ကြက်ခြေနီကားတစ်စီး ထပ်မံတိုက်ခိုက်ခံရပြီး လေးဦးဒဏ်ရာရh

ကြက်ခြေနီ၊ ဒုက္ခသည်၊ သတင်းထောက်များပါ ကြက်ခြေနီယာဉ်ကို ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့က နာရီဝက်ခန့်ကြာ လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်မှုတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သော 7Day သတင်းထောက်များ၏ သတင်းပေးပို့ချက်
ကြက်ခြေနီအလံ ထောင်ထားပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်၊ ဒုက္ခသည်နှင့် သတင်းထောက်အချို့ လိုက်ပါလာသော ယာဉ်တစ်စီးကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီတွင်ကိုးကန့်တိမ်းရှောင်အဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့သဖြင့် လေးဦးဒဏ်ရာရရှိခဲ့သည်။
ကြက်ခြေနီအလံ လွှင့်ထား ပြီး ဖိုးဝှီးကားအဖုံးပေါ်တွင်လည်း ကြက်ခြေနီအလံ တပ်ဆင်ထား သည့် ထိုယာဉ်သည် လောက်ကိုင် မြို့မှ ချင်းရွှေဟော်သို့ပြန်လာစဉ် လုံထန်ရွာအနီး၌ ပစ်ခတ်ခံခဲ့ရ ခြင်းဖြစ်ပြီး လက်နက်ကြီး ငါး ချက်ထက်မနည်း အပါအ၀င် လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့သဖြင့် ကားပေါ်ပါလာ သူများအနက် လေးဦး ဒဏ်ရာရရှိသွားသည်။
ကြက်ခြေနီတပ်ဖွဲ့ဝင် နှစ်ဦး၊သတင်းထောက် ငါးဦးနှင့် ယာဉ် မောင်းတစ်ဦး၊ စုစုပေါင်းရှစ်ဦးစီးနင်းလာသည့် ဖိုးဝှီးယာဉ်သည် လောက်ကိုင်မြို့မှ မွန်းလွဲ ၁ နာရီကျော်တွင်ထွက်လာပြီး လမ်းခရီး၌ တရုတ်နယ်စပ်မှ ထွက် ပြေးတိမ်းရှောင်လာသည့် တစ်နှစ်သားအရွယ်နှင့် လေးနှစ်သား အရွယ် ကလေးငယ် နှစ်ဦး၊ ကလေးမိခင် နှစ်ဦးနှင့် လူငယ် တစ်ဦးတို့ကို တင်ဆောင်လာခဲ့ပြီး ချင်းရွှေဟော်သို့ ထွက်ခွာလာရာ  လုံထန်ရွာအနီးတွင် ဘေးဘယ် ညာညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခံ ခဲ့ရခြင်းဖြစ်သည်။
ဘောလုံးကွင်း တစ်ကွင်း  ထိပ်နှစ်ဖက်ခန့်ရှိမည့် ခန့်မှန်းအကွာအဝေးရှိ နေရာတောင်ကုန်းပေါ်မှ လက်နက်ကြီးဖြင့် ငါးချက်ထက်မနည်းပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် နာရီဝက်ခန့်ကြာတရစပ်ပစ်ခတ်ခဲ့သဖြင့် ထိုနေရာအနီးရှိ ချုံများနှင့် ကမူများဘေးသို့ တိုးဝင်ကာ မလှုပ်မယှက် နှစ်နာရီကြာငြိမ်သက်နေခဲ့ရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် 7Day သတင်းထောက်ကပြောကြားသည်။
‘‘အစတော့ ကလေးတွေကတအားငိုတာ၊ တစ်နှစ်သားအရွယ် ကလေးလေးက အရမ်းငိုနေတော့ မငိုအောင် အမေလုပ်သူက နို့တိုက်လိုက်ပြီး လေးနှစ်သားလေး ကိုတော့ အသံမထွက်အောင် အမေလုပ်သူက ရင်ခွင်ထဲက အနွေးထည်နဲ့ ညှပ်ပြီး အသံမ ထွက်အောင် လုပ်ထားရတာ’’ဟု 7Day သတင်းထောက် ကိုအောင်ခိုင်က ပြောသည်။
၎င်းမိခင်နှစ်ဦးအနက် တစ်ဦးသည် တင်ပါးတွင် လက်နက်ကြီးပေါက်ကွဲစထိမှန်ကာ ဒဏ်ရာရရှိထားလျက်နှင့်ကလေးငယ်ကို အသံမထွက်အောင် နို့တိုက်ချော့ခဲ့ခြင်းဖြစ်သည်။
စတင်ပစ်ခတ်ခံရစဉ်က ကားပေါ်တွင် ၁၃ ဦးစလုံး တစုတစည်းတည်းရှိနေကြသော်လည်း ခေတ္တအကြာတွင် ဘေးလွတ်မည်ဟု ယူဆရသည့် ချုံများ၊ ကမူများတွင် အကာအကွယ်ယူပြီး တစ်ယောက်ပေါ် တစ်ယောက်ထပ်ကာ ၀ပ်နေခဲ့ရပြီး လုံးဝမလှုပ်ရဲခဲ့ကြပေ။
‘‘ကြုံသလိုပစ်တာ မဟုတ်ဘူး။ ဘယ်ညာကနေ စနစ်တကျပစ်တာ။ ကိုးကန့်တပ်ဖွဲ့က ပစ်တာသေချာတယ်’’ ဟု 7Day သတင်းထောက်က ပြောသည်။
ဘယ်၊ ညာညှပ်၍ ပစ်ခတ်ခံရသည့်အချိန်တွင် ပါလာ သည့် ဖုန်းများမှာလည်း အချို့မှာ ကျကျန်ခဲ့ကာ အချို့မှာ ဆက်သွယ်မရ ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် 7Day သတင်းထောက်၏ တရုတ်ဖုန်းမှ ဖုန်းမြည်သံကြားရသော်လည်းထိုဖုန်း မည်သည့်နေရာတွင် ရောက်နေမှန်း ရှာမရဖြစ်နေခဲ့သည်။ ထိုဖုန်းရှိသည့်နေရာကိုကားပေါ်တွင် ကျန်နေခဲ့သည့် ကလေးမိခင်များက ညွှန်ပြပြီး ဖုန်းကို တုတ်များဖြင့် ခက်ခက်ခဲခဲယူငင်ကာ ထိုဖုန်းဖြင့်ပင် ချင်းရွှေဟော်အခြေစိုက် တပ်မ(၁၁)သို့ ဆက်သွယ်ခဲ့ရသည်။ တပ်မ ၁၁ နှင့် အဆက်အသွယ်ရလျှင်ရချင်း တိုက်ခိုက်ခံနေရသည့်နေရာကို ညွှန်ပြအပြီး ၁၅ မိနစ်ခန့်အကြာတွင် တပ်မ ၁၁ မှ တပ်ဖွဲ့ဝင် များလိုက်ပါလာသည့် ကား သုံးစီးဖြင့် ရောက်ရှိလာသည်။
ထိုကား သုံးစီးရောက်လာ အပြီးတွင် တစ်ဖက်နှင့် တစ်ဖက်၁၀ မိနစ်အကြာ အပြန်အလှန် ပစ်ခတ်ပြီး တိုက်ပွဲငယ်ဖြစ်ပွားခဲ့ကာ ညနေ ၅ နာရီတွင် တိုက် ပွဲ ပြီးဆုံးသွားခဲ့သည်။ ထိုတိုက်ပွဲတွင် ကိုးကန့်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်၍ ကားတစ်စီးထိမှန်ပြီး တပ်မတော်သားတစ်ဦးဒဏ်ရာရရှိခဲ့သည်။ ပစ်ခတ်မှုများ ငြိမ်သက်သွားပြီးနောက် ခေတ္တနားကာ တစ်ဦးချင်း တန်းစီ၍ လုံခြုံရေးယူပြီး ခေါ်ဆောင်သွားခဲ့ကာ ၁၅ မိနစ်ကြာလမ်းလျှောက်ခဲ့ရသည်။ တောင်ခြေတစ်ခုအရောက်တွင် ကားပေါ်ပါသူ ၁၃ ဦးစလုံးကို နာရီဝက်အကြာဝပ်နေစေခဲ့သည်ဟု 7Day သတင်းထောက်ကပြောသည်။
ကြက်ခြေနီယာဉ်ကို တိုက်ခိုက်သူများမှာ ဆေးကြောင်နေသူများဖြစ်သည်ဟု တပ်မတော်သားအချို့က မှတ်ချက်ပြုကြောင်းလည်း သတင်းထောက်က ပြောသည်။
‘‘တပ်သာ လာမကူရင် အ ကုန်သေပြီ’’ဟု 7Day သတင်း ထောက်ကပြောသည်။
ပစ်ခတ်တိုက်ခိုက်မှုကြောင့် MRTV-4 မှ သတင်းထောက် ကိုမြတ်သီဟမောင်သည် လက် မောင်းတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး လောက်ကိုင်ခရိုင်ကြက်ခြေနီဦးစီးမှူးမှာ လက်နက်ကြီးထိမှန်ကာ  ဒဏ်ရာအပြင်းအထန်ရရှိထားသည်။
ယာဉ်မောင်းမှာ ရင်ဘတ်နှင့် ခါးတို့တွင် ကျည်ဆန်သုံးချက်ထိမှန်ထားပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေသည်။
ကလေးမိခင်တစ်ဦးမှာ တင်ပါးတွင် ဒဏ်ရာရရှိထားသဖြင့် ၎င်းတို့လေးဦးကို ကွမ်းလုံမြို့သို့ ခေါ်ဆောင်လာပြီး ဆေးကုသပေး လျက်ရှိကြောင်းသတင်းထောက် ကပြောသည်။
ကားပေါ်တွင် လိုက်ပါလာ သည့် ပြည်တွင်းသတင်းထောက် ငါးဦးမှာ 7Day Daily၊ The Voice၊ပြည်ထောင်စုနေ့စဉ်နှင့် MRTV-4တို့မှ ဖြစ်ကြသည်။
ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ကိုးကန့်တိမ်းရှောင်အဖွဲ့က  ကြက်ခြေနီယာဉ်တန်းအားတိုက်ခိုက်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
 Source:http://7daydaily.com/story/32307#.VOl9EPnF9B0
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment