ဗိုလ်ရာညွန်လမ်း မီးလောင်မှု၊ သတင်းဓာတ်ပုံ - ကောင်းထက်ကျော် (DVB TV News ) |
မတ် ၂၄ ရက် ညနေ ၆ နာရီခွဲက ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ဗိုလ်ရာညွန့်လမ်းရှိ တိုက်အမှတ် (၈၁/၈၃) လေးခန်းတွဲ ခြောက်ထပ်တိုက်၊ လေးလွှာ၊ အခန်းအမှတ် B-4 နေ စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသူ ကိုထင်ကျော် (အိမ်ငှား)၏အခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်ရသည့်အကြောင်းမှာ အခန်းအတွင်းရှိ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် လောင်ရသည်ဟု ပတ်ဝန်းကျင် နေသူများက ဆိုထားသည်။ မီးသတ်အရာရှိတစ်ဦးက ''ဂက်စ်အိုးမီးလောင်မှုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့် လောင်ရတယ်၊ ဖြစ်ရိုးဖြစ်စဉ်လောင်ကျွမ်းမှုလား၊ ဒါမှမဟုတ် ဖန်တီးမှုလားဆိုတာ ဆန်းစစ်နေဆဲပါ'' ဟု ဖြေကြားမှု ရှိထားသည်။
မီးလောင်မှုကြောင့် အိမ်ငှားဖြစ်သူ ကိုထင်ကျော်ဟု ယူဆရသော (၃၅ နှစ်)ခန့် အမျိုးသားတစ်ဦးမှာ ခုတင်ပေါ် ၌ တစ်ကိုယ်လုံးမီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟုဆိုသည်။ ထို့အပြင် သေဆုံးသူအိပ်နေ သည့် မွေ့ရာ(သံစပရင်)တစ်ခု၊ အဲကွန်းနှစ်လုံးနှင့် ဗီရိုတစ်လုံးတို့ မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်ရာသို့ မြို့နယ်စုံမှ မီးငြှိမ်းသတ်ရေးယာဉ် အစီး ၂ဝ၊ မီးငြှိမ်းသတ်ရေးအဖွဲ့ဝင် ၁၅ဝ ခန့်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၅ဝ ခန့်တို့က လာရောက်ငြှိမ်းသတ် အကူအညီပေးကြသည်။
လောင်နေသောမီးအားကို ညနေ ၆ နာရီ မိနစ် ၅ဝ ခန့်တွင် ထိန်းပေးနိုင်ခဲ့ပြီး ည ၇ နာရီခန့်တွင် မီးငြိမ်း သွားခဲ့သည်။
ကိုကြီးတင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment