အင်ဒိုနီးရှားသို့ ပြန်လည်တင်ပို့နေမှုကြောင့် ဈေးကွက်အတွင်း ကြက်သွန်ဈေး အနည်းငယ်မြင့်တက်

                         
                               ရန်ကုန်မြို့ရှိ ကြက်သွန် ပွဲရုံတစ်ရုံတွင် ကုန်အတင်အချပြုလုပ်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ အင်ဒိုနီးရှားသို့ ကြက်သွန် ပြန်လည်တင်ပို့နေခြင်းကြောင့် ပြည်တွင်းကြက်သွန်ဈေးများ အနည်းငယ် ပြန်လည်မြင့်တက် လာနေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်အခြေစိုက် ကုန်သည်များက ပြောသည်။

မိုးကြက်သွန် ရာသီတစ်ခုလုံး အကျဈေးနှင့် ရင်ဆိုင်နေရသည့် ပြည်တွင်းကြက်သွန်ဈေးမှာ ဒေသတွင်းနိုင်ငံများ၏ ဝယ်ယူမှုကြောင့် ယခုမတ်လဆန်းပိုင်းမှစတင်ကာ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာနေပြီဟု အဆိုပါကုန်စည်ဒိုင် ဒု-ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။
“အခုရက်တွေမှာ အင်ဒိုနီးရှားကို မလေးရှားနိုင်ငံကတစ်ဆင့် ပြန်ပို့လာရတဲ့အတွက် ကြက်သွန်ဈေး တက်လာသလို နယ်စပ်ကနေ တရုတ်တို့၊ ထိုင်းတို့ကို ပို့ရတဲ့အတွက် တစ်ပိဿာ ကျပ် ၅၀ ဝန်းကျင် ပြန်တက်လာတယ်။ ဒီလ ဆောင်းကြက်သွန် ထွက်ချိန် ဈေးနည်းနည်း ပြန်တက်လာတဲ့အတွက် တောင်သူတွေအတွက် ခံသာတယ်’’ ဟု ၎င်းက ရှင်းပြသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံသို့ ကြက်သွန် တိုက်ရိုက်တင်ပို့နိုင်ရန် လုပ်ဆောင်ပေးမည်ဟု ပြောဆိုမှုများရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ဖြစ်လာခြင်း မရှိသေးကြောင်းလည်း ကုန်စည်ဒိုင်အခြေစိုက် ကုန်သည်များက ဆိုသည်။
တရားဝင်လမ်းကြောင်း တင်ပို့ချိန်၌ တစ်ဖက်နိုင်ငံက သတ်မှတ်သည့် အရည်အသွေးစံနှုန်းမှာ ပြည်တွင်းကြက်သွန် လုပ်ငန်းရှင်များနှင့် တောင်သူများအတွက် စိန်ခေါ်ချက်အသွင်ဖြင့်ရှိနေရာ နိုင်ငံတကာဈေးကွက် အခိုင်အမာရရှိရေး အဟန့် အတားများဖြစ်နေသည်ဟုလည်း ကုန်သည်များက ပြောသည်။
လက်ရှိ မိုးကြက်သွန် အလုံးသေး(အောက်စ) တစ်ပိဿာလျှင် ၂၁၅ ကျပ်မှ ၂၇၀ ဝန်းကျင်၊ အလတ်စ တစ်ပိဿာ ကျပ် ၂၇၀ မှ ၃၅၀ နှင့် ဆိုက်ကြီး(ဟိုတယ်စ) တစ်ပိဿာလျှင် ကျပ် ၃၅၀ မှ ၄၅၀ ကျော်အထိရှိနေရာ ယခင်လများထက် တစ်ပိဿာလျှင် ကျပ် ၅၀ အသီးသီး တက်လာသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်လုပ်ငန်းရှင်များက ရှင်းပြသည်။
ယခုလကုန် ဆောင်းကြက်သွန် နယ်စုံထွက်ရှိလာမှုကြောင့် ပြည်တွင်းကြက်သွန်ဈေးအပေါ် သက်ရောက်မှုကို အတိအကျ ခန့်မှန်းပြောဆိုရန် ခက်ခဲနေသေးသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင် ဒု-ဥက္ကဋ္ဌ ဦးခင်ဟန်က ဆိုသည်။
နိုင်နိုင်ဇော်
Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment