ကချင်မှာ တိုက်ပွဲပြင်းထန်၊ ရှမ်း SSA၊ တအာင်း TNLA တပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ပွား


 ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
 ကချင်ပြည်နယ် မန်စီမြို့နယ်မှာ အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံ ၂၀၀ လောက်က မိုင်းခေါင်ကျေးရွာ ကယ်ဆယ်ရေးစခန်းမှာ ထွက်ပြေးခိုလှုံနေကြတယ်လို့ သိရပါတယ်။

နှစ်ဘက်တိုက်ပွဲက ပြင်းထန်နေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဂျေဆွမ်း၊ လိုင်ကာနဲ့ မုန်းလူး စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၆၀လောက်ဟာ ထွက်ပြေးလာကြတာဖြစ်တယ်လို့ မိုင်းခေါင်ကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် စစ်ဘေးကယ်ဆယ်ရေးစခန်း တာဝန်ခံ ဦးနော်မိုင်က ပြောပါတယ်။

"အခြေအနေက နှစ်ဘက်စလုံး တင်းမာနေတယ်၊ လက်နက်ကြီးနဲ့ ၂၁ လုံးထုတယ်၊ အခု မိုင်းခေါင်ရွာထိပ်မှာ စစ်တပ်ဘက်က ပစ်တယ်၊ အခုလည်းပစ်နေတုန်းဆိုတော့ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ကျနော်တို့ မသိတော့ဘူး၊ ကျနော်တို့က နေစရာလည်းမရှိ တအားဒုက္ခရောက်နေတာပေါ့၊ စားစရာလည်းမရှိ ပြေးလာတဲ့ လူတွေချည်းပဲဆိုတော့ ချက်ပြုတ်စားမယ့် အနေအထားမှာလည်း တအားခက်ခဲနေပါတယ်၊ အိမ်ထောင်စုကတော့ ၆ဝ လောက်ရှိပါတယ်၊ လူအင်အားက ၂ဝဝ ရှိပါတယ်"

အစိုးရတပ်မတော် ခလရ ၁၅၊ ခလရ ၈၆ တပ်တွေနဲ့ ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂နဲ့ တပ်ရင်း ၂၇ တို့ တိုက်ပွဲဖြစ်နေတာပါ။ အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဖားကန့်ဒေသအခြေစိုက် အစိုးရရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် စကခ-၇ လက်အောက်ခံ တပ်ကြပ်ကြီးတစ်ဦးကို ကေအိုင်အေတပ်ရင်း ၆ တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့လို့ နှစ်ဘက်စစ်ရေးတင်းမာခဲ့ပါတယ်။

ဒါ့အပြင် ဖားကန့်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာလည်း အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေ ဟာ နှစ်ဘက်စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းတပ်ဖွဲ့တွေ မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တွေနဲ့ အစိုးရတပ်တွေဟာလည်း နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment