တနိုင်ငံလုံးအပစ်ရပ်စာချုပ်မူကြမ်း သဘောတူညီချက်ရရှိ


တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(အန်စီအေ) မူကြမ်းပါအချက်တွေ အားလုံးကို စာချုပ် ဦးဆောင်ရေးဆွဲ နေကြတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေအကြား ဒီကနေ့ နှစ်ဖက်ညှိနှိုင်း သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

၇ ကြိမ်မြောက် တနိုင်ငံလုံးအပစ်ရပ်စာချုပ်ဆိုင်ရာ ဆွေးနွေးပွဲကို  သီတင်း ၁ ပတ်ကြာ ရပ်ထားရာက ဒီကနေ့ ရန်ကုန်မြို့  မြန်မာငြိမ်းချမ်းရေးစင်တာမှာ ၇ ရက်မြောက်အဖြစ်   ပြန်လည် ကျင်းပပြီး သဘောတူညီချက်ရခဲ့တာပါ။

ဒီကနေ့ ဆွေးနွေးပွဲသဘောတူညီချက်တွေနဲ့  ပတ်သက်ပြီး အန်စီစီတီအဖွဲ့ဝင်   ဒေါ်စောမြရာဇာလင်းက “အန်စီအေထဲ ပါဝင်တဲ့ အခန်းကဏ္ဍတွေ အားလုံးသဘောတူသွားပါပြီ။ ချောချောမောမော ပြီးဆုံးတဲ့အကြောင်း ကျမတို့ အန်စီစီတီဘက်က ကိုယ့်ရဲ့ သက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေ ပြန်ပြီး တင်ပြကြမယ်။ အစည်းအဝေးကြီး တခုဖိတ်ခေါ်မယ်။ အစိုးရ ယူပီဒဗလျူစီ ဘက်ကလည်း ပြန်တင်ပြဖို့ အနေအထားတွေ ရှိသေးတယ်”လို့ ပြောပါတယ်။

အန်စီအေစာချုပ်မူကြမ်းပါဝင်အချက်အားလုံး ဒီကနေ့သဘောတူညီခဲ့ပြီးနောက်  မနက်ဖြန် ဆွေးနွေးပွဲမှာတော့ ခုဆွေးနွေးပွဲရလဒ်တွေအပေါ် ပြန်အချောသတ်ပြီး ဆွေးနွေးပွဲ တက်ရောက်သူတွေ လက်မှတ်ရေးထိုးသွားဖို့ရှိပါတယ်။

အန်စီစီတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခွန်ဥက္ကာက ‘ ဒီနေ့သဘောတူတာက မူကြမ်းရေးဆွဲတဲ့ အဖွဲ့တွေကြားထဲမှာ အန်စီအေ မူကြမ်းကို ပဏာမ သဘောတူတာ။ မနက်ဖြန်လက်မှတ်ထိုးမယ်ဆိုတာက အစည်းအဝေးမှတ်တမ်းလက်မှတ်ထိုးသလိုထိုးမှာပါ။  ဒါက အဓိကမဟုတ်ပါဘူး။  နောက်ကျမှ  တကယ့်  အန်စီအေ စာချုပ်ကို လက်မှတ်ထိုးမယ့် ထိပ်သီးခေါင်းဆောင်တွေကို ပြန်ရှင်းပြမယ်။ အဆင်ပြေရင် လက်မှတ်ထိုးကြမယ်”လို့ ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ယူပီဒဗလျူစီ အနေနဲ့ကတော့ အန်စီအေ စာချုပ်ကို  လက်မှတ်ရေးထိုးဖို့ အသင့်ဖြစ်နေပြီလို့ ဒီကနေ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ   မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ဦးညိုအုန်းမြင့်ကလည်း ဒီကနေ့ ဆွေးနွေးပွဲမှာ အစိုးရရောတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဘက်ကပါ ၂ ဘက်လုံး အပစ်ခတ်ရပ်စာချုပ် မူကြမ်းအောင်မြင်ရေးကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။

“တိုင်းရင်းသားတွေဘက်ကလည်း ငြိမ်းချမ်းရေးက မရှိမဖြစ်လိုလားတယ်ဆိုတဲ့ သဘောကို ထုတ်ပြတယ်။ တပ်မတော် နဲ့ အစိုးရဘက်ကလည်း အဲဒီလိုအပ်ချက်တွေကို အတတ်နိုင်ဆုံး၊ စိတ်အရှည်ဆုံး၊ စေတနာအပါဆုံး ညှိနှိုင်းသွားတာကို တွေ့ရပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ သီတင်းပတ်တွင်းက ဆွေးနွေးပွဲမှာတော့ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ပြီး ဒီကနေ့ဆွေးနွေးပွဲမှာတော့လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းတွေကို ငြိမ်းချမ်းရေးတိုးတက်လာတဲ့ အခြေအနေတွေနဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားရေး၊ နောင်လာမယ့် အနာဂတ်ဆွေးနွေးပွဲတွေမှာ လက်နက်ကိုင် တော်လှန်ရေးနဲ့ မပတ်သက်တဲ့ အခြားတိုင်းရင်းသားပါတီတွေပါ ပါဝင်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို ဦးတည်၍ ဆိုတဲ့ စာပိုဒ် စတာတွေကို ဆွေးနွေးညှိနှိုင်းကြတာပါ။

ဒီဆွေးနွေးပွဲကို တက်ရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းကတော့ “ကောင်းပါတယ်။ နှစ်ဖက်စလုံးက အပြုသဘောဆောင်ပြီးတော့မှ ဒီတတိုင်းပြည်လုံး အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် ကြိုးပမ်းတဲ့ အပေါ်မှာ ရလဒ်အနေနဲ့ အခုလို ထွက်လာတာပေါ့နော်။ နှစ်ဖက်စလုံးက အပြန်အလှန် နားလည်မှုရှိရှိနဲ့ အပေးအယူ အလျှော့အတင်း ညှိနှိုင်းနိုင်လို့ပဲ ဒီလို ရလဒ်ရလာတာပေါ့။ ဒါကတော့ အခုမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ အစပဲရှိသေးတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးပြဿ    နာတခုလုံးကို နိုင်ငံရေးအရ နိုင်ငံရေးပြဿ  နာ နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ အတွက်တော့ အများကြီး ကြိုးပမ်းရဦးမှာပေါ့။ ကြိုးပမ်းတဲ့အပိုင်းမှာတော့ နိုင်ငံရေးအင်အားစု တွေရော အားလုံးပါဝင်ပြီးမှ ပြည်သူတရပ်လုံးပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ လိုတာပေါ့နော်။”  လို့ ပြောပါတယ်။

အစိုးရဘက်က၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(ယူပီဒဗလျူစီ)နဲ့  တိုင်းရင်းသားတွေဘက်က နိုင်ငံဟာ ခေါင်းဆောင်တဲ့တပြည်လုံး အပစ်ခတ်ရပ်ရေးညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့အကြား တနိုင်ငံလုံးအပစ်ရပ် သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက်  ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို မတ် ၁၇ ရက်နေ့ ကတည်းက  ရန်ကုန်မှာ စတင်ဆွေးနွေးခဲ့တာပါ။

ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်ကာလအတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ  ကချင်လွတ်မြောက်ရေးတပ်မတော်၊ တအာန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၊  ရခိုင်တပ်မတော်နဲ့ အစိုးရတပ်တွေအကြား  တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment