အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် စည်းရုံးရေး ခရီးစဉ် မှတ်တမ်းဓာတ်ပုံ တချို့။ ဓါတ်ပုံ - BBC Burmese အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ဗဟို အစိုးရ တစ်ရပ် ဖွဲ့စည်းနိုင်ဖို့ မဲဆန္ဒနယ် အများစုမှာ အနိုင် ရရှိရေးအတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အတွင်း တိုင်းရင်းသား ဒေသတွေမှာလည်း ဝင်ရောက် ရွေးကောက် ခံရတာ ဖြစ်တယ် ဆိုပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
ကယားပြည်နယ်ကို မဲဆွယ် စည်းရုံးရေး ခရီးအဖြစ် စက်တင်ဘာ ၁ဝ ရက်နေ့မှာ ရောက်ရှိလာတုန်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာပါ။
ဒေသခံ လူမျိုးစုတွေရဲ့ အခွင့်အရေးတွေ လျော့နည်းစေဖို့ အခုလို တိုင်းရင်းသား ဒေသတွေမှာ ဝင်အရွေးခံတာ မဟုတ်ဘဲ၊ ဗဟို အစိုးရ ဖွဲ့စည်းနိုင်မှသာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို NLD အနေနဲ့ ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ကြာသာပတေးနေ့ မွန်းလွဲပိုင်းမှာ ကယားပြည်နယ် မြို့တော် လွိုင်ကော်ကို လေကြောင်းခရီးနဲ့ ရောက်လာတဲ့ NLD ဥက္ကဋ္ဌဟာ တစ်ရက်တည်းမှာပဲ ဒီမောဆိုးနဲ့ ဖရူဆို မြို့နယ်တွေကို သွားပြီး ဒေသခံတွေကို ဟောပြောခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသား ပြည်နယ်တွေ အရေးကို သက်ဆိုင်ရာ ဒေသခံ လူမျိုးစုတွေကို ကိုယ်စားပြုတဲ့ တိုင်းရင်းသား ပါတီ အသီးသီးက ကိုယ်ထူကိုယ်ထ လုပ်ဆောင် နိုင်ဖို့က ပိုပြီး ပဓာနကျတယ်လို့ ကယားပြည်နယ် အခြေစိုက် လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီက ဒုဥက္တဋ္ဌ ဦးဆော်လမွန်က ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် ၃ ရက် ခရီးစဉ်မှာ ပြည်နယ်တွင်းမှာ ရှိတဲ့ ၇ မြို့နယ် စလုံးကို သွားရောက်ဖို့ ရှိပြီး သောကြာနေ့မှာ ဖားဆောင်း မြို့နယ်မှာ လူထု ဟောပြောပွဲ လုပ်ဖို့ စီစဉ်ထားပါတယ်။
ကယားပြည်နယ်မှာ လက်ရှိ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ ဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်း တို့လည်း တသီးပုဂ္ဂလ အမတ်တွေ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
BBC Burmese
http://www.bbc.com/burmese

0 comments:
Post a Comment