ကားမရိုက်ပဲ အချိန်အတော်ကြာ ရပ်နားနေခဲ့တဲ့ မင်းမော်ကွန်းက လက်ရှိမှာ ကားပြန်ရိုက်တာ ၂ လရှိနေပြီဖြစ်သလို ၂၀၁၅ထဲမှာလည်း လက်ခံထားတဲ့ ရုံတင်ကား ၃ကားရှိကြောင်း ခုလို ပြောပြလာပါတယ်။
"၂၀၁၅ ထဲမှာ ကားကြီး ၃ကား လက်ခံထားတယ်။ လွန်ခဲ့တဲ့၂ လလောက်ကတည်းက ရွှေ့ရွှေ့လာတဲ့ ကားကြီးတစ်ကား ရှိတယ်။ အဲ့ဒါ ဦးမျိုးမင်းနဲ့ပါ။ နောက်ပြီးတော့ ကျွန်တော် ၉လပိုင်းမှာ ဒါရိုက်တာဝင်းထွန်းထွန်းနဲ့ ၀ိဥာဉ်စိမ်း ဆိုတဲ့ဇာတ်ကား ရိုက်ဖို့ရှိပါတယ်။ အဲ့ဒီထဲမှာ ကိုကျော်သူ၊ ကိုရန်လေး၊ကျော်ကျော်ဗို၊ မြင့်မြတ်၊ ဟိန်းဝေယံတို့နဲ့ကျွန်တော်တွဲပြီး သရုပ်ဆောင်ပါမယ်။ နောက် ၁၁ လပိုင်းမှာ အောင်သီရိ ထုတ်လုပ်ရေးနဲ့ပဲ ဒါရိုက်တာကိုဇော်နဲ့ ကားကြီး တစ်ကားရိုက်ဖို့ရှိပါတယ်"လို့ သူက ဖွင့်ဟသွားပါတယ်။
ခုနောက်ပိုင်း ဇာတ်ကားတွေ တောက်လျှောက်ပြန်ရိုက်တော့မယ့် မင်းမော်ကွန်းဟာ အောင်သီရိနဲ့လည်း ၁၀ကား ချုပ်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ ပက်ထရစ်ရှာနဲ့အတူ လင်တစ်ကောင်လုံး အသုံးချနည်း ဆိုတဲ့ဇာတ်ကား ရိုက်ကူးနေတယ်လို့ သိရပြီး အသစ်တစ်ယောက်နဲ့ တွဲရိုက်ရတဲ့အတွက် ဘယ်လိုအခက်အခဲတွေ ကြုံရသလဲဆိုတာကိုတော့ သူက "အသစ်နဲ့တွဲရိုက်ရတယ် ဆိုပေမဲ့ အရမ်း အခက်အခဲ ကြီးကြီးမားမား မရှိပါဘူး။ အပြန်အလှန် ကူညီရင်းနဲ့ရိုက်ကြတယ်ပေါ့။ အသစ်တွေ အများကြီးပေါ်ထွက် လာတာလဲကောင်းပါတယ်။ ကျွန်တော်တို့လောကအတွက် ကျွန်တော်တို့ရဲ့ အနာဂတ်လို့လဲပြောလို့ရပါတယ်"တဲ့။
လက်ရှိမိသားစုနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်ကို မေးကြည့်ဖြစ်ပြန်တော့ "သားသမီးဆိုတော့လဲ ရတနာပေါ့ဗျာ။ ကျွန်တော်တို့ရဲ့သားရော၊ သမီးရော လူပျို၊ အပျိုပေါက်လေးတွေ ဖြစ်နေတဲ့အချိန်မှာ နောက်ထပ် တစ်ယောက်ထပ်ရတော့ သက်ဦးလေးပြန်ရသလို ခံစားရပါတယ်။ နောက်ထပ် ကလေးထပ်ယူဖို့တော့ အစီအစဉ် မရှိတော့ပါဘူး။ လက်ရှိ ကျွန်တော်တို့ မိသားစုဘ၀လေးက ခုချိန်မှာတော့ အရမ်းကို ပျော်စရာကောင်းပါတယ်။အခုကားရိုက်တွေ နားပြီးပြန်ရိုက်တဲ့ အချိန်မှာလဲ ပရိသတ်တွေအားပေးကြတယ်။ အဲ့ဒါကြောင့် ကျွန်တော့အတွက် အင်အားတွေဖြစ်ရတယ်။ ခုနောက်ပိုင်းတော့ ကားတွေပြန်ရိုက်ဖြစ်မှာပါ။ အားပေးကြပါဦး"လို့ သူက ပြောသွားပါတယ်။
Source:trend.com.mm
0 comments:
Post a Comment