လူသတ်မှုဖြင့် သရုပ်ဆောင်မင်းအုပ်စိုးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချသော်လည်း အယူခံဝင်မည် မဟုတ်ဟုဆို


 ရန်ကုန် ဇူလိုင် ၂၉

 သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးကို လူသတ်မှုဖြင့် ရန်ကုန် အနောက်ပိုင်း ခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက် တစ်ကျွန်း အဖြစ် ဇူလိုင် ၂၉ ရက်တွင် အမိန့်ချ မှတ်လိုက်သော်လည်း ဆက်လက်၍ အယူခံ ဝင်သွားမည် မဟုတ်ကြောင်း သိရသည်။

သရုပ်ဆောင် ဒါရိုက်တာ မင်းအုပ်စိုးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၅ ရက် နံနက် ၂ နာရီခွဲက ၎င်းနေထိုင်သည့် ဖိုးစိန်လမ်းရှိ နေအိမ်တွင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူ၍ ၄င်းကိုယ်ပိုင်ထုတ်ဝေနေသည့် သရပါ မဂ္ဂဇင်းမှ အယ်ဒီတာဖြစ်သူ မတေးနုယဉ်(ခ)မနုနုရင်နှင့် စကားများရာမှ ထိုးကြိတ်လက်လွန်ကာ မတေးနုယဉ်သေဆုံးသွားမှုကြောင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဗဟန်းမြို့နယ်ရဲစခန်း၌ တရားစွဲဆိုခံခဲ့ရ ခြင်းဖြစ်ကာ ယင်းလ ၂၆ ရက်မှစတင်၍ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၌ အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့အမှုဖြစ်ပွားခဲ့သည့် နေ့မှစ၍ တရားရုံးမှ တရားလို၊ တရားခံနှင့် နှစ်ဖက်သက်သေ စုစုပေါင်း ၁၆ ဦးကို ရုံးချိန်း(၂၉)ကြိမ်စစ်ဆေးခဲ့ပြီး ဖြစ်ပွား သည့်နေ့မှစ၍ ရက်ပေါင်း ၂၁ဝ အကြာတွင် ပုဒ်မ ၃ဝ၂(၂)အရ ပြစ်မှုထင်ရှား သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ တရားသူကြီးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်ချမှတ်ရာတရားရုံးသို့ ပြည်တွင်းမီဒီယာများအပြင် စိတ်ဝင်စားသူ အများပြည်သူအချို့ပါ လာရောက်နားထောင်ခဲ့ကြကြောင်း သိရပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်မှ ဦးလှဆွေလည်း လာရောက်နားထောင်ခဲ့ကြောင်း သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ''မင်းအုပ်စိုးအမှုကို စီရင်ချက်ချတာနဲ့ပတ်သက်လို့က ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတတယ်လို့မြင်ပါတယ်။ ကြိုတင်ကြံစည်ခဲ့တယ်ဆိုရင် သေဒဏ်ကျ လောက်တယ်။ ဒေါသအလျောက် တစ်ချက်တည်းရိုက်မိလို့ သေသွားရင်လည်း ဒီလောက် ပြစ်ဒဏ်မကျနိုင်ဘူး။ အခုဟာက ရတဲ့ဒဏ်ရာကများသွားတော့ မသေမချင်း သတ်သလို ဖြစ်သွားတယ်။ ဒါ့ကြောင့် ပြစ်ဒဏ်က မျှတတယ်လို့ ကျွန်တော် ထင်ပါတယ်'' ဟု သူ၏လူမှုကွန်ရက်စာမျက်နှာတွင် သုံးသပ် ပြောကြားခဲ့သည်။

သေဆုံးသူ မတေးနုယဉ် အခင်းဖြစ်ပွားစဉ်က နံရိုးကျိုးခြင်း၊ အသည်း အဆုတ်နှင့်ကျောက်ကပ်များ ဒဏ်ရာရခြင်း၊ မျက်နှာဝဲ/ယာတွင် ဖူးရောင် ဒဏ်ရာများ စသည့်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး မင်းအုပ်စိုးက လည်း ညတွင်းချင်းပင် ရဲစခန်းသို့ ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့ခြင်း ဖြစ် ကြောင်း အခင်းဖြစ်ပွားစဉ်က ဖော်ပြခဲ့သောသတင်းများအရ သိရသည်။

ထိုကဲ့သို့ အမိန့်ချမှတ်ခဲ့မှုနှင့်ပတ်သက်၍ မင်းအုပ်စိုးအနေဖြင့် အယူခံ ဝင်သွားမည်မဟုတ်ကြောင်းကို ''အယူခံ မဝင်ပါဘူး။ ကျေနပ်ပါတယ်ဗျာ။ ကျေနပ်ပါတယ်'' ဟု အမိန့်ချပြီးချိန်တွင် သတင်းသမားများကို ပြောကြားခဲ့ ကြောင်း သိရသည်။

သတင်း-သီဟသူ၊ ဓာတ်ပုံ-ကိုမင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment