ဘုရားများ၏ အလှူခံပုံးများ အတွင်းမှ အလှူငွေများ ခိုးယူသူအား ဖမ်းဆီးရမိ



 မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ ဘုရားများ၏ အလှူခံပုံးများ အတွင်းမှ အလှူငွေများ ခိုးယူသူအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၎

၂ဝ၁၅ ခုနှစ်၊ မတ်လ ၁ရ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန်နှင့် ၂၆-၃-၂ဝ၁၅ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တို့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ထီးလိုမင်းလိုဘုရားနှင့် အာနန္ဒာ ဘုရားအတွင်းရှိ အလှူခံပုံးများအတွင်းမှ အလှူငွေများ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ပုဂံနယ်မြေရဲစခန်းမှ အမှုများရေးဖွင့်စစ်ဆေးခဲ့သည်။

အဆိုပါ ပျောက်ဆုံးမှုများနှင့် စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သူအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် ညောင်ဦးခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသော အထူးအမှုစစ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ပုဂံဘုရားများအနီးတစ်ဝိုက် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများဖြင့် စောင့်ကြပ်ကြည့်ရှုခဲ့သည်။

ထိုသို့စောင့်ကြပ်ကြည့်ရှုနေစဉ် ၄-၄-၂ဝ၁၅ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် အာနန္ဒာဘုရားအရှေ့ဘက် တံတိုင်းအနီးသို့ ခေါင်းစွပ်ဦးထုပ်စွပ်လျက် မျက်နှာတွင် အနက်ရောင်နှာခေါင်းစည်း စည်းထားသည့်လူတစ်ဦးမှ အနက်ရောင်ဆိုင်ကယ်စီး၍ ရောက်ရှိလာကာ ဆိုင်ကယ်အား အမှောင်ထဲတွင်ထား၍ အာနန္ဒာဘုရားအရှေ့ဘက်မုခ် သံတံခါးမှ ဘုရားအတွင်းသို့ ကျော်တက်မည်ပြုစဉ် အာနန္ဒာဘုရားအရှေ့မြောက်ထောင့်တွင် ကင်းပုန်းဝပ်စောင့်ဆိုင်းနေသည့် ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့က ပိတ်ဆို့ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ Emo Star တံဆိပ်ပါ အနက်ရောင်ပေါ်တွင် အဝါရောင်ကြယ်ကြီး(၅)ခုပါ ခေါင်းစွပ်ဦးထုပ်(၁)လုံး၊ အနက်ရောင်နှာခေါင်းစည်း (၁)ခု၊ အဝါရောင်ဓာတ်မီး(၁)လက်၊ သံပိုက်(၁)လုံး၊ အရှည်(၃)လက်မခန့်ရှိ ငါးမူးလုံးသံချောင်း(၁)ချောင်း၊ တစ်မတ်လုံးသံချောင်း(၁)ချောင်း၊ ဆိုင်ကယ်ကျွတ်ဟောင်းဆက်လျက်(၁)ခု၊ အမေရိကန်ဒေါ်လာ (၁)ဒေါ်လာတန်(၁၆)ရွက်၊ ထိုင်းဘတ်ငွေ(၂ဝ)တန်(၈၉)ရွက်၊ စင်္ကာပူဒေါ်လာ (၂)ဒေါ်လာတန်(၁)ရွက်၊ မလေးရှားရင်းဂစ်(၁ဝ)တန်(၁)ရွက်၊ ကိုရီးယားဝမ်(၁ဝဝဝ)တန်(၃)ရွက်၊ မြန်မာငွေကျပ်(၃ဝဝ)၊ အရှည် (၆)လက်မခန့်ရှိ ခေါက်ဓား(၁)ချောင်း၊ လက်စွပ်(၁)ကွင်း၊ ကျောက်ဖြူနားကပ်(၁)ခု၊ Apache တံဆိပ် အနက်ရောင်ဆိုင်ကယ်(၁)စီးတို့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ငွေသာအေးကျေးရွာနေ တင်စိုးဦး(ခ)စိုးမျိုးထက်(၁၈)နှစ်ဖြစ်ပြီး ၎င်းသည် ၁၇-၃-၂ဝ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန်က ထီးလိုမင်းလို ဘုရားအရှေ့ဘက်မုခ်သို့ရောက်ရှိပြီး ဘုရားအနီးရှိသစ်ပင်ပေါ်မှ အုတ်တံတိုင်းအားကျော်တက်ကာ ဘုရားလှိုဏ်ဂူအတွင်းသို့ဝင်ရောက်ခဲ့ပြီး ဘုရားအရှေ့ဘက်ဝင်ပေါက်သံတံခါး၏ခြင်္သေ့ရုပ်အား သံချောင်းဖြင့် ကလန့်၍ ဘုရားအတွင်းသို့ဝင်ရောက်ကာ အလှူခံပုံး(၆)ပုံးအတွင်းမှ အလှူငွေကျပ်သိန်း(၂ဝ)ခန့်အား ခိုးယူခဲ့ကြောင်း၊ ၂၆-၃-၂ဝ၁၅ ရက်နေ့ နံနက် ၁ နာရီအချိန်ခန့်ကလည်း အာနန္ဒာဘုရား အရှေ့ဘက် မုခ်ဦးတံခါးမှ ဘုရားဝန်းအတွင်းသို့ကျော်တက်ကာ ဘုရား၏တောင်ဘက်ခြမ်း အမြင့်(၁၈)ပေခန့်ရှိ အလင်းဝင်ပေါက်တွင်တပ်ဆင်ထားသောတံခါးအားဖျက်၍ ဘုရားလှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဆိုင်ကယ်ကျွတ်အဟောင်းဆက်ထားသည့်ကြိုးဖြင့် နံရံအတိုင်းတွယ်ဆင်းကာ အလှူခံပုံး(၄)ပုံးအတွင်းမှ အလှူငွေကျပ်(၅)သိန်းခန့်အား ခိုးယူသုံးစွဲခဲ့ကြောင်း၊ ထို့ပြင် ၁၅-၃-၂ဝ၁၅ ရက်နေ့ နံနက် ၂ နာရီ အချိန်ကလည်း မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားသို့ရောက်ရှိပြီး သော့အားဖျက်၍ ဘုရားထီးတော်တွင်တပ်ဆင်ထားသည့် လက်စွပ်(၁)ကွင်းနှင့် ကျောက်ဖြူနားကပ်(၁)ခုတို့အားလည်းကောင်း၊ ၃-၃-၂ဝ၁၅ ရက်နေ့နှင့် ၁ဝ-၃-၂ဝ၁၅ ရက်နေ့များတွင် ရေစကြိုမြို့၊ ပခန်းကြီးကျေးရွာ၊ စည်သူရှင် သရက္ခန်ဘုရားအာရုဏ်ခံတိုက်အတွင်းရှိ အလှူခံပုံးအတွင်းမှ အလှူငွေကျပ်(၆)သိန်းခွဲခန့်အားလည်းကောင်း ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် တင်စိုးဦး(ခ)စိုးမျိုးထက်အား ပုဂံနယ်မြေရဲစခန်း (ပ)၁၆/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment