မြန်မာအိမ်ဖော်မလေးကို အကြိမ်ကြိမ်ညှင်းပန်းနှိပ်စက်ခဲ့သည့် စင်ကာပူအိမ်ရှင်အား ထောင် ၁၅ လ ချမှတ်


အိမ်ဖော်ဖြစ်သူအား အပူခံထားသည့် သတ္ထုယောက်မဖြင့် အပူလောင်စေမှု၊ သတ္ထု အသားကြိတ် ကိရိယာဖြင့် ရိုက်နှက်မှုတို့ကြောင့် ဇွန်လ ၂၅ ရက် ကြာသပတေးနေ့တွင် စင်ကာပူနိုင်ငံသူ အမျိုးသမီးတစ်ဦးအား ထောင်ဒဏ် ၁၅ လ ချလိုက်သည်ဟု စင်ကာပူနိုင်ငံထုတ်သတင်းစာများ က ဖော်ပြပါရှိသည်။

အိမ်ဖော်ဖြစ်သူအား နှိပ်စက်ငြင်းပန်းသည့် စွဲချက် ၃ ခုအတွက် အပြစ်ရှိကြောင်း ထွက်ဆိုပြီးနောက် အသက် ၃၄ နှစ်အရွယ် ဆူဂန်သီ ဂျာယာရာမန်သည် အသက် ၂၉ နှစ်အရွယ် မြန်မာ နိုင်ငံသား မနော်မူသင်ပေါ အား ဒေါ်လာ ၄၉၀၀ လျော်ကြေးငွေ ပေးဆောင်ရန် အမိန့်ချမှတ်ခံရပါသည်။

အိမ်ဖော်အကူ ချက်ပြုတ်သည့် ဟင်းများကို စိတ်ကျေနပ်မှု မရှိသောကြောင့် ၂၀၁၃ စက်တင်ဘာ ၂၈ ရက်တွင် ၀ုလန်းအရပ်ရှိ သူမ၏ တိုက်ခန်းမီးဖိုချောင်အတွင်း အိမ်ဖော်ဖြစ်သူအား ဤသို့ အပူလောင်စေခြင်းဖြစ်သည်ဟု တရားရုံးက ကြားနာခဲ့ရသည်။ အိမ်ဖော်၏ ၀ဲဘက် ခြေသလုံးနှင့် ကျောတို့တွင် အပူမတိုက်ခင် ၁၈ စင်တီမီတာ ရှည်လျားသော သတ္တု ယောက်မကို သူမက အပူပေးခဲ့သည်ဟု ထွက်ဆိုပါသည်။

ဒဏ်ရာအား ဖုံးကွယ်ရန် မနော်မူသင်ပေါ အား ဘောင်းဘီရှည် ၀တ်ဆင်ရန် ပြောကြားခဲ့ပြီး မည်သည့် ဆေးဝါး ကုသမှုကိုမျှ မပြုလုပ်ခဲ့ချေ။

၂၀၁၃ စက်တင်ဘာ ၂၀ အစောပိုင်းအချိန်ကလည်း မတ်ပဲကြော်ကို အမြန် ကြော်ချက်နိုင်ခြင်း မရှိဟုဆိုကာ အိမ်ဖော်ဖြစ်သူ မနော်မူသင်ပေါ အား မကျေမနပ်ဖြစ်ခဲ့သေးပြီး ထိုစဉ်က ဆူဂန်သီသည် သတ္ထု ကျည်ပွေ့ဖြင့် အိမ်ဖော်အား ခေါင်းနောက်စေ့တွင်လည်းကောင်း၊ ယာဘက် မျက်ခုံးရိုး အနီးတွင်လည်းကောင်း ထုနှက်ခဲ့သည်ဟု ဆိုပါသည်။

မနော်မူသင်ပေါ မှာ သွေးအလွန်အကျွံ ထွက်ခဲ့သော်လည်း ကုသမှု မရရှိခဲ့ချေ။ ထိုသို့ ဖြစ်ပွားစဉ် ဆူဂန်သီ၏ ခင်ပွန်းဖြစ်သူမှာ အနီးအနားတွင် ရှိနေခဲ့သော်လည်း ၀င်ရောက်စွက်ဖက်ခြင်း မရှိခဲ့ချေ။

မနော်မူသဲပေါအား သွေးစွန်းနေသော သူမ၏ ရှပ်အင်္ကျီကို လွင့်ပစ်စေပြီး ဆက်လက် ကြော်လှော်ရန် စေခိုင်းခံခဲ့ရသည်။ ဒဏ်ရာများကို ဆေးလိမ်း သန့်စင်ခြင်းပင် မပြုစေပဲ မတ်မဲကြော်ကို အမြန် ပြီးအောင် ကြော်ရန်နှင့် ဆူဂန်သီနှင့် ခင်ပွန်းသည်တို့ ဖွင့်လှစ်ထားသည့် မီနီမတ်သို့ ရောင်းရန် မတ်ပဲကြော်များ ပို့ရန် ပြောကြားခဲ့သည်။

ထိုသို့ ဖြစ်ပွားပြီး ၈ ရက်မြောက်နေ့တွင် နှိပ်စက်ခံထားရသူ ချက်သည့် ဟင်းအပေါ် မကျေမနပ် ဖြစ်ကာ သူမ၏ ၀ဲဘက်နားနှင့် ဗလာကျင်းကျောပြင်တွင် ပူကျက်နေသော သတ္ထု ယောက်မဖြင့် အပူတိုက်ခဲ့ခြင်း ဖြစ်သည်။

နောက် ၂ ရက်ကြသောအခါ စက်တင်ဘာ ၃၀ ရက်နေ့တွင်လည်း အိမ်အလုပ်များ ပြီးစီးပြီး နံနက် ၄ နာရီတွင်မှ အလုပ်လက်စသတ်ပြီးမှ အိပ်စက်ခဲ့သည့်အတွက် ဆူဂန်သီ၏ သမီးအား နံနက် ၆ နာရီခွဲ အချိန်တွင် ကျောင်းမပို့နိုင်သည့်အတွက် မနော်မူသဲပေါ ၀ဲဘက် မျက်လုံးတွင် ရိုက်နှက်ခဲ့သေးသည်ဟု ဆိုပါသည်။

ထို့နောက် အောက်တိုဘာ ၃ ရက်နေ့တွင် မနော်မူသင်ပေါ ထွက်ပြေးခဲ့ပြီး ရဲသို့ တိုင်ကြားခဲ့သည်။

ဆူဂန်သီ၏ အပြုအမူများသည် ပိုဆိုးသထက် ဆိုးလာခဲ့ကြောင်း အိမ်ဖော်အား နာကျင်စေရန် ကျည်ပွေ့နှင့် အပူပေးထားသည့် ယောက်မအသုံးပြုခြင်းသည် အလွန်ရက်စက်ပြီး လူသား မဆန်ကြောင်း ခရိုင် တရားသူကြီး ခရစ္စတိုဖာ ဂိုက ပြောကြားသွားခဲ့သည်။

အနိုင်ကျင့်ခံထားရသူ ထွက်မပြေးမီ ၃ လအတွင်း မလျော်ညင်းပန်းမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တရားသူကြီးက မှတ်သားထားခဲ့သည်။

ဆူဂန်သီ၏ အပြုအမူများသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း၊ နာကျင်စေလိုသော ဆန္ဒဖြင့် လုပ်ဆောင်ခြင်း၊ အိမ်ဖော်အမျိုးသမီး၏ အကျိုးခံစားခွင့်နှင့် ဂုဏ်သိက္ခာကို လေးစားမှု အလွန် ကင်းမဲ့ကြောင်း ပြသခြင်း စသည့် စွပ်စွဲချက်များကို တရားသူကြီးက သဘောတူညီခဲ့ပါသည်။

“ကျွန်တော့် အမြင်မှာတော့ ခင်ဗျားက အနိုင်ကျင့်ခံထားရသူကို လူသားအချင်းချင်း တစ်ယောက် ဆိုတာထက် ခင်ဗျားပိုင် ပစ္စည်းတစ်ခုလို သဘောထားလိုဟန် ရှိတယ်။”

“အလုပ်ရှင်တစ်ဦးဟာ သူတို့ရဲ့ အလုပ်သမားတစ်ဦးတစ်ယောက်အပေါ်မှာ နာကျင်မှု ပြုလုပ်သင့်ကြောင်း တရားဝင် ပြဌာန်းထားတဲ့ အကြောင်းတရား မရှိပါဘူး။ သူတို့တွေဟာ နိုင်ငံရပ်ခြား နိုင်ငံမှာ အလုပ်လုပ်နေကြတာ ဖြစ်တာကြောင့် အခွင့်အရေး နည်းပါးတဲ့ အလုပ်သမားတွေ အပေါ်လည်း ဒီလို ပြုမူဖို့ ခွင့်မပြုထားပါဘူး။” ဟု တရားသူကြီးက တရားခွင်တွင် ပြောကြားခဲ့သည်။

ညှင်းဆဲစော်ကားမှု ဖြစ်ပေါ်စေခြင်းသည် စင်ကာပူ လူ့အဖွဲ့အစည်း၏ ၀မ်းနည်းစရာ တန်ပြန် သက်ရောက်မှု ဖြစ်ကြောင်း တရားသူကြီးက ပြောကြားခဲ့ပြီး ဆူဂန်သီအား ထောင်ဒဏ် ၁၅ လ အပါအ၀င် ငွေဒဏ်ကိုပါ ပူးတွဲချမှတ်ခဲ့သည်။

PKT
Ref - Straits Times
The Ladies News Journal
https://www.facebook.com/News.TheLadies

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment