ဗုံးထိသေဆုံး မိသားစုများကို တောင်းပန်ရန်နှင့် လျှော်ကြေးပေးရန် တရုတ်တောင်းဆို နောက်တကြိမ် ထပ်မံဖြစ်ပေါ်ပါက ပြတ်သားစွာ အရေးယူမည်ဆို

ပေကျင်း)။ ။ နောက်ထပ် သေစေနိုင်လောက်သည့် မှားယွင်းပစ်ခတ်မှုဖြစ်ရပ် မဖြစ်ပွားစေသင့်ကြောင်းနှင့် သို့မဟုတ်ပါက ပြည်သူများ၏ လုံခြုံမှုကို ကာကွယ်ရန်အတွက် တရုတ်စစ်တပ်က ခိုင်မာပြတ်သားစွာ အရေးယူလုပ်ဆောင်မည်ဟု တရုတ်စစ်တပ် ခေါင်းဆောင် ဖန်ချန်လောင်းက စနေနေ့တွင် ပြောကြားခဲ့သည်။
သောကြာနေ့က မြန်မာ စစ်လေယာဉ်က ကြဲချလိုက်သည့် ဗုံးကြောင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ တရုတ်လူမျိုး ၄ ဦး သေဆုံးမှုအပြီး ဗဟိုစစ်ကော်မရှင် ဥက္ကဌ ဖန်က မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တယ်လီဖုန်းဖြင့် စကားပြောရာတွင် အထက်ပါ မှတ်ချက် စကားကို ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်ကို မြန်မာဘက်မှ အလေးအနက် စုံစမ်းရန်နှင့် ကျူးလွန်သူများကို ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး သေဆုံးသူများ၏
မိသားစုများကိုလည်း တောင်းပန်၍ နစ်နာကြေးပေးရန်လည်း ဖန်က တိုက်တွန်းလိုက်သည်ဟု ဆိုသည်။
မြန်မာဘက်က အဆိုပါဖြစ်ရပ်ကို ကြေလည်အောင်ဖြေရှင်းပြီး နယ်စပ်ဧရိယာ တည်ငြိမ်လုံခြုံရေးအတွက် တရုတ်နှင့် ပူးပေါင်းလုပ်ဆောင် သွားရန် မျှော်လင့်ကြောင်းလည်း ဖန်က ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံ၏ ခံစားချက်ကို နားလည် ပါကြောင်းနှင့် ဖြစ်ရပ်ကို တရုတ်ဖက်ခြမ်းနှင့် ပူးပေါင်းစုံစမ်းရန်အတွက် ကိုယ်စားလှယ် စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်နွယ်နေသည့် ပြဿနာများကို မှန်မှန်ကန်ကန် ကိုင်တွယ်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်သူများကိုလည်း တာဝန်ယူသွားမည် ဖြစ်ကြောင်းလည်း ကတိပေးသည်။ မြန်မာစစ်တပ်အနေဖြင့် တရုတ်စစ်တပ်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို
တိုးမြှင့်သွားမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာစစ်လေယာဉ်များမှာ တရုတ်မြန်မာနယ်စပ်ကို နှစ်ကြိမ်သုံးကြိမ်ခန့် ကျော်ဖြတ်ပြီး ရော်ရမ်းပစ်ခတ်မှုကြောင့် တရုတ်ပြည်သူတို့၏
အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရသည်များ ရှိခဲ့ကြောင်း ဖန်က ပြောကြားသည်။
မတ်လ ၈ရက်နေ့ကလည်း မြန်မာအစိုးရနှင့် ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားရာမှ
မှားယွင်းပစ်ခတ်မှုကြောင့် တရုတ်ဘက်မှ အိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။ သောကြာနေ့က ကြဲချလိုက်သည့် ဗုံးက နယ်စပ်မြို့ လင်ကန်းရှိ ကြံခင်းတစ်ခင်းထဲသို့ ကျရောက်ခဲ့သောကြောင့် ထိုနေရာတွင် အလုပ်လုပ်နေသူ
၎ဦး သေဆုံးခဲ့ရပြီး အခြား၉ဦး ဒဏ်ရာရရှိခဲ့သည်။
သောကြာနေ့နောက်ပိုင်းတွင် တရုတ်ပိုင်နက်အတွင်းသို့ ချဉ်းကပ်လာသော မြန်မာစစ်လေယာဉ်များကို ခြေရာခံ၊ စောင့်ကြည့် သတိပေး မောင်းထုတ်ရန်အတွက် တရုတ်လေတပ်က ဂျက်တိုက်လေယာဉ်များကို စေလွှတ်၍ တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် ပတ္တရောင်လှည့်စေခဲ့သည်။
Source:mizzimaburmese.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment