မေရွက်ဝါ
အိမ်ထောင် တစ်ခုမှာ မုန်းလို့ လက်ထပ်ခဲ့ကြတာ မဟုတ်ဘူး။ အချစ်နဲ့စခဲ့လို့ လက်ထပ်ကြတာချည်းပဲ။ ဒါပေမဲ့ လမ်းခွဲတာတော့ မတူညီကြပြန်ဘူး။ အခု facebookပေါ် မှာတွေ့ရတယ်။ ဖောက်ပြန် လို့ပုံနဲ့တကွတင်ကြတယ်။ အန်တီ အသက်အရွယ် အတွေ့အကြုံ နဲ့ပြောရရင် ဒါတွေက တခဏလေး အတွင်း ဖြစ်ပေါ်လာတဲ့ ဒေါသ စိတ်ကြောင့် အမှားအမှန် ဆိုတာ မမြင် ကြတော့တာပါ။ အန်တီလည်း မိန်းမသားပဲ ကိုယ်ချင်းစာ တာပေါ့။ ဒါကိုအခု လူငယ်တွေ အတုယူသင့် တယ်။ ကိုယ် တကယ် ချစ်လား၊ တကယ် နားလည်နိုင်လား၊ တကယ် ယုံကြည်ရဲ့လား ဒါတွေသေချာမှ လက်ထပ်ကြပါ။ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ခင်ပွန်းကို မယားဝတ္တရား အပြင် ကိုယ့်ယောက်ျား ကို လိုတာထက် မချုပ်ချယ်မိဖို့လည်း အရေးကြီးတယ်။ ယောက်ျားဘက်ကလည်း ကိုယ့်ဇနီးမယား ကနားလည်ပေးတာပဲ၊ သူယုံတယ် ဆိုပြီး နောက်ကွယ် မှာ မဖောက်ပြန်ဖို့ သစ္စာရှိရမယ်။ တစ်လင်တစ်မယား စနစ်ကျင့်သုံးပြီးတော့ ကိုယ် ယုံကြည် ကိုးကွယ်တဲ့ ဘာသာ တရားနဲ့ ကိုယ့်အိမ်ထောင်ကို တည်ထောင်သင့်တယ်။
ဦးစန်းလွင်
ဦးတို့ အနုပညာသမားတွေက ဆေးစက်ကျရာ အရုပ်ထင်ကြတဲ့ သက်ရှိ လူသားတွေပဲလေ။ ဒီမင်းသားနဲ့ မင်းသမီး တွဲပါများရင် အထင်အမြင် လွဲကြတယ်။ သူတို့ သရုပ်ဆောင်တာ ကို အတည်ယူပြီး ပြောကြတော့ ကာယကံရှင် အတွက်ရော မိသားစုတွေ အတွက်ရော မကောင်းကြဘူးပေါ့။ ဒါပေမဲ့ သာမန်လူသားတွေ ထဲမှာ အိမ်ထောင် ကွဲတာ ရှိသလို အောင်မြင် ကျော်ကြားတဲ့ လူတွေထဲမှာလည်း အိမ်ထောင် ကွဲတာရှိတာပဲ။ အိမ်ထောင်ရေး တည်မြဲဖို့ သာယာဖို့ ဖောက်ပြန်မှုတွေနဲ့ မကြုံ ရဖို့က ကြိုမမြင်နိုင်တဲ့ ကံတရားပဲလေ။ ဘာကြောင့် အိမ်ထောင်တွေ ကွဲကြတာလဲ ဆိုပြန်တော့ ဒါက စိတ်ဓာတ် နဲ့ပဲဆိုင်တယ်။ စိတ်ဓာတ်ကောင်းပြီး တစ်လင် တစ်မယား စနစ်ကျင့်သုံး ဆက်ဆံမယ် ဆိုရင် ဒီလိုပြဿနာတွေ မရှိလာနိုင်ပါဘူး။ ဦးကိုယ်တိုင် လူကြမ်းမင်းသား ဆိုတော့ ဇာတ်ကာရိုက်တာ အရ သူများ သားသမီး သားမယား ကို ပြစ်မှားတဲ့ ကာရိုက်တာလည်း ကြုံ ဖူးပါတယ်။ ဒါကြောင့် ဘုရားတရား ပိုလုပ်တယ်။ ဦးအမျိုးသမီး ကလည်း စိတ်ထားပြည့်ဝတယ်။ ဦးလုပ်ချင်တာတွေ ကို မတားဘူး။ ဒီအနုပညာကို ဦးတန်ဖိုးထားသလို သူလည်း တန်ဖိုးထားတယ်။ လိုအပ်တာ သူလုပ်ပေးတယ်။ သူ့ယုံကြည်မှုကြောင့် ဦးတို့ အိမ်ထောင်ရေး မှာ ပြဿနာကြီးကြီး မားမား မရှိဘူး။ သူယုံသလို ဦး လည်းနေပေးတယ်။ သူ့အပေါ်အခွင့်ကောင်းမယူခဲ့ဘူး။
သက်ထားဦး
အစ်မက နာမည်မကြီးခင် အလုပ်တွေ အရမ်းလုပ်ရတဲ့အချိန်မှာပဲ အိမ်ထောင်ကျပြီးတော့ ဒီအိမ်ထောင်နဲ့ မိသားစုကို ရွေးချယ် လိုက်တယ်။ ဝါသနာပါတဲ့ အလုပ်တောင် မလုပ်ဘဲ ကိုယ့်ယောက်ျား နဲ့ကိုယ့်ကလေး အတွက်အချိန်တွေ ပုံ ပေးပစ်လိုက်တယ်။ အစ်မ ခံယူချက်ကတော့ အိမ်ထောင် တစ်ခုသာယာဖို့၊ တည်မြဲဖို့ ဒီအိမ်ထောင် ဦးစီး ယောက်ျား တစ်ယောက်အောင်မြင်ဖို့ ဆိုတာ နောက်ကဒီမိန်းမ ရဲ့ပံ့ပိုးမှုက အများကြီး ရှိတယ်။ အဲဒီလိုပဲ ဒီယောက်ျား ကျဆုံးဖို့ ဒီမိန်းမပေါ်မှာပဲ မူတည် တယ်။ ဘာဖြစ်လဲဆိုတော့ အိမ်ထဲမှာ ဒီယောက်ျားပျော်ရွှင်မှ သူအပြင်မှာ အလုပ်ကို ကောင်းကောင်း လုပ်နိုင်တယ်။ နောက်တစ်ခု က ဒီယောက်ျား အချိန်တန် အိမ်ပြန်ချင် စိတ်ဖြစ်အောင် ဒီမိန်းမပေါ် မှာပဲမူတည်တယ်။ အစ်မက ကံကောင်းတယ်။ ရတဲ့အမျိုးသား ကလည်း အစ်မတို့ မိသားစု အပေါ် ချစ်ပြီး သစ္စာရှိတယ်။ ယောက်ျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် ဖောက်ပြန်ချင်ရင် ဒါက သူတို့စိတ်နဲ့ပဲ ဆိုင်တာပါ။ ဖောက်ပြန်ချင်တဲ့ လူတစ်ယောက်က အကြောင်း အမျိုးမျိုး ရှာပြီးပြမှာပဲ။ ဒီမိန်းမအို သွားလို့ဒီမိန်းမ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ၊အကြောင်းပြမှာပဲ။ တကယ်တော့ ဒါတွေက မဆိုင်ပါဘူး။ လူတိုင်းက အိုသွားတာပဲ ရှိတယ်။ သူ့ အပျိုတုန်းက ရုပ်ရည်ကို လက်ခံရင် သူအိုတာ ကိုလည်း လက်ခံရမယ်လေ။ ဒါက သဘာဝပဲလေ။
ဆုပန်ထွာ
အစတုန်းက အိမ်ထောင်ပြုဖို့ စိတ်မကူးခဲ့ဘူး။ အခု ပန်ပန် အိမ်ထောင်ပြုလိုက် တယ်ဆိုတာက ဒီအမျိုးသားရဲ့ ချစ်ခြင်း တစ်ခု နဲ့ပဲစတင် လိုက်တာပဲ။ သူ့မေတ္တာအေးချမ်း လို့၊ သူ့အချစ် ရောင်ပြန်ဟပ်တာနေမှာပါ။ ပန်ပန် တစ်ယောက် တည်း အမြင်ပြောရမယ် ဆိုရင် အိမ်ထောင် တစ်ခုတည်မြဲအောင် အဓိက လိုအပ်တာက ဟန်ဆောင်မှု ကင်းဖို့ပဲ။ ကိုယ့်ရင်ထဲက အရှိ ကိုအရှိတိုင်းပဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံတယ်။ ကိုယ်မကြိုက်တာ သူ့ကိုပေးမလုပ်သလို၊ သူမကြိုက် တာလည်း ကိုယ်မလုပ်ဘူး။ တစ်ခုခု မကျေနပ်တာ ရှိရင်လည်း မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း ပဲဖြေရှင်းသင့်တယ်။ စည်းစိမ်တွေ ဂုဏ်တွေရှိရုံ နဲ့အိမ်ထောင်က မသာယာနိုင်ဘူး။ အပြန်အလှန်လေးစားမှု သစ္စာစောင့်သိမှု ရှိမှပဲသာယာပြီး တည်မြဲမှာပါ။
ထူးထူး စုစည်းတင်ပြသည်။
Source:popularmyanmar.com
0 comments:
Post a Comment