက် တရားမျှတတဲ့ အစီအစဉ်အတွက် ဦးဆောင်ပေးမယ့် ထိပ်တန်းနိုင်ငံရေး သမားတွေမရှိ ဖြစ်နေပါတယ်။ ကျောင်းသားတွေရဲ့ ဒီမိုကရေစီ ပညာရေး တောင်းဆိုမှုအတွက် ၀ိုင်းရံပေးမယ့် ထိပ်သီးပုဂ္ဂိုလ်များ ရှာလို့မရ ဖြစ်နေပါတယ်။ ပြည်သူ့ အခွင့်အရေး မျိုးစုံအတွက် ဘယ်သူက ဦးဆောင်ပေးမှာလဲဆိုတာ မေးခွန်းဖြစ်နေပါပြီ။

ယနေ့တောင်သူ လယ်သမားရဲ့ လယ်ယာမြေနဲ့ ပတ်သက်ပြီး မြေသိမ်း ဗိုလ်ချုပ်ကြီးများ၊ ခရိုနီများနဲ့ စစ်တပ်တို့က ဗြောင်ကျကျ ပြန်လည် မပေးအပ်နိုင်တဲ့ ရပ်တည်မှုများ ပိုမိုတွေ့ရှိ လာရပါတယ်။ မြေယာ ကော်မတီဝင် တချို့ကတော့ ရေစက်သာ ချလိုက်ပါတော့ ဆိုတဲ့အထိ အခြေအနေကို ပြောဆိုသွားပြီး ဖြစ်ပါတယ်။ ပြည်သူတွေ အားကိုးရမယ့် အခြမ်းဘက်ကရော၊ ဖေဖော်ဝါရီလ ၄ ရက် နေပြည်တော် လွတ်တော် အဆောက်အအုံမှာ မြေသိမ်းခံ တောင်သူ များနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံတဲ့ပွဲမှာ ၎င်းအနေနဲ့ လုပ်ပေးချင်ကြောင်း၊ လုပ်ပိုင်ခွင့် မရှိ၍ ရှိသူများကို တိုက်တွန်းပေးနေကြောင်း၊ စိတ်ကို ခိုင်ခိုင်ထားပြီး ဆက်လက် ရုန်းကန်ရဦးမယ်၊ နေ့ချင်းညချင်း ပြဿနာတွေ ပျောက်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။ ကျောင်းသားတို့ရဲ့ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကိစ္စ အုပ်ချုပ်သူတို့ဘက်က ဖေဖော်ဝါရီ (၅) ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး ပညာရေးကိစ္စကို အကြောင်းပြုပြီး ဆူပူမှုများ ဖြစ်ပေါ်လာစေရန် နောက်ကွယ်က ကြိုးကိုင်နေသူတွေ ရှိတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် ၀ိုင်းဝန်းကူညီရန် မေတ္တာရပ်ခံပါတယ်ဆိုပြီး ဆူပူလိုသူ၊ တည်ငြိမ်အေး ချမ်းရေးကို ပျက်ပြားစေသူများ အဖြစ် ကျုံးသွင်းနေပါတယ်။ နောက်ဆက်တွဲ အကြမ်းဖက် ဖြိုခွင်းမှာကို အများပြည်သူက စိုးရိမ်နေကြ ပါတယ်။ ကျောင်းသားများ တောင်းဆိုထားတဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်တဲ့ NNER ရဲ့ ဦးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်ကို ပါတီစည်းကမ်းအရ ဗဟိုအလုပ်မှုဆောင်တာဝန် ယူရန်မဖြစ်နိုင် တော့ကြောင်း ကြေညာချက် ထုတ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့က သတင်းထောက်များနဲ့ တွေ့ဆုံတဲ့ပွဲမှာ ကျောင်းသားသပိတ်နှင့်လည်း NLD သက်ဆိုင်ခြင်း မရှိလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း Daily Eleven သတင်းစာဖော်ပြချက်အရ သိရပါတယ်။ ဖြစ်စဉ်တွေကို ခြုံကြည့်ရင် ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူ၊ အလုပ်သမား၊ လယ်သမားများရဲ့ နစ်နာရချက်တွေ၊ တရားတဲ့ အခွင့်အရေး ရပိုင်ခွင့် တောင်းဆိုမှုများ အတွက် ရပ်တည် ဆောင်ရွက်ပေးမယ့် လူပုဂ္ဂိုလ်အဖွဲ့အစည်းမရှိ ဖြစ်နေပါတယ်။ လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးများဟာ မြန်မာလူထုကြီး အတွက် မည်သည့် အကျိုးကျေးဇူးမှ မခံစားရပဲ ပိုမို နစ်မွန်းစေခြင်းသာ အဖတ်တင်ခဲ့ရပါတယ်။ လူထုကြီးရဲ့ အခွင့်အလမ်းအကျိုး စီးပွားများ တိုးတက် ရွေ့လျားလာမှသာ အရွေ့ရှိတယ် ဆိုနိုင်မှာပါ။ သက်ဆိုင်ရာ အုပ်ချုပ်သူ၊ အစိုးရလွှတ်တော်နဲ့ စစ်တပ်တို့က ၎င်းတို့ အကျိုးစီးပွားများ လက်လွတ်ရမယ့် ပြည်သူလူထုကြီးရဲ့ အကျိုးစီးပွား အခွင့်အရေးများကို လုံးဝ မလိုက်လျောလိုတဲ့သဘော သိသာ ထင်ရှားလာပါတယ်။ ပြည်သူလူထုကြီး ရဲ့ ခေါင်းဆောင်များကလည်း ကမ္ဘာမီးလောင် သားကောင်ချနင်း မပဋာမြေလူး ဇာတ်ချင်းပဲ ခင်းနိုင်ပုံရပါတယ်။ ပြည်သူလူထုကြီးဟာ အမိမဲ့သား ရေနည်းငါး လို ဖြစ်နေပါတယ်။ လယ်သမား များ၊ အလုပ်သမား များ၊ ကျောင်းသားများဟာ ပြည်သူကို အမိအဖအရာ ထားရတော့ မှာ ဖြစ်ပါတယ်။ ပြည်သူသာ အမိ၊ ပြည်သူသာ အဖခေတ်ကို အမှန်မျက်မှောက် ပြုနေရပြီ ဖြစ်ပါတယ်။

စိမ်းမောင်

မြန်မာသံတော်ဆင့်သတင်းဌာန – http://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment