တစ်နာရီအနည်းဆုံးလုပ်ခ ၁၅ ဒေါ်လာ လော့စ်အိန်ဂျလိစ်ကောင်စီ အတည်ပြု


လော့စ်အိန်ဂျလိစ် မေ ၂ဝ

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တော်ကောင်စီက အလုပ် သမားများ၏ လုပ်ခလစာကို လက်ရှိတစ်နာရီလျှင် ကိုးဒေါ်လာမှ ၂ဝ၂ဝ ခုနှစ် ထက်နောက်မကျဘဲ အနည်းဆုံး ၁၅ ဒေါ်လာအထိ မြှင့်တင်ရန် မေ ၁၉ ရက်တွင် မဲပေးဆုံးဖြတ်ခဲ့သည်။

အလုပ်သမားများနှင့် အလုပ်သမားအုပ်စုများ၏ အောင်မြင်မှုသည် အခြားသော အမေရိကန် မြို့ပြအုပ်ချုပ်ရေးဒေသများ၌လည်း လုပ်ခလစာ တိုးမြှင့်ရေးအတွက် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်သည်။

မြို့တော်ကောင်စီက လုပ်ခလစာ တိုးမြှင့်ပေးရေးအစီအစဉ်ကို ထောက်ခံ မဲ ၁၄ မဲ၊ ကန့်ကွက်မဲတစ်မဲဖြင့် အတည်ပြုခဲ့ပြီးဖြစ်သော်လည်း နောက်ဆုံး အတည်ပြုပေးရေးအတွက် ဘုတ်အဖွဲ့ထံသို့ တင်ပြရဦးမည်ဖြစ်သည်။
အဆိုပါ တိုးမြှင့်ရေး အစီအစဉ်အရ ဝန်ထမ်း သို့မဟုတ် အလုပ်သမား ၂၅ ဦးအထက်ရှိသော လုပ်ငန်းများသည် ၂ဝ၂ဝ ခုနှစ်ထက်နောက်မကျဘဲ တစ်နာရီလုပ်ခ ၁၅ ဒေါ်လာဖြင့် အလုပ်သမားများကို ပေးရမည်ဖြစ်သည်။ လုပ်ငန်းငယ်များအနေဖြင့် ယင်းစည်းမျဉ်းကို လိုက်နာရန်နောက်ထပ် အချိန် တစ်နှစ် ပိုမိုရရှိမည်ဖြစ်သည်။

ဆန်ဖရန်စစ္စကို၊ ဆီယက်တဲလ်တို့အပါအဝင် အခြားမြို့ကြီးများ၌လည်း လိုက်နာကျင့်သုံးရမည့် ယင်းလုပ်ခလစာတိုးမြှင့်ရေး အစီအစဉ်က ခန့်မှန်းခြေ အလုပ်သမား ၈ဝဝဝဝဝ ကို လစာတိုးပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဖက်ဒရယ် အနည်းဆုံး လုပ်ခလစာသည် ၂ဝဝ၉ ခုနှစ်ကတည်းက တစ်နာရီလျှင် ၇ ဒသမ ၂၅ ဒေါ်လာနှုန်းဖြင့် မပြောင်းလဲဘဲရှိနေရာ အလုပ်သမားနှင့် ဘာသာရေး အုပ်စုများက ရီပတ်ဘလီကန်များ ကြီးစိုးသော ကွန်ဂရက်မှ၎င်းတို့၏ လုပ်ခလစာတိုးမြှင့်ရေး မျှော်လင့်ချက်မှာ မရေမရာရှိနေ သော်လည်း ဒေသဆိုင်ရာ အစိုးရအဖွဲ့များအား ကိုယ်ပိုင်လုပ်ခလစာတိုးမြှင့် သည့် ဥပဒေပြဋ္ဌာန်းရန် ပိုမိုဖိအားပေးခဲ့သည်။
လော့စ်အိန်ဂျလိစ်မြို့၌ လုပ်ခလစာတိုးမြှင့်ရေး အဆိုပြုချက်အတွက် ရှေ့ပြေးအတည်ပြုချက် ရရှိလိုက်ခြင်းမှာ လုပ်ခနည်းပါးသော အလုပ်သမားများ အား လုပ်ခတိုးပေးရေးထောက်ခံသူများအတွက် အောင်မြင်မှုသင်္ကေတ ဖြစ်သည်။

လုပ်ခလစာ ၆၂ ရာခိုင်နှုန်း တိုးပေးရေးအစီအစဉ်ကို တဖြည်းဖြည်း အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်တွင် တစ်နာရီလျှင် ၁ဝ ဒသမ ၅ဝ ဒေါ်လာမှ ၂ဝ၂ဝ ခုနှစ်မတိုင်မီ ၁၅ ဒေါ်လာအထိ ရောက်ရှိစေရန် နှစ်စဉ် တဖြည်းဖြည်းတိုးပေးရမည်ဖြစ်သည်။ အလုပ်သမား သို့မဟုတ် ဝန်ထမ်း ၂၅ ဦးနှင့် အောက်ရှိသော ကုမ္ပဏီများသည် သတ်မှတ်အနည်းဆုံး လုပ်ခ လစာရောက်ရှိရန် အချိန်ပို၍ ရရှိမည်ဖြစ်သည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment