အခြေခံလစာ သုံးသောင်းကျပ် တိုးမြှင့်မပေးမချင်း အလုပ်သမားများ ဆက်လက်ဆန္ဒပြ တောင်းဆိုသွားမည်



နေ့ကြေး တစ်ထောင့်တစ်ရာကျော်နဲ့ ထမင်းစားလို့ မရဘူးလေ … ဆန်တစ်ပြည်တောင် ၁၂၀၀ ပေးရ တယ် ဆန်တစ်ပြည် ၁၂၀၀ ဆိုတာတောင်မှ အကြမ်းပဲရှိသေးတယ် …

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ရွှေပြည်သာ မြို့နယ်ရှိ အထည်ချုပ်စက်ရုံ (၃)ရုံမှ အလုပ်သမား (၂၀၀၀)ကျော်ခန့်သည် မူလရရှိထားသည့် အခြေခံလစာမှာ စားဝတ်နေရေး အဆင်မပြေသည့်အတွက် လက်ရှိရရှိနေသည့် အခြေခံလစာကို သုံးသောင်း ကျပ် တိုးမြှင့်ပေးရန် မရမချင်း ထပ်မံ တောင်းဆိုသွားမည် ဖြစ်ကြောင်း အခြေခံ အလုပ်သမားများ သမဂ္ဂမှ ဘဏ္ဍာရေးမှူး မခင်မျိုးအေးက ဖေဖော်ဝါရီ (၂၃) ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

Eland Myanmar အထည်ချုပ်စက်ရုံ၊ Costec အထည်ချုပ်စက်ရုံနှင့် Ford Glory အထည်ချုပ် စက်ရုံများမှ အလုပ်သမားများသည် တစ်ဦးလျှင် အနိမ့်ဆုံး အခြေခံလစာ ကျပ်သုံးသောင်းဝန်းကျင်နှင့် အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ စားစရိတ် စသည်တို့ကို လစာအဖြစ် တပေါင်းတည်း ရရှိသော်လည်း အချိန်ပိုကြေး၊ ရက်မှန်ကြေး တို့မှာ အလုပ်လုပ်ရသည့် အခြေအနေပေါ် မူတည်နေသည့်အတွက် စားဝတ်နေရေး ဖူလုံမှုမရှိသောကြောင့် စက်ရုံ အလုပ်သမားများက သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေ ရခြင်း ဖြစ်သည်။…

““အဓိကက လစာ၊ လုပ်ခလစာ တောင်းဆိုတယ်။ လူတစ်ယောက်ကို သုံးသောင်းကျပ် တိုးတောင်းထားတယ်။ သူတို့ပေးတာက အခုတစ်သောင်းနှစ်ထောင်၊ တစ်သောင်းသုံးထောင်ပဲ တိုးပေးထားတယ်။ OT (အချိန်ပို) မဆင်းရဘဲနဲ့ ကိုးသောင်း တစ်သိန်းလောက် ရအောင် တောင်းထားပါတယ်။ အဲဒါမှလည်း စားဝတ်နေရေး အဆင်ပြေတာ။ မရမချင်း တောင်းသွားမှာပါ””ဟု အခြေခံ အလုပ်သမားများ သမဂ္ဂဘဏ္ဍာရေးမှူး မခင်မျိုးအေး က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ““သူတို့ကတော့ အတတ်နိုင်ဆုံး ဖြေရှင်းပေး မယ်လို့ ပြောထားတာပဲ။ အတတ် နိုင်ဆုံး ဖြေရှင်းပေးမယ် ဆိုတာက အခုဆိုပဲ ရက် ၂၀ ကျော်သွားပြီလေ။ အခြေခံ လစာ နေ့ကြေး တစ်ထောင် တိုးတောင်းတာ။ အလုပ်သမား တစ်ယောက်က နေ့ကြေး တစ်ထောင့်တစ်ရာကျော်နဲ့ ထမင်းစားလို့ မရဘူးလေ။ ဆန်တစ်ပြည်တောင် ၁၂၀၀ ပေးရတယ်။ ဆန်တစ်ပြည် ၁၂၀၀ ဆိုတာတောင်မှ အကြမ်းပဲရှိသေး တယ်။ နောက်ထပ် တစ်ထောင်ထပ်ပေးရင် ဘာပဲပြောပြော နှစ်ထောင် ရမယ်။ နှစ်ထောင်ဆိုတော့ စားတာ မလောက် ပေမယ့်လည်း နည်းနည်း အဆင်ပြေမှု ဖြစ်သွားတာပေါ့””ဟု စက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်သူ သင်းသင်းနွယ် က မြန်မာသံတော်ဆင့်သို့ ပြောသည်။

အထည်ချုပ်စက်ရုံ အလုပ်သမားများသည် ဇန်န၀ါရီ ၂၈ ရက်မှစတင်၍ သပိတ်စခန်း ဖွင့်လှစ်၍ တောင်းဆိုခဲ့ရာ ဇန်န၀ါရီ ၂၉၊ ၃၀ ရက်များတွင် ပြုလုပ်သည့် အလုပ်သမား ကိုယ်စားလှယ်များနှင့် တာဝန်ရှိ လူကြီးများ၏ ညှိနှိုင်း ဆွေးနွေးမှုတွင် အချက် ၇ ချက် ညှိနှိုင်း နိုင်ခဲ့သော်လည်း အခြေခံလစာ တိုးမြှင့်ပေးရန်နှင့် ဥပဒေအရ အခြေခံလစာ သတ်မှတ်ပေးရန်ဆိုသည့် အချက် ၂ ချက်မှာ ပြေလည်မှု ရရှိခဲ့ခြင်း မရှိသောကြောင့် ဆက်လက် ဆန္ဒပြ တောင်းဆိုနေခြင်း ဖြစ်သည်။

““အဲဒါတွေက သူတို့ဆန္ဒရှိတာပဲ သူတို့ပြောနေတာ။ တစ်နေ့တစ်ထောင်နှုန်း မဟုတ်ဘူး။ တကယ့် တကယ် သူတို့ပေးမယ် ဆိုတာလည်း သူတို့က အနိမ့်ဆုံးလစာကို တွက်ပြပြီးတော့ သူတို့ အဲဒါပဲရမယ်လို့ အတည်ပေါက် ပြောနေတာ။ တကယ့်တကယ်ကျတော့ အခြားပုံမှန် ပေးရတာက ရက်မှန်ကြေးဆိုတာ ရှိတယ်။ စားစရိတ် ဆိုတာ ရှိတယ်။ အချိန်ပိုကြေးဆိုတာ ရှိတယ်။ အဲဒီလိုပေးထားတဲ့ အခြားဟာတွေ အများကြီးရှိပါတယ်။ အနိမ့်ဆုံးလို့ ပြောတဲ့ ၄ သောင်းခွဲလောက်ရတဲ့ လူက တကယ့်တကယ် ငွေထုတ်လို့ရှိရင် တစ်သိန်းကျော် ပါတယ်။ တစ်သိန်းအောက် ရတဲ့သူ မရှိပါဘူး။ ဘာမှမတတ်ဘဲနဲ့တောင်မှ တစ်သိန်းကျော် ပေးထားပါတယ်””ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ရုံးအဖွဲ့မှူး ဦးခင်မောင်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၂ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမားရေးရာ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့ ဒုတိယ အကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ပြီး အလုပ်သမား အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးတင်အောင် အပါအ၀င် အစိုးရ တာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် ဒုဝန်ကြီး ဦးတင်အောင်နှင့် အစိုးရတာဝန်ရှိ သူများက ယခုကဲ့သို့ ဆူပူမှုများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း၊ အစိုးရမှာ တာဝန်ရှိခြင်း မဟုတ်ဘဲ မီဒီယာများမှာလည်း တာဝန်ရှိကြောင်းနှင့် ဆူပူမှုများဖြင့် မတည်မငြိမ် ဖြစ်နေလျှင် မည်သည့် လုပ်ငန်းရှင်မှ လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမည် မဟုတ်ကြောင်း စသည့်အချက်များကို မီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။

““အောင်မြင်အောင် လုပ်ပေးမယ်။ အမြဲတမ်း အလုပ်ရှင် အလုပ်သမား ပြေလည်အောင် အဆင်ပြေအောင် ညှိသွားမှာပေါ့။ ဥပဒေနဲ့အညီ လုပ်မှခွင့်ပြုလို့ရမှာ။ ဥပဒေနဲ့အညီ မလုပ်ရင် ခွင့်ပြုလို့မရဘူး။ ကိုယ့်စက်ရုံ အခြေအနေကို သိရမယ်။ ကိုယ့်လုပ်ငန်းအကြောင်း ကိုယ်သိရမယ်။ မျှမျှတတ သိရမယ်။ မဖြစ်နိုင်တာ ဇွတ်တောင်း လို့ကတော့ အားလုံး ဒုက္ခရောက်ကုန်မှာပေါ့။ မှန်မှန်ကန်ကန်နဲ့ အားတိုက် လုပ်ဖို့လိုတယ်။ အားတိုက်လုပ်မှ လုပ်ငန်းခွင် အေးချမ်းသာယာမှာပေါ့””ဟု အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment