အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး မူကြမ်း NCA ထဲက နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်မယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ကြားကာလမှာ တိုင်းရင်းသားတွေ ရဲ့ရပ်တည်မူနဲ့ ပတ်သက်တဲ့ အချက်တွေကို ဒီလ ၃၀ ရက်နေ့မှာ ဆက်လက်ဆွေးနွေးဖို့ သဘောတူလိုက် ပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီနေ့ ကျင်းပတဲ့ ၆-ရက်မြောက်နေ့ ဆွေးနွေးပွဲ အပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပဒိုစောကွယ်ထူးဝင်း က ဆွေးနွေးပွဲ ရက်ထပ်တိုးလိုက်တာနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
"စာချုပ်တစ်ခုလုံးက အခန်း ၇ ခန်းကို ကျနော်တို့က အကုန်ပြန်ကြည့်ပြီးတော့ ၁ ကနေ ၇ အထိပေါ့လေ၊ ကြားထဲမှာရှိတဲ့ မူလကကျနော်တို့သဘော တူညီမှုမရတဲ့ အပိုင်းတွေက ရသွားတယ်၊ အခုကအချက် ၄ ချက် ပဲကျန်တော့တယ်၊ အချက် ၄ ချက်ဆိုတော့ ကျနော်တို့ကလဲ ဒီမှာ ၆ ရက်လုံးလုံး ဆိုတော့ ခေါင်းဆောင်တွေ ထဲကလည်း ပင်ပမ်းတဲ့ အနေအထားလဲရှိတယ်၊ နောက်ပြန်ညှိရတဲ့အနေအထားရှိတဲ့အပေါ်မှာ အဆုံး သတ်နိုင်ဖို့အတွက် ကျနော်တို့ကဒါကို ၃၀ ရက်နေ့မှာပြန်ရွှေ့လိုက်တာဖြစ်တယ်"
ဒီလ ၁၇ရက်နေ့က စတင်တဲ့ ၇ ကြိမ်မြောက် ဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက်ပိုင်း နှစ်ဖက်ပူးပေါင်းပြီး ပြည်ထောင်စု အဆင့်ပူးတွဲ လေ့လာ့စောင့်ကြည့်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့၊ NCA စာချုပ်ကို လွှတ်တော်မှာ အတည်ပြုနိုင်ဖို့၊ လုံခြုံရေးအဆင့် ပေါင်းစည်းရေးစတဲ့ အချက်တွေ ကို ဆွေးနွေးနိုင်ခဲ့ပါတယ်။
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင် ကျင်းပနိုင် ဖို့ နှစ်ဖက်ခေါင်းဆောင်တွေက ဆန္ဒရှိနေကြတယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment