ဖြိုးဖြိုးအောင်နှင့် မင်းသွေးသစ်ကို မိဘများ ထောင်ဝင်စာတွေ့ဆုံ

ဓာတ်ပုံ – Chocho Bakatha’s facebook

ပဲခူးတိုင်း၊ သာယာဝတီထောင်ထဲမှာ ဖမ်းချုပ်ခံထားရတဲ့  အမျိုးသားပညာရေး ဥပဒေ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေကို  မိဘတွေက ဒီကနေ့ ထောင်ဝင်စာ တွေ့ခွင့်ရခဲ့ကြပါတယ်။

ဒီမိုကရေစီပညာရေး ပင်မကျောင်းသား သပိတ်စစ်ကြောင်းက ဗကသ ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းသွေးသစ်နဲ့ မဖြိုးဖြိုးအောင်တို့ မိဘတွေ အပါအ၀င် ကျောင်းသားတချို့ရဲ့ မိဘတွေ ထောင်ဝင်စာတွေ့ခဲ့ကြတာဖြစ်ပြီး ထောင်အာဏာပိုင်တွေက စောင့်ကြည့် မှတ်တမ်း တင်ထားတယ်လို့  မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေ၀င်းက ပြောပါတယ်။

“ကျနော်တို့ဘက်မှာ ထောင်ဝန်ထမ်း အမျိုးသား တယောက် အမျိုးသမီး တယောက်၊ သမီးဘက်မှာက ထောင်ဝန်ထမ်း အမျိုးသမီး ၂ ယောက်၊ ကျနော်တို့ ပြောတာတွေ စာနဲ့ ရေးမှတ်တယ်၊နောက်ပြီးတော့ မှန်ကာထားတယ်၊သံဇကာ ကာထားတယ်ဗျာ၊ မှန်ကာ ထားတဲ့ကြားကပဲ ပြောရတယ်၊ ၁၅ မိနစ်လောက် ပြောခဲ့ရတယ်။”

မဖြိုးဖြိုးအောင်ရဲ့ ပြောပြချက်အရ သူတို့ကို ဘုန်းကြီးကျောင်းထဲမှာ ပုံစံထိုင်ခိုင်းထားပြီး နံပါတ်တုတ်နဲ့ရိုက်ခဲ့ပြီး ရဲမေတွေက ကျောင်းသူတွေကို အယုတ်တ အနတတွေ မျိုးစုံပြောပြီးဆို အချုပ်ကားပေါ်မှာလည်း ရိုက်တယ်လို့ ဆိုပါတယ်။

သူတို့ကို ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားသလဲဆိုတာ မသိရသေးဘဲ အဖမ်းခံရပြီးနောက်တနေ့ တရားရုံးထုတ်စဉ်ကလည်း  ရဲမေတွေ ရိုက်နှက်တာခံရတာကြောင့် ရိုက်တဲ့ရဲမေတွေကို ပြန်တရားစွဲမယ်လို့  မဖြိုးဖြိုးအောင်က ပြောကြောင်းလည်း သိရပါတယ်။

ကိုမင်းသွေးသစ်ရဲ့ ဖခင်ဖြစ်သူကလည်း သားဖြစ်သူရဲ့ ကျန်းမာရေးကောင်းနေပြီလို့ ပြောပါတယ်။

“ရိုက်ထားတာ ဘယ်နေရာတွေနာသေးလဲလို့ ကျနော်ပြောင်ပဲမေးပါတယ်၊ ရိုက်တုန်းကတော့ ခေါင်းတို့ နံရိုးတို့ နည်းနည်းတော့ ထိထားတာပေါ့အဖေရယ်တဲ့၊ အခုတော့ တော်တော်လေးကောင်းပါပြီ၊ ဘာမှ မဖြစ်တော့ပါဘူးလို့ ပြောပါတယ်။ ထောင်ထဲမှာ အစားအသောက်လည်း အဆင်ပြေပါတယ်တဲ့၊ ထောင်စာကြည့်တိုက်က ဖတ်ဖို့ စာအုပ်တွေ ဘာတွေလည်း ပို့ပေးတယ်လို့ ပြောပါတယ်ခင်ဗျ။”

ထောင်ဝင်စာတွေ့ခွင့်ရကြောင်း သတင်းရတဲ့ ကျောင်းသားဆယ်ယောက်လောက်ရဲ့ မိဘတွေပဲ ဒီနေ့ ထောင်ဝင်စာတွေ့ခဲ့ကြရပြီး မနက်ဖန် စနေနေ့မှာလဲ တွေ့ခွင့်ပေးဦးမယ်လို့ သိရပါတယ်။

နောက်အပတ်တွေမှာတော့ ဗုဒ္ဓဟူးနဲ့ ကြာသာပတေး နှစ်ရက်ပဲ ထောင်ဝင်စာတွေ့ခွင့်ပေးမယ်လို့ ထောင်အာဏာပိုင်တွေက ပြောဆိုထားပြီး ထောင်ဝင်စာတွေ့ဖို့ လာသူတွေဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ယူဆောင်လာကြရမှာလည်း ဖြစ်ပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်စစ်ကြေင်းဖြိုခွဲကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက်ဖြိုခွဲမှု အတွင်း ရာနဲ့ချီတဲ့ ကျောင်းသားနဲ့ ၀န်းရံသူတွေကို သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ သူတို့ကို လာမယ့် မတ်လ ၂၅ ရက်မှာ ရုံးထုတ်စစ်ဆေးဖို့ ရှိပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment