အင်တာနေရှင်နယ်ကို သွားချင်ရင် သူများဘာပြောမလဲ ထိုင်စဉ်းစားနေလို့ မရဘူးလို့ ဆိုလိုက်တဲ့ အမွန်း


ဂီတလောကထဲကို ၂၀၀၇ ခုနှစ်လောက်ကတည်းက ၀င်ရောက်လာခဲ့ပြီး ဂီတလှုပ်ရှားမှုအချို့ကို အမျိုးသမီး Girl Band တစ်ခုနဲ့လက်တွဲကာ အလုပ်လုပ်ခဲ့တဲ့ အမွန်းက လက်ရှိမှာ အဖွဲ့ဝင်တွေ အားလုံးကွဲထွက်ပြီး တစ်ယောက်တည်း ကျန်ခဲ့တဲ့ အတွက် တစ်ကိုယ်တော်အယ်လ်ဘမ်တွေကို အရင်ကုမ္ပဏီနဲ့ပဲ လက်တွဲစာချုပ်ချုပ်နေပြီး အရင်ကထက် လူသိပိုများလာသလို ပိုနာမည်ရလာတဲ့ အမွန်းနဲ့တွေ့ဆုံခိုက်
 -အခုလတ်တလော ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
လတ်တလော ညီမရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်နေတာတွေလုပ်နေတယ်။ Recording တွေ၊ သီချင်းအပြီးသတ်ရေးတာတွေလုပ်ဖြစ်နေတယ်။ အခုရေဘေး ကလဲ ဖြစ်နေတော့ ရေဘေးနဲ့ပတ်သက်တဲ့ပွဲတွေလိုက်ဆိုပေးဖြစ်တယ်။ ဆော်သြပေးဖြစ်တယ်။ အဲ့ဒါနဲ့ပတ်သက်တဲ့ သီချင်းလေးတွေ အသံသွင်းဖြစ်တယ်။ ရိုက်ကူးရေးတွေလုပ်ဖြစ်နေတယ်။ လက်ခံထားတဲ့ပွဲတွေ ဆိုပေးဖြစ်တယ်။
-လက်ရှိလုပ်ဖြစ်နေတဲ့ အခွေက ဘယ်တော့လောက်မှန်းထားလဲ။
အောက်တိုဘာလောက်တော့မှန်းထားတယ်။ တေးရေးတွေက အမွန်းကိုယ်တိုင်ရေးထားတဲ့သီချင်းတွေ များမယ်။ နောက်အမေရိကန်တေးရေးဆရာတွေလဲ ပါမယ်။ အရင်ခွေနဲ့မတူတာက အရင်ခွေက သီချင်းပုံစံစုံတယ်။ ဒီအခွေကတော့ အမွန်းကြိုက်တဲ့ ပုံစံလေးတွေကိုပဲ စုပြီး ရွေးပြီး အမွန်းလိုချင်တဲ့ပုံစံလေးတွေ များများသွားမယ်။ ပုံစံကွဲတာမျိုးတွေ သိပ်မဆိုတော့ပဲ အမွန်းလိုချင်တဲ့ ပုံစံလေးတွေကိုပဲ သီးသန့်ထည့်ထားပေးတဲ့ အယ်လ်ဘမ်ဖြစ်ပါတယ်။
-မြန်မာသီချင်းတွေပဲလား။ အင်္ဂလိပ်သီချင်းတွေရောထည့်ဖြစ်မလား။
မြန်မာသီချင်းတွေလဲ ပါမယ်။ အင်္ဂလိပ်သီချင်းတွေလဲပါမယ်။ အင်္ဂလိပ်မြန်မာရောထားတဲ့ သီချင်းတွေလဲ ပါမယ်။ သီချင်းက အားလုံး၁၀ပုဒ်လောက်ပဲ ထည့်ဖြစ်မယ်။ ဘာလို့လဲဆိုတော့ ဟိုတစ်ခေါက်တုန်းက အမွန်း ၁၂ ပုဒ်ထွက်ခဲ့တယ်။ ဒီတစ်ခေါက်တော့ အမွန်း ၁၀ပုဒ်လောက်ဆို လုံလောက်တယ်။ အများကြီးလဲ မဟုတ်ဘူး။ နည်းနည်းလေးလဲ မဟုတ်ဘူးဆိုပြီး ၁၀ပုဒ်နဲ့ပဲရပ်ထားဖြစ်တာပါ။
-ဂီတနဲ့ပတ်သက်တဲ့လေ့လာမှု အနေနဲ့ဘာတွေလုပ်ဖြစ်လဲ။
ညီမ LA မှာရှိတဲ့ အသံလေ့ကျင့်ပေးတဲ့ ဆရာ Joelewin လို့ခေါ်ပါတယ်။ သူက အဆိုတော်တော်တော်များများကို Train လုပ်ပေးခဲတဲ့သူပေါ့။ အရေးအသားပိုင်းကတော့ ညီမ အတွေ့အကြုံက သင်သွားပေးတယ်။ အရင်ကတည်းကလဲ သီချင်းတွေရေးဖူးတယ်။ ဥပမာဆိုရင် ညီမနော်ဝေးနိုင်ငံရောက်တုန်းက နော်ဝေး အဆိုတော် သူ့သီချင်း Unforgicable Sinner အရမ်းနာမည်ကြီး တယ်။ မြန်မာလိုပြန်ဆိုထားတဲ့ သီချင်းတောင် ရှိတယ်ထင်တယ်။ အဆိုတော်နာမည်က Lenemerlin ။ သူနဲ့လက်တွဲပြီး သီချင်းတူတူရေးဖူးတယ်။ နောက်သီချင်း ၂ပုဒ် အသံသွင်းခဲ့ဖူးတယ်။ မနှစ်ကပေါ့။ အဲ့ဒီမှာသူတို့ဘယ်လိုစိတ်ဓာတ်နဲ့သီချင်းတွေရေးကြလဲပေါ့။ Teamwork နဲ့လဲ အမွန်းသီချင်းတွေ ရေးတတ်သွားတယ်။
-သီချင်းတွေက ဒီမှာသွင်းတာလား။ LA မှာ သွင်းတာလား။
ညီမကိုလဲယုံကြည်ပြီး လက်တွဲလုပ်ဖြစ်နေတာက LA ကဆိုတော့ မြူးဆစ်ပိုင်းတွေရော အသံသွင်းတဲ့ အပိုင်းတွေရော LA မှာလုပ်ထားပါတယ်။ ညီမရဲ့ Management ပိုင်းကဟိုမှာဆိုတော့ ဟိုမှာပဲလုပ်ဖြစ်တာများတယ်။
-ညီမရိုက်တဲ့ အမ်တီဗီပုံစံက နိုင်ငံခြားဆန်တယ်လို့ပြောလို့ရတယ်။ အဲ့ဒါက Management ရဲ့ အစီမံခန့်ခွဲမှုကြောင့်လား။ ညီမရဲ့ အိုင်ဒီယာလား။
ညီမရဲ့ မန်နေဂျာကလဲ အမေရိကန်လူမျိုးဖြစ်သလို ညီမရဲ့စရိုက်ကိုက ပွင့်ပွင့်လင်းလင်းဆိုတော့ ညီမလေးလေးပင်ပင် မရဘူး။ ပေါ့ပေါ့ပါးပါးပဲရတယ်။ ခေါင်းလေးတဲ့ ကိစ္စတွေကိုကြာကြာစဉ်းစားလို့မရဘူး။ အမြဲတမ်း ညီမပုံစံကိုက ဖျတ် ဖျတ် ဖျတ် ဖျတ် နဲ့ကိုဖြစ်နေတာ အရမ်းကြီး ကွန့်ညွှန့်ပြီး လုပ်ရတာကို ၀ါသနာမပါဘူး။ ဒါပေမဲ့ ညီမအကြီးအကျယ်တွေ ချဲ့ပြီး မလုပ်နိုင်ရင်တောင် ရတဲ့ ဘားချပ်လေးပေါ်မှာ အကောင်းဆုံးလုပ်တယ်။ အဲ့ဒါကို ပရိသတ် လက်ခံသွားတဲ့အချိန်မှာ သူတို့အတွက်ပြောစရာလေးတွေ ကျန်ခဲ့တယ်လို့ထင်ပါတယ်။
-အခုလက်တွဲထားတာက ကုမ္ပဏီက။
Power Music ( INC ) နဲ့လက်တွဲထားပါတယ်။ ၅ နှစ်စာချုပ်ချုပ်ထားပါတယ်။ အခု တစ်နှစ်ကျော်ပဲရှိပါသေးတယ်။
-သူတို့တွေနဲ့လက်တွဲထားတဲ့အတွက် နိုင်ငံတကာနဲ့ပိုအဆက်အသွယ် ရတာလား။ ဒါမှမဟုတ် အမွန်းအနေနဲ့ဘယ်လိုကြိုးစား အားထုတ်ရသေးလဲ။
အမွန်းရဲ့ E-mail ကိုတိုက်ရိုက်လာတာများတယ်။ ပြီးတော့အမွန်းကို တိုက်ရိုက်မေးပြီးတော့မှ ကမ်းလှမ်းပြီးတော့ သီချင်းဆိုဖို့တွေမေးမြန်းမှုတွေမေးတာ များတယ်။ အဲ့ဒီအခါကျမှ Management ကို အမွန်းကပြန်လွဲပေးဖြစ်တယ်။ ကိုယ်က သီချင်းရေး၊သီချင်းဆိုအပြင် Performance တွေပါ လုပ်နေရတဲ့အတွက် Management က စီစဉ်ပေးရတယ်။ အမွန်းဒါကို ထိုင်စဉ်းစားနေလို့မရဘူး။ အမွန်းခေါင်းရှုပ်တယ်။ အမွန်းကဖျော်ဖြေနေရရင်ပြီးရောပျော်တယ်။ ခေါင်းရှုပ်မခံနိုင်ဘူး။ ကိုယ်နဲ့တန်ရာတန်ရာကိုပြောပေးတဲ့ Management လိုတယ်။ Management ရှိတဲ့အတွက်အရမ်းအဆင်ပြေတယ်။ သူတို့ရဲ့အချိန်တွေ၊ သူတို့ရဲ့နာရီတွေ သူတို့ရဲ့ပိုက်ဆံတွေကိုအမွန်းအတွက်စိုက်ထုတ်ထားတယ်။ အမွန်းကလဲ အချိန်၊ နာရီ နဲ့ အမွန်းရဲ့ကြိုးစားအားထုတ်မှုတွေကိုအကုန်စိုက်ထုတ်ပေးထားတယ်။ ရတဲ့ အကျိုးအမြတ်ကိုညီညီမျှမျှခွဲကြတယ်။ အဲ့ဒီအပေါ်မှာ အရာရာဟာမျှမျှတတသွားတယ်လို့ထင်တယ်။ အခွင့်အရေးကသူ့ဆီကလာတာတွေရှိသလိုအမွန်းဆီကလဲလာတယ်။ ဘယ်သူ့ဆီကလာတာများတယ်ရယ်လို့မရှိပါဘူး။
-ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးတော့လဲ အမွန်းကိုကြည့်ရင် အမြဲပွင့်လင်းနေတာတွေ့ရတယ်။ ဘာကြောင့်များလဲ။
ဖက်ရှင်ပိုင်းကတော့ ညီမက အဆိုနဲ့အကတွဲပြီးဖျော်ဖြေရတာဖြစ်တဲ့အတွက်ကတာလွတ်လပ်ဖို့အမြဲနံပါတ် ၁ ထားတယ်။ performance ကိုကြည့်တယ်။ ပွဲပုံစံကိုကြည့်တယ်။ အဲ့ဒီပွဲနဲ့လိုက်မဲ့ပုံ၊ညီမ performance နဲ့လိုက်မဲ့ပုံကိုစဉ်းစားတယ်။ နာမည်ထွက်တုန်းကလဲ ထွက်တုန်းကသာထွက်သွားတာအဲ့ဒီအကျီင်္ကညီမရဲ့ မြူးဆစ်ဗီဒီယိုမှာပါပြီးသားလေ။ အဲ့ဒီတော့ ညီမအနေနဲ့ကတော့ ဒါဝတ်ထားပြီးသားအ၀တ်အစားကိုပြန်ဝတ်တာပဲလေ။ အများကြီးတော့ညီမလဲရှည်ရှည်ဝေးဝေးမစဉ်းစားဖြစ်ဘူး။
-ဘယ်ဒီဇိုင်နာနဲ့ရော ပင်တိုင်ချုပ်ဖြစ်လဲ။
ဒီဇိုင်နာကLA မှာနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်ကလဲ တကယ့်နိုင်ငံကျော်တွေကိုချုပ်ပေးတဲ့သူတွေကြီးပဲ။ ဒါက Management ပိုင်းကစီစဉ်တာပေါ့။ နာမည်က Marco ၊ နောက်တစ်ယောက်က Alode ပြင်ဆင်ဒီဇိုင်နာ တစ်ယောက်ပါပဲ။ Alode ကအိမ်နာမည်ပေါ့။ ဒီမြန်မာနိုင်ငံမှာဆိုရင်လဲ ညီမသူငယ်ချင်း ဒီဇိုင်နာတွေအပြင်ဒီဇိုင်နာတော်တော်များများရဲ့ ၀တ်စုံတွေဝတ်ဖူးပါတယ်။ အခုနောက် LA ကဒီဇိုင်နာတစ်ယောက်နဲ့ အခုအခွေရဲ့ မြူးဆစ်ဗီဒီယိုအတွက်ညှိနှိုင်းနေပါတယ်။
-အရင်ကအဖွဲ့နဲ့ရော ပြန်လက်တွဲဖြစ်ဦးမလား။
ညီမကအဖွဲ့ထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့သူ။ အားလုံးကသူ့လမ်းသူလျှောက်သွားကြတာ။ အဖွဲ့က ရှိနေခဲ့တယ်။ ဒါပေမဲ့ ညီမလက်တွဲလုပ်တဲ့ ကုမ္ပဏီနဲ့ညီမတစ်ယောက်တည်းကျန်ခဲ့တယ်။ အဲ့ဒါကြောင့် မနှစ်ကတည်းကစပြီး တစ်ကိုယ်တော်ခွေပဲ လုပ်ခဲ့တယ်။ နောက်ပိုင်းလဲတစ်ကိုယ်တော်ခွေကိုပဲ တစ်စိုက်မတ်မတ်လုပ်သွားဖို့ရှိပါတယ်။ အဖွဲ့နဲ့ပြန်လုပ်ဖို့တော့မရှိတော့ပါဘူး။
-အဖွဲ့နဲ့တုန်းကထက်စာရင်အခုတစ်ယောက်တည်းလှုပ်ရှားတော့မှ လူပိုသိလာတယ်လို့ပြောလို့ရမလား။
ပြောလို့ရတယ်။ အဖွဲ့နဲ့တုန်းက အဖွဲ့နဲ့ပဲသွားခဲ့တယ်။ အဲ့ဒီကတည်းက အားပေးခဲ့တယ်ဆိုတဲ့ ပရိသတ်လဲရှိတယ်။ ဒါပေမဲ့တစ်ကိုယ်တော်ထွက်လာတဲ့အခါကျမှ အမွန်းရဲ့ လှုပ်ရှားမှုကိုအပြည့်အ၀သိကြတဲ့ပရိသတ်လဲရှိတယ်။
-အမွန်းရဲ့ပထမခွေမှာဆိုရင် ရိုက်ကူးမှုပုံစံတွေက အင်တာနေရှင်နယ်ဆန်သလို အနည်းငယ်ကြမ်းတာမျိုးတွေတွေ့ရတယ်နော်။
ဒီမြန်မာနိုင်ငံကပရိသတ်တွေတော်တော်များများရဲ့ဖုန်းထဲမှာ နိုင်ငံခြားက အမ်တီဗီတွေထည့်ထားကြတာများတယ်။ အနောက်တိုင်းက ဗီဒီယိုတွေပဲရှိတယ်။ အဲ့ဒါကိုပဲခံစားကြတယ်။ အဲ့ဒီအခါကျတော့ အမွန်းရဲ့ အမ်တီဗီကိုကြည့်ပြီး သူတို့ဆန်းသွားတယ်လို့ထင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မြင်ဖူးပြီးနေသားလေ။ ဒီလိုရိုက်တာကို ပရိသတ်ဝေဖန်မှာ အမွန်းမစိုးရိမ်ဘူး။ အဓိက အင်တာနေရှင်နယ်ကိုသွားချင်ရင် သူများ ဘာပြောမလဲဆိုတာကို ထိုင်စဉ်းစားနေတာနဲ့တင်ခြေတစ်လှမ်းတောင်လှမ်းနိုင်မှာမဟုတ်ဘူး။
-ဝေဖန်မှုတွေအတွက်ရောကိုယ့်စိတ်ကိုဘယ်လိုထားတာလဲ။
လူတိုင်းကကိုယ့်ကိုချစ်နိုင်မှာ မဟုတ်ဘူး။ အဲ့ဒီတော့ လူတိုင်းချစ်အောင်လဲ ကိုယ်လုပ်လို့မရဘူး။ ဒီလူတစ်စုကချစ်ရင်နောက်လူတစ်စုကမုန်းလိမ့်မယ်။ အဲ့ဒီတော့ညီမကတော့ အပြုသဘောဆောင်တဲ့ဝေဖန်မှုတွေဆို ညီမနားထောင်တယ်။ ဝေဖန်မှုတိုင်းကိုတော့ အာရုံစိုက်ပြီးတော့ လိုက်နားမထောင်ဘူး။ ညီမမှာအချိန်မရှိလို့ ညီမမှာလုပ်ရမဲ့အလုပ်တွေများနေတဲ့ အတွက်ညီမလျှောက်နေတဲ့ လမ်းမှာလူတွေရဲ့ဝေဖန်မှုကိုအချိန်ပေးမရှင်းပြနိုင်ဘူး။ ကိုယ်သွားချင်တဲ့လမ်းကိုပဲရောက်အောင်သွားနေပါတယ်။
-အမွန်းအနေနဲ့ပြည်ပခရီးစဉ်ရောသွားဖို့ရှိဦးမလား။
အခု၁၅ရက်နေ့ LA ကိုသွားမယ်။ သီချင်းကိုအပြီးသတ်မယ်။ ပြီးရင် စက်တင်ဘာ ၆ရက်နေ့မှာ MCCမှာရှိုးဆိုဖို့ရှိတယ်။ ပြီးရင် LA ကိုနောက်လထဲမှာထပ်သွားမယ်။ မြူးဆစ်ဗီဒီယိုပါရိုက်ထားမှာပါ။ ထွက်မှာကတော့ စီဒီပဲအရင်ထွက်မှာပါ။
-ရေဘေးနဲ့ပတ်သက်ပြီးအခြားအနုပညာရှင်တွေနဲ့အတူတူ အလှူခံလိုက်ကောက်ပေးဖြစ်တာရောရှိမလား။
အမွန်းကတော့ MEP မှာလုပ်ခဲ့တဲ့ တေးထုတ်လုပ်သူတွေရဲ့အလှူမှာသွားဆိုပေးဖြစ်တယ်။ နောက်အိပ်မက်ဆုံရာကကောက်တဲ့ ဒဂုံစင်တာကပွဲမှာလဲဆိုပေးဖြစ်တယ်။ ပြီးတော့ရေဘေးနဲ့ပတ်သက်တဲ့သီချင်းလေးကို ချမ်းချမ်း၊ အိုင်းရင်းဇင်မာမြင့်တို့နဲ့အတူတူ အမွန်း အသံသွင်းခဲ့တယ်။ သူတို့နဲ့အတူတူရိုက်ပေးခဲ့တယ်။ လက်လှမ်းမှီသလောက်လောက် လှူပေးဖြစ်တယ်။ သီးသန့်ကြီးတော့ အမွန်းလူကိုယ်တိုင် မသွားနိုင်သေးပါဘူး။
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment