ဂျပန် ကျည်ဆန်ရထားပေါ် မိမိကိုယ်ကို မီးရှို့သူ တစ်ဦးနှင့် အခြားခရီးသည် တစ်ဦး သေဆုံး


ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထား တစ်စီးပေါ်၌ လူတစ်ဦး မိမိကိုယ်ကို မီးရှို့သတ်သေခဲ့ရာ ၎င်းနှင့်အတူ အခြား ခရီးသည် တစ်ဦးပါ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၃၀ ရက် ဖြစ်စဉ်တွင် ရှင်ကန်ဆန် ကျည်ဆန်ရထားကိုပါ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း ဒေသခံ မီဒီယာများက ဖော်ပြခဲ့သည်။ လူတစ်ဦးသည် မိမိကိုယ်ကို ဆီလောင်းပြီး မီးတင်ရှို့ခဲ့ရာမှ ပတ်ဝန်းကျင်ကို မီးကူးစက်ခဲ့ခြင်းဟု သိရသည်။


အဆိုပါ ရထားသည် အခင်းဖြစ်ချိန်တွင် လူပေါင်း ၁၀၀၀ ခန့်ကို တင်ဆောင် ခုတ်မောင်းနေခြင်းဖြစ်ပြီး တိုကျိုမှ အနောက်ဘက်ဒေသ အိုဆာကာသို့ မောင်းနှင်နေစဉ် လမ်းတစ်ဝက်တွင် အရေးပေါ် အခြေအနေဖြင့် ရပ်တန့်ခဲ့ရသည်။ မီးလောင်မှု ဖြစ်ပွားရာ ရထားတွဲတွင် မီးခိုးလုံးများ ဆိုးဆိုးရွားရွား ဖုံးလွှမ်းသွားကြောင်း မီးသတ် အရာရှိ တစ်ဦးက ဆိုသည်။

မီးသတ်ဌာနက ဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး မျက်မြင်များ၏ အဆိုကို ကိုးကားကာ ကျိုဒိုသတင်းဌာနက အဆိုပါ သေသူသည် မိမိကိုယ်ကို မီးတင်ရှို့ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ အိုဒါဝါရာ မြို့အနီးတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ထိုသူအနေဖြင့် အဘယ်ကြောင့် သေကြောင်းကြံစည်ရသည်ကို တိတိကျကျ မသိရသေးချေ။

မီးလောင်မှုကြောင့် အခြားသော အမျိုးသမီး ခရီးသည် တစ်ဦးလည်း သေဆုံးကြောင်း အန်အိတ်ခ်ျကေ သတင်းဌာနက ဖော်ပြခဲ့ပြီး အပြင်းအထန် ဒဏ်ရာရသူ တစ်ဦးအပါအဝင် လူ ၆ ဦးမျှ ထိခိုက် ဒဏ်ရာရခဲ့ကြောင်းလည်း သိရှိရသည်။ ရထားတွဲထဲတွင် မီးခိုးများ အူထွက်လာသည့်နောက် ခရီးသည် အတော်များများမှာ အခြားတွဲများသို့ ကူးပြောင်း လွတ်မြောက်နိုင်ခဲ့သည်။


ယခုဖြစ်ရပ်သည် ဂျပန်နိုင်ငံ၏ ကျည်ဆန်ရထား ပို့ဆောင်ရေး သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ် သွေးစွန်းလာခြင်း ဖြစ်သည်။ ဂျပန်၏ ကျည်ဆန်ရထားများသည် ကမ္ဘာပေါ်တွင် လုံခြုံမှု အားအကောင်းဆုံး စံနှုန်းကို ပိုင်ဆိုင်ထားပြီး စတင်ပြေးဆွဲသည့် နှစ်ပေါင်း ၅၀ ကျော်အတွင်း အသေအပျောက် ဖြစ်ပွားသည့် မတော်တဆမှု လုံးဝမရှိခဲ့ဖူးချေ။

သို့သော်လည်း မိမိကိုယ်ကို အဆုံးစီရင်ကြခြင်းမှာမူ ဂျပန်တွင် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသဖွယ် ကြုံနေရပြီး ဖိအားများသည့် အခြေအနေ အမျိုးမျိုးကြောင့် လူငယ်နှင့် လူလတ်ပိုင်းများ သေကြောင်းကြံစည်မှု များပြားလေ့ရှိကြောင်း သိရသည်။ ယခုအခါ ဂျပန်နိုင်ငံတွင် အသက် ၂၀ မှ ၄၄ နှစ်ကြား အရွယ်များ သေဆုံးရမှုများတွင် မိမိကိုယ်ကို အဆုံးစီရင်မှုက အဓိကကျသည့် အချက်တစ်ခု ဖြစ်လာကြောင်းလည်း သိရှိရသည်။

Source:7day daily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment