တပ်မတော် စစ်ကြောင်းများက ပွိုင့်-၁၄၇၉ တောင်ကုန်းအား သိမ်းပိုက်ရရှိ



နေပြည်တော် မတ် ၁၉

ကိုးကန့်သောင်းကျန်းသူများ အနေဖြင့် နယ်စပ်ဒေသ၏ ကန့်သတ်ချက်များကို အခွင့်ကောင်းယူ၍ ထူထပ် ရှုပ်ထွေးသော တော၊ တောင် သဘာဝ အနေအထားကို ကြိုတင်ပြင်ဆင် အသုံးချကာ ချဉ်းကပ်နိုင်သော လမ်းကြောင်းများ တစ်လျှောက် သတ်ကွင်းများ ကြိုတင်စီမံထားခြင်း၊ ပုန်းခိုရှောင်တိမ်းနိုင်ရန် မြေခွေးကျင်းများ တူးထားခြင်း၊ ၎င်းတို့ လွယ်ကူစွာ လှုပ်ရှားသွားလာနိုင်ရန် လမ်းကြောင်းများ ဖောက်လုပ်ထားခြင်း တို့ကို ဆောင် ရွက်၍ ခုခံတိုက်ခိုက် လျက်ရှိရာ တပ်မတော်သားများ အနေဖြင့် ခက်ခဲကြမ်းတမ်းစွာ တိုက်ပွဲဝင်လျက်ရှိ သည်။ သောင်းကျန်းသူများသည် ဒေသ၏ အချက်အခြာကျပြီး အရေးကြီးသော တောင်ကုန်းများတွင် အဓိက အခြေပြု၍ လောက်ကိုင်ဒေသ တစ်ခု လုံးအား လွှမ်းမိုးထိန်းချုပ် နိုင်ရေးအတွက် ၎င်းတောင်ကုန်းများအား လက်လွှတ်ဆုံးရှုံးမှု မရှိစေရေး အပြင်းအထန် ကြိုးစားလျက် ရှိရာတွင် တပ်မတော် အနေဖြင့် ထိရောက်သော လေကြောင်းပစ်ကူ လက်နက်ကြီး ပစ်ကူများဖြင့် တိုက်ခိုက် ချေမှုန်းခဲ့ရာ လောက်ကိုင်ဒေသ၏ အချက်အခြာ နေရာအများစုအား သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သည်။

ယနေ့နံနက်ပိုင်းမှ စတင်၍ တပ်မတော် စစ်ကြောင်းများက ပွိုင့်-၁၄၆၈ တောင်ကုန်းအနီးရှိ ပွိုင့်-၁၄၇၉ တောင်ကုန်း အား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းတွင် ၎င်းတောင်ကုန်းအား သိမ်းပိုက် ရရှိခဲ့သည်။ ထိုတိုက်ပွဲတွင် သောင်းကျန်းသူများက တောင်ကုန်းပေါ်တွင် အခိုင်အမာ ခြေကုပ်ယူ ၍ တောင်စောင်းများ တစ်လျှောက် သတ်ကွင်းအဖြစ် ရှင်းလင်းကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ခုခံ တိုက်ခိုက်လျက်ရှိရာ တပ်မတော် စစ်ကြောင်းက ထိရောက်သော ပစ်ကူပစ်အား နှင့်အတူ ရဲဝံ့စွန့်စားစွာ တက်ရောက်၍ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်၍ ၎င်းတောင်ကုန်း၏ အရှေ့ဘက်ရှိ ပွိုင့်-၁၅၆၄ တောင်ကုန်းအား ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

၎င်းအပြင် နယ်နိမိတ် မှတ်တိုင်အမှတ်၊ ၁၃၂ သွား ကားလမ်းအား စိုးမိုးထားသည့် ရှင်ခုတ်ထန်ကျေးရွာ မြောက် ဘက် တောင်ကုန်းတွင် အခြေပြု၍ ခံစစ်ယူထားသည့် သောင်းကျန်းသူ အင်အားစုများအား တပ်မတော် စစ်ကြောင်းများက ရင်ဆိုင်ထိန်းချုပ် တိုက်ခိုက်လျက်ရှိသည်။

ထို့အတူ တပ်မတော် စစ်ကြောင်းများက တိုက်ခိုက် သိမ်းပိုက်ခဲ့သော ပွိုင့်-၁၄၆၈ တောင်ကုန်းအား ယနေ့နံနက် ပိုင်းတွင် ကိုးကန့်သောင်းကျန်းသူ အင်အားစုများက ပြန်လည်သိမ်းပိုက် ရရှိရေးအတွက် လက်နက်ကြီး၊ လက်နက် ငယ်များ၊ စက်သေနတ်ကြီးများဖြင့် ၀ိုင်းပတ်ပစ်ခတ် တိုက်ခိုက်လာခဲ့ရာ တပ်မတော် စစ်ကြောင်းများက ပစ်ကူ၊ ပစ်အားသုံး၍ သောင်းကျန်းသူများကို ပြန်လည်ထိန်းချုပ် တိုက်ခိုက်လျက်ရှိသည်။

ထို့အပြင် ယနေ့ မွန်းလွဲပိုင်းတွင် ကုန်းကြမ်းမြို့ မြောက်ဘက် လော်ကွာကျိုင်း ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ မာလုရွှေ ကျေးရွာအနီး တစ်ဝိုက်ရှိ တောင်ကုန်းများတွင် အခြေပြုနေသော ကိုးကန့်သောင်းကျန်းသူ အင်အားစု များအား လေကြောင်းမှ ချေမှုန်း တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲ ဖြစ်စဉ်များတွင် တပ်မတော်မှ စစ်သည် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး အရာရှိ၊ စစ်သည် ၃၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment