မတေးနုယဉ် သေဆုံးမှု မင်းအုပ်စိုးတွင် အပြစ်မရှိကြောင်း ရှေ့နေ လျှောက်လဲ


သရပါ မဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ် (ခ) တေးနုယဉ် သေဆုံးမှုနှင့် ပတ်သက်ပြီး သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးတွင် အပြစ်မရှိကြောင်း သူ၏ ရှေ့နေက အနောက်ပိုင်းခရိုင် တရားရုံးသို့ ယနေ့ လျှောက်လဲချက် ပေးခဲ့သည်။

လူသတ်မှုဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ကျောက်တံ တားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် ၅ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့စစ်ဆေးခဲ့ရာ ရှေ့နေဖြစ်သူက အထက်ပါ အတိုင်း လျှောက်လဲချက် ပေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ ရုံးချိန်းတွင် တရားလိုပြ သက်သေ တဦးဖြစ်သူ ရဲအရာခံ လင်းထွဋ်ကို စတင် စစ်ဆေးခဲ့ကြောင်း တရားရုံး စာရွက် စာတမ်း တချို့အရ သိရသည်။

မင်းအုပ်စိုး၏ ရှေ့နေဖြစ်သူ ဒေါ်ခင်သိန်းက တရားရုံးသို့ လျှောက်လဲချက် ပေးရာတွင် အခင်း ဖြစ်ပွားသည့်နေ့က သေဆုံး သူနှင့် ပြစ်မှုကျူးလွန်သူတို့ ၂ ဦးမှာ ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တဦးနှင့်တဦး လုံးထွေးသတ်ပုတ်ရာမှ မတော်တဆ ထိခိုက်မှုကြောင့် မတေးနုယဉ် သေဆုံးသွားရခြင်း ဖြစ်ကြောင်း ရုံးတော်သို့ လျှောက်တင်ခဲ့သည်။

ရှေ့နေဖြစ်သူ ဒေါ်ခင်သိန်းက “တေးနုယဉ်နဲ့ လုံးထွေး သတ်ပုတ်ရာက မင်းအုပ်စိုးက တွန်းလိုက်တာက ကုတင်စောင်းနဲ့ ဆောင့်မိတယ်။ ဆောင့်ပြီးတော့မှ ခုံနဲ့ သမံတလင်းနဲ့ ပြန်ဆောင့်မိတာ။ သေစေရန် ဆန္ဒတော့ မရှိဘူး။ ပြီးတော့ ရန်ဖြစ်တဲ့ အချိန်မှာ သူတို့ ၂ ယောက်တည်း ရှိတာ မဟုတ်ဘူး။ မဂ္ဂဇင်းက ကောင်မလေးတွေလည်း ရှိတယ်။ ညကြီး မင်းကြီး။ ဟိုကောင်မလေးတွေလည်း ရှိတော့ သူတို့ ရှေ့မှာ ဒီလို နှိပ်စက်နေရင် သူတို့ကိုလည်း အကူအညီ တောင်းမှာပဲလေ’’ ဟု ဧရာဝတီသို့ ပြောသည်။

မတေးနုယဉ် သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး မူခင်းဆရာဝန်၏ ဆေးစစ်ချက်အရ မတေးနုယဉ်၏ နံရိုးများ ကျိုးကြေ ပျက်စီးခြင်း၊ မေးအောက်ရှိ ညာဘက်ညှပ်ရိုး ကျိုးနေခြင်း၊ အသည်းကွဲ ထွက်သွားခြင်း၊ အဆုတ် ညိုမည်း ပျက်စီးခြင်း၊ မျက်နှာများ ဖူးယောင်ခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်တချို့ထံမှ သိရသည်။

မတေးနုယဉ်၏ မောင်နှဝမ်းကွဲ တော်စပ်သူ ကိုစည်သူက “ကျနော်တို့ဘက်က လူတယောက်လုံး ဆုံးရှုံးခဲ့ရတာတောင် သူ့ဘက်က အပြစ်မရှိဘူးလို့ပြောရင် ရင်ခွဲရုံထဲက သူ့အလောင်းကို ထုတ်လာတော့ ဘာလို့ ဒဏ်ရာတွေ အများကြီး ရနေလဲ။ ကျနော်တို့ ဘက်ကတော့ အမှုမှန်ပေါ်အောင် ဥပဒေအရ ဆက်လုပ်သွားမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ နံနက် ၂ နာရီခန့်တွင် သရုပ်ဆောင် မင်းအုပ်စိုးက ညီမ၀မ်းကွဲဆိုသူ သရပါ မဂ္ဂဇင်း အယ်ဒီတာ မနုနုယဉ် (ခ) တေးနုယဉ်အား ၎င်း၏ နေအိမ်တွင် လက်သီးဖြင့် ထိုးခြင်း၊ ဆောင့်တွန်းခြင်း၊ ကိုင်ဆောင့်ခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် မတေးနုယဉ် သေဆုံးခဲ့ပြီး မင်းအုပ်စိုးကိုယ်တိုင် ဗဟန်းရဲစခန်းတွင် ဖြောင့်ချက်ပေး အဖမ်းခံခဲ့ခြင်း ဖြစ်ကြောင်း ရဲစခန်းက ပြောဆိုထားသည်။

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး အမှုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထပ်မံ ရုံးချိန်းလိုက်ပြီး အနောက်ပိုင်းခရိုင်၊ ဒုတိယ ခရိုင်တရားသူကြီး (၂) ရှေ့မှောက်တွင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် ၎င်းနေထိုင်ရာ ဖိုးစိန်လမ်းရှိ လုံခြုံရေး ၀န်ထမ်း ၂ ဦးနှင့်ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဖိုးစိန်လမ်းရှိ အမှိုက်ပုံ မီးရှို့မှုကြောင့် ပုဒ်မ ၆/၁၊ ပုဒ်မ ၄၃၅ တို့ဖြင့် အရေးယူခြင်းတို့ ခံခဲ့ရဖူးသူ ဖြစ်သည်။

Source:http://burma.irrawaddy.org/news/2015/02/16/71227.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment