ဒီနေ့ခေတ် ဒီနေ့အခါအထိ နာမည်တစ်လုံးနဲ့ အနုပညာလောကထဲ အောင်မြင်စွာ ရပ်တည်နေဆဲ နုပျိုနေဆဲမင်းသားကြီးကတော့ အကယ်ဒမီများရှင် ကိုရန်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ရန်အောင်ပဲဖြစ်ပါတယ်။ ရှုတင်တွေမှာ ကိုရန်လေးနဲ့ တွေ့ဆုံရရင်တောင် အင်တာဗျူးဖို့ အခွင့်မသာခဲ့ပေမယ့် ဒီတစ်ခါ ခရမ်းရောင်ဆိုတဲ့ ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် မေးမြန်းဖို့ အခြေအနေလေး ပေးလာတာကြောင့် ကိုရန်လေးရဲ့အနုပညာရေးရာအကြောင်းအရာတွေကို မေးမြန်းကြည့်တဲ့အခါ
"အခုရိုက်နေတဲ့ကားလေးက ခရမ်းရောင်ဆက်သွယ်မှုတဲ့။ ဒါရိုက်တာက သားညီ။ အစ်ကိုရယ်၊ စိုးမိုးကြည်၊ ဇေရဲထက်နဲ့မင်းသမီးကနွယ်ဒါလီထွန်းပေါ့။ ဒီကားထဲမှာ အစ်ကိုက ချမ်းသာပြီး တစ်ဦးတည်းသော သမီးလေးကို သိပ်ချစ်တဲ့ အဖေတစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ်။ အခုလတ်တလောကတော့ ကာရိုက်တာတွေကတော့ စုံနေပါတယ်။ ကားကြီးပဲဖြစ်ဖြစ် ၊ ဗီဒီယိုပဲဖြစ်ဖြစ် အားလုံးမျှနေပါတယ်။ အားသန်တဲ့ ကာရိုက်တာရယ်လို့တော့ မရှိပါဘူး။ ကိုယ့်ဆီရောက်လာတဲ့ ကာရိုက်တာတိုင်းကို အကောင်းဆုံး သရုပ်ဆောင်ဖြစ်တယ်။ ပရိသတ် အားပေးမှုကတော့ အရင်ခေတ်နဲ့အခုခေတ်က အတူတူပါပဲ။ ရုံတွေနည်းတဲ့အတွက်သာ ပရိသတ်တွေ အနေနဲ့ကျွန်တော်တို့ဖန်တီးတဲ့ အနုပညာတွေကို အပြည့်အ၀ ခံစားခွင့်မရဘူး။ ဒါပေမဲ့ ရုံတွေသာ ပိုမိုများပြားလာမယ်ဆိုရင် သူတို့တွေလဲ အစ်ကိုတို့ဖန်တီးတဲ့ အနုပညာတိုင်းကို အပြည့်အ၀ခံစားနိုင်ကြမှာပါ။"လို့ သူက ဖွင့်ဟပါတယ်။
နောက်ထပ် သူ့ရဲ့အနုပညာလှုပ်ရှားမှုအချို့ကိုလည်း သူက "ဒီကားပြီးရင် ၀ိဥာဉ်စိမ်းဆိုတဲ့ကားကြီးကို ၉လပိုင်းမှာ ဒါရိုက်တာဝင်းထွန်းထွန်းနဲ့ရိုက်ဖို့ရှိတယ်။ ကြားထဲမှာတော့ ဗီဒီယိုတွေပဲကြိုကြားကြိုကြား ရိုက်ဖြစ်မယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကတော့ ကိုယ့်ရဲ့မိခင်လို့ပဲပြောရမှာပါ။ ပြီးခဲ့တဲ့နှစ်က ဆိုရင် အကယ်ဒမီရွှေကြိုလေးတွေအတွက် ကူညီလုပ်ဆောင်ပေးဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်လေ အစည်းအရုံးက ဒီနှစ်မှ စလုပ်တဲ့ပွဲမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးခွင့်ရတဲ့ အတွက်ကျေနပ်မိတယ်"တဲ့။
ပြည်သူတွေကြုံတွေ့နေရတဲ့ရေဘေးနဲ့ပတ်သက်ပြီးတော့လဲ "အစ်ကိုက အခုဒီလတ်တလောဖြစ်ပေါ်နေတဲ့ ရေဘေးသင့်ပြည်သူတွေကို ဖေ့စ်ဘုတ်မှာနေ့တိုင်းမြင်နေရတာ စိတ်မကောင်းတော်တော်ဖြစ်မိပါတယ်။ အခုရေကြီးတာထက်ကို ရေကျသွားတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေး အတွက်ကို အကုန်လုံးအစကနေ ပြန်လုပ်ရမှာပါ။ အကောင်းဖက်ကကြည့်ရင်တော့ အကုန်အသစ်ပြန်ရတာပေါ့လေ။ ဒါပေမဲ့ ဒါကိုပြန်ပြီးတော့ လုပ်ဖို့ဆိုတာ ဒေသခံတွေအတွက်က တော်တော်ကြီးကိုပြန်လုပ်ရမှာပါ။ အစ်ကိုက ရေဘေးသင့်ပြည်သူတွေအတွက်ကို ပြီးခဲ့တဲ့လ၂၅ရက်နေ့ကတည်းက သီချင်းဆိုလို့ရတဲ့ အနုပညာကြေး ၃၀၀၀၀၀ ကို ရေဘေးအတွက် လှူခဲ့တယ်။ အစ်ကိုမနေ့ကလဲ ဆေးနဲ့ဆန်ထပ်လှူခဲ့တယ်။ ဒါဒုတိယအကြိမ်မြောက်ပေါ့။ နောက်ထပ်လဲ လိုရင်လိုသလိုထပ်လှူဦးမှာပါ။ အခုဆို နိုင်ငံတော်ကလဲ လှူကြတယ်။ ဘဏ်တွေကလဲလှူကြတယ်။ အများကြီး ၀မ်းသာရတယ်။ ကျေနပ်ရတယ်။ ပြီးတော့ တခြားနိုင်ငံတွေကလဲ သတိထားမိလာကြပြီ။ လှူဖို့ရောက်လာကြပြီ။ အဲ့ဒီလိုမြင်ရကြားရတဲ့အတွက် ၀မ်းသာရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ရေဘေးဟာဆိုရင် လုံးဝကိုမမျှော်လင့်ထားတဲ့ သဘာဝဘေးအန္တရယ်ပေါ့။ အဲ့ဒီလိုမျိုးတွေဘာကြောင့်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့က သုံးသပ်ရမယ်။ နောက်နှစ်တွေမှာ ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲပေါ့။ အခုလိုဖြစ်တော့ လုံးဝကိုစိတ်မကောင်းဖြစ်ရတယ်။ အကုန်လုံးလဲ သဘာဝဘေးအန္တရယ်ကနေလွတ်မြောက်ပါစေ။ အားလုံးချမ်းသာသုခအမြန်ဆုံးရပါစေ"လို့ သူက ဆုတောင်းပေးလိုက်ပါတယ်။
Source:trend.com.mm
0 comments:
Post a Comment