ကျောင်းသားသပိတ်ကို တရားလက်လွတ် အကြမ်းဖက် နှိမ်နင်းလိုက်တဲ့ အစိုးရရဲ့လုပ်ရပ်


အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ သပိတ်ကတော့ မတ်လ ၁၀ ရက်နေ့မှာ စစ်အရေခွံလဲ အစိုးရရဲ့ ရက်ရက်စက်စက်အကြမ်းဖက် နှိမ်နင်းခံလိုက်ပါပြီ။


ကျောင်းသား ကျောင်းသူတွေရဲ့ အဲဒီလိုဆန့်ကျင်ကန့်ကွက်သပိတ်မှောက်မှုဟာ စကတည်းက အကြမ်းမဖက် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြတဲ့၊ တတိုင်းပြည်လုံးအပေါ်ထားတဲ့ စေတနာအရ မှန်ကန်ကောင်းမွန်တဲ့ ဒီမိုကရေစီပညာရေးစနစ်တခုရရှိဖို့ အမျိုးသားပညာရေးဥပဒေ ရေးဆွဲရာမှာ ကျောင်းသားကိုယ်စားလှယ်၊ ဆရာကိုယ်စားလှယ်တွေ၊ ပညာရှင်တွေပါ ပါဝင်ဆွေးနွေး ရေးဆွဲခွင့် တောင်းခဲ့ပါတယ်။ အမျိုးသားပညာရေး ကွန်ရက်က ပညာရှင်တွေကလည်း ပါဝင်ဆွေးနွေးခွင့်ရရှိရေး ကြိုးစားခဲ့ပါတယ်။ အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေကလည်း ဖိတ်ကြားပါမယ်လို့ အကြောင်းပြန်ကြားပြီးမှ တကယ်ဆွေးနွေးတော့ မဖိတ်ကြားဘဲ ချန်ထားခဲ့ပါတယ်။

တက္ကသိုလ် အသီးသီးက သမဂ္ဂတွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း မူကြမ်းအဆင့်ကစပြီး ကျောင်းသားကျောင်းသူတွေရဲ့ စစ်မှန်တဲ့ လွပ်လပ်ခွင့်၊ မှန်ကန်ကောင်းမွန်တဲ့ ဒီမိုကရေစီပညာရေးကို သင်ကြားခွင့်၊ တက္ကသိုလ်တခုချင်းစီက ကိုယ့် တက္ကသိုလ်ရဲ့ သင်ရိုးနဲ့ သင်ကြားနည်းစနစ်ကို ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ခွင့် စတဲ့ အရေးကြီးတဲ့ ဒီမိုကရေစီ ပညာရေး အခြေခံမူတွေကိုကိုပါ ထည့်သွင်းဖို့တောင်းဆို ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒါက ပညာရေးဥပဒေ မူကြမ်းအဆင့်ကတည်းကပါ။

ဒါပေမယ့် အဲဒီလိုဝိုင်းပြီး ကန့်ကွက်ဆန့်ကျင်နေတဲ့ကြားပဲ အဲဒီအမျိုးသားပညာရေး ဥပဒေ ဆိုတာကြီးကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒါကြောင့်လည်း တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ဦးဆောင်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကြီးတွေ သက်ဆိုင်ရာဒေသ အသီးသီးကနေ ရန်ကုန်ကို ချီတက်ဆန္ဒပြကြတဲ့ အထိ ဖြစ်လာခဲ့တာပါပဲ။ အစပိုင်းမှာကတည်းက ကျောင်းသားကျောင်းသူတွေနဲ့ ဆရာတွေ ပညာရှင်တွေရဲ့ဆန္ဒ သဘောကို အလေးအနက်ထား လက်ခံစဉ်းစားပြီး ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် ခုအဖြစ်မျိုးနဲ့ ကြုံတွေ့စရာ အကြောင်းရှိမယ်မဟုတ်ဘူးဆိုတာသေချာပါတယ်။

စစ်အရေခွံလဲ အစိုးရက စကတည်းက မရိုးသားခဲ့ပါဘူး။ တွေ့ဆုံဆွေးနွေးမယ်လို့ စပြီးကမ်းလှမ်းလက်ခံလိုက်တာကလည်း တတိုင်းပြည်လုံးက ပြည်သူလူထုကြီးရဲ့ တခဲနက်ထောက်ခံမှုကို ရလာတဲ့ ကျောင်းသားသပိတ်ကို ရပ်ပစ်ဖို့၊ ပြိုကွဲသွားဖို့ အပြသဘောလက်ခံလိုက်တာဆိုတာ ရှင်းပါတယ်။ ကျောင်းသားတွေကို ကန့်သတ်တားဆီးမှုတွေ အမျိုးမျိုးလုပ်လာခဲ့ပြီး အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးကို အချိန်ဆွဲပြီး ကျောင်းသားတွေ တောင်းဆိုထားချက်တွေကို ဘာမှရေရေရာရာ အာမခံချက်မပေးခဲ့တဲ့အပြင် မဖြစ်နိုင်တဲ့ အခြေအနေတွေကိုပါ ပြောဆိုလာခဲ့တော့ ကျောင်းသားတွေက သူတို့မူလ ဦးတည်ရည်ရွယ်ချက်အတိုင်း ဆက်ပြီးကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီအချိန်မှာ စစ်အစိုးရက အကောက်ကျစ်ဆုံးနည်းကိုသုံးပြီး ထောက်ခံဆန္ဒပြကြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ ဒါကတော့ စွမ်းအားရှင်လို့ သူတို့ခေါ်တဲ့ လူဆိုးလူမိုက်လူရမ်းကား (Thug) တွေကို သုံးပြီး ရိုက်နှက် နှိမ်နင်းခိုင်းခဲ့တာပါပဲ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥဒေပုဒ်မ ၁၂၇ နဲ့ ၁၂၈ အရ ဥပဒေအရ လုပ်တာဖြစ်တယ်လို့ အရှက်မရှိ လိုရာဆွဲပြီး ဇွတ်ဥပဒေနဲ့ ညီညွတ် ကြောင်း ပြောခဲ့ပေမယ့် ဥပဒေပညာရှင်တွေကတော့ ဒီလိုအခြေအနေအတွက် သုံးရမှာ မဟုတ်တဲ့ အကြောင်း၊ နယ်ချဲ့အင်္ဂလိပ်ခေတ်ကတောင် အဲဒီလိုမလုပ်ခဲ့တဲ့အကြောင်း တုံ့ပြန်ဖြေရှင်းခဲ့ကြပါတယ်။

လူ့အခွင့်အရေးရှေ့နေကြီး ရောဘတ် စန်းအောင်က…. ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ တို့အရ ရှေ့ဆုံးက ပေးထားတာက တရားသူကြီးဗျ၊။ တရားသူကြီးမရှိမှ ဒုရဲအုပ်နဲ့ ဒုရဲအုပ်အောက် မနိမ့်တဲ့ ပုဂ္ဂိုလ်က လုပ်ရမှာ။ အဲဒီနေ့က တရားသူကြီး မပါဘူး။ နောက်တချက် အကူအညီ ယူနိုင်တယ်သာပြောတာ အခုဟာက အကူအညီယူတာ မဟုတ်ဘူး။ လက်ပတ်တွေ ဘာတွေနဲ့ ကြိုတင်ကြံစည်ပြီးတော့ ပြဿ နာ ရှာမယ်ဆိုတဲ့ သဘောပေါ်ပေါက်နေတယ်။ အမျိုးသမီးကို အမျိုးသမီးရဲနဲ့ပဲ ဖမ်းရမယ်။ ဒါကို အရပ်သားအမျိုးသားတွေက ရုပ်ပျက်ဆင်းပျက် ဖက်သိုင်းပြီးတော့ ဖမ်းသွားတယ်ဆိုတာကတော့ ယဉ်ကျေးမှုကို ဆန့်ကျင်စော်ကား ဖမ်းဆီးမှု ဖြစ်တယ်။ တာဝန်ဆိုတဲ့ လက်ပတ်တွေနဲ့ ကြိုတင်ပြီး စုဆောင်းထားတဲ့ စွမ်းအားရှင်၊ မိဘပြည်သူ စတဲ့ ခေါင်းစဉ်အမျိုးမျိုး ဘယ်လို တပ်တပ် အကြမ်းဖက်အဖွဲ့အစည်းတွေကို ဥပဒေအရ ခွင့်ပြုလို့ မရဘူး။ ဥပဒေမဲ့ လုပ်ဆောင်ခြင်းပဲ ဖြစ်တယ်။”


တရားလွှတ်တော်ချုပ်ရှေ့နေ ဦးကြီးမြင့်ကလည်း ဒီပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ ဆိုတာက ပြည်သူတွေကိုအကာအကွယ်ပေးဖို့ လိုအပ်လာတဲ့ မီးလောင်တာမျိုး အကြမ်းဖက်ဆိုးသွမ်းသူတွေက လူတွေကို အန္တရာယ်ပြု သတ်ဖြတ်နေတဲ့ အဖြစ်မျိုးတွေ မှာ ပြည်သူလူထုရဲ့ အကူအညီရယူပြီး နှိမ်နင်းစေတာမျိုးပါ။ ဒါကိုနယ်ချဲ့အစိုးရကတောင် မသုံးခဲ့ပါဘူး၊ ဗိုလ်အောင်ကျော်ကို ရိုက်သတ်ခဲ့တာတောင် နယ်ချဲ့ရဲ့မြင်းစီးစစ်ပုလိပ်ပါလို့ သတင်းမီဒီယာတွေကို ပြောပြခဲ့ပါတယ်။ ဒီလုပ်ရပ်မျိုး လုပ်ကိုမလုပ်သင့်ပါဘူး။ ဥပဒေနဲ့ မညီညွတ်ပါဘူးလို့လည်း အစိုးရကို ဝေဖန်ခဲ့ပါတယ်။

ခုနောက်ဆုံးလက်ပံတန်းမှာ ရန်ကုန်ကိုချီတက်ကြမယ့် ကျောင်းသားကျောင်းသူတွေကို ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးသဘောတူညီချက်တွေကို ဖောက်ဖျက်ပြီး အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးလိုက်တာကတော့ အဆိုးဆုံးလူ့အခွင့်အရေး ချိုးဖောက်မှု ရာဇ၀တ်ပြစ်မှု ကြီးဖြစ်ခဲ့ပါပြီ။ ခွင့်လွှတ်လို့မရတဲ့ သမိုင်းအမည်းစက်ကြီးတခုလို့ဆိုရမှာပါပဲ။ အကြမ်းဖက်ရိုက်နှက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ရဲ့ရိုက်နှက်ပုံကို ကြည့်ရင် သပိတ်ကို ပြိုကွဲသွားရုံ ဖမ်းဆီးနိုင်ရုံမဟုတ်ဘဲ အုပ်စုနဲ့ အပြင်းအထန် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ အငြိုးတကြီးရိုက်နှက်တာအပြင် လူမရိုက်ရလို့ သက်မဲ့မော်တော်ယာဉ်တွေ၊ လူနာတင်ယာဉ်တွေကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့တာကိုကြည့်ရင် ရဲတပ်ဖွဲ့ဝင်ဆိုသူတွေကို ဘယ်လို အမိန့်ပေးစေခိုင်းထားတယ်ဆိုတာ တွေ့နိုင်ပါတယ်။ အစိုးရတရပ်က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လိုက်တဲ့ ရာဇ၀တ်ပြစ်မှုတခုဆိုတာကတော့ မြင်သာထင်ရှားဖြစ်နေပါပြီ။

အကြမ်းဖက်ဖြေရှင်းဖြိုခွဲခံလိုက်ရတဲ့ ကျောင်းသားတွေက မှန်ပါတယ်။ အစိုးရက မှားပါတယ်။ အမှန်တရားနဲ့ တရားမျှတမှု ပြန်လည်ရယူနိုင်ဖို့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အရေးယူအပြစ်ပေးမှုတွေကို မလွှဲမသွေ ပြုလုပ်ရပါမယ်။ ကျောင်းသား ပြည်သူ ရဟန်းရှင်လူ အားလုံးတညီတညွတ်တည်း ၀ိုင်းဝန်းကြိုးပမ်းကြပါစို့လို့ တိုက်ပွဲခေါ်လိုက်ပါကြောင်း။

By စိုးနေလင်း (ဒီဗွီဘီ)
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment