အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိ
ရန်ကုန် မတ် ၂၉
ယနေ့ နံနက် ၁ နာရီ မိနစ် ၅ဝ က အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် မင်းစေတီလမ်း ရွှေဇီးကွက် လမ်းသွယ် အမှတ်(၆၄၄) အိမ်ရှင် ဦးမြသိန်း၏ သွပ်မိုး၊ အုတ်ကာနှစ်ထပ်အိမ်မှစတင်၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အိမ်ရှင် ဦးမြသိန်း၏ နေအိမ်မှ မုန့်ဟင်းခါးချက်ရန် ငါးဆီသပ်ရာတွင် ထင်းမီးအဆမတန်ထိုး၍ အသုံးပြုမိသဖြင့် ဆီဒယ်အိုးထဲသို့ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့် ဦးမြသိန်း၏ နေအိမ်တစ်လုံးအပါအဝင် နေအိမ်ငါးလုံးနှင့် အိမ်တစ်ခြမ်း၊ နေအိမ် သုံးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းရာသို့ မြို့နယ်အသီးသီးမှ စုစုပေါင်း မီးသတ်ယာဉ် အစီး ၂ဝ၊ တိုင်းကြက်ခြေနီမှ လူနာတင်ယာဉ်ငါးစီး၊ ကွပ်ကဲမှုယာဉ် နှစ်စီး၊ အမှတ်(၂) တိုင်းဒေသကြီး/ ပြည်နယ် မီးသတ်ဦးစီးရုံးများ ကွပ်ကဲမှုဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့် ကွပ်ကဲမှုဖြင့် မီးသတ်သန္ဓေ တပ်ဖွဲ့ဝင် ၁၂၆ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၁ဝ၄ ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၇၅ ဦးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် အိမ်ထောင်စုကိုးစု လူဦးရေစုစုပေါင်း ၄၂ ဦးအား ဘုရင့်နောင်လမ်းမကြီး ရွာမအနောက်ရပ်ကွက် ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပြီး လိုအပ်သည်များ ကူညီဆောင်ရွက် ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:
Post a Comment